နေကြာပန်းအတွက် ရေလိုအပ်ချက်

14/12/2017 13:23 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

                သီးနှံပင်များ ရေပေးသွင်းရာတွင် သီးနှံပင်၏ သဘာဝ၊ အမြစ်အနေအထား၊ မြေအခြေအနေ၊ စိုက်ပျိုးချိန် ရာသီဥတုတို့ကို ဆက်စပ်သိရှိရမည်ဖြစ်သဖြင့် သိသင့်သည်များကို ဆက်စပ်ပြီး ဖော်ပြခြင်းဖြစ်ပါသည်။ နေကြာမှာလည်း ရေရရှိမှု၊ အစိုရရှိမှုနှင့် သီးနှံအထွက်မှာ ဆက်စပ်နေသည်။ စနစ်တကျ လိုအပ်ချိန် ရေသွင်းနိုင်လျှင် အထွက်ကောင်းသည်။ မြေအစိုဓာတ်ရရှိအောင် ပြုလုပ်ပေးလျှင် အထွက်ကောင်းသည်။

                 နေကြာသည် အပင်စိုက်ချိန်၊ အပင်ကြီးထွားချိန်၊ အစေ့အဆန်တည့်ချိန်၊ မိုးမှန်မှန်ရလျှင်ဖြစ်စေ၊ ရေသွင်းပေးနိုင်လျှင်ဖြစ်စေ၊ အထွက်ကောင်းသည်။ ပန်းပွင့်ချိန် မိုးများများရွာမှုကြုံလျှင် မျိုးအောင်မြင်မှု နည်းသွား၍ အထွက်နည်းသည်။ ပန်းပွင့်ချိန် အစေ့ရင့်ချိန် အစိုဓာတ် မလုံလောက်ပါက အထွက်နှုန်းနည်းမှုသာမက အဆန်တွင် ဆီပါဝင်မှု နည်းသွားစေသည်။ အပင်ကြီးချိန် ရေများပါက (မိုးရွာသွန်းမှုများပါက) အပင်ရောဂါ ကျနိုင်သည်။ နေကြာပင်၏ အမြစ်သည် မြေတွင်းနက်နက် ထိုးဆင်းသောရေသောက်မြစ်ရှိ၍ နေပူပြင်းချိန် အစိုဓာတ် နည်းသွားသော်လည်း ခံနိုင်သည်။ နေကြာသည် နေပူရှိန်များများရသော အပူချိန်မြင့်မှုတွင် အကောင်းဆုံးဖြစ်ပြီး ရေကို လိုအပ်ချိန် ဖြည့်ပေးနိုင်ပါက အထွက်မှာ သေချာ၊ ရေရာ နေကြာဖြစ်သွားသည်။ သို့မဟုတ်ပါက နေကြာသည် အပင်နိမ့်နိမ့်၊ အပွင့်သေးသေး၊ အဆန်မပါနှင့် မသေချာ မရေရာသော နေကြာဖြစ်သွားပါလိမ့်မည်။

              နေကြာပင်သည် သက်တမ်းတစ်လျှောက် အဖူးဝင်ချိန် ( ကြက်ချေး စုချိန် )မှ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်အထိ ရေလိုအပ်ချက်များ အများဆုံးအချိန်ဖြစ်သည်။

              မြေမှာလည်း အောက်ခံမြေရေစီးဆင်းမှု ကောင်းသောမြေ၊ မြေအစိုဓာတ် ထိန်းနိုင်သောမြေ သဲနှုန်းမြေတွင် စိုက်ကြရသည်။ မြေပြင်ရာတွင်လည်း ရေစိမ့်ဝင်နိုင်ရန် ထယ်ရေးနက်နက်ထိုးမှ ရေစိမ့်အားကောင်းပြီး သွင်းရေအကျိုးခံစားကြရသည်။ မြေတွင်းအစိုဓာတ် သုံးပေခန့်အထိ ရှိသင့်သည်။ ဆောင်းစိုက်နေကြာတွင် မြေအစို မဆုပ်ခင် အပင်ပေါက်ကောင်းရန် စိုက်ရပြီး ပွင့်အုံအဖူးစချိန်တွင် ရေသွင်းပေးရသည်။ ရေသွင်းမှုနှင့် ရေမသွင်းနိုင်မှုအပေါ် အထွက်မှာ သိသာစွာ တုံ့ပြန်မှုရှိသည့် သီးနှံဖြစ်သည်။ နေကြာသည် နှမ်းကဲ့သို့ ပင်စည်အခေါင်းပါ၊ ဖော့ရိုးကပ်ဖြစ်၍ ရေဝပ်ဒဏ်ကို လုံးဝ မခံနိုင်။ ထိုကြောင့် ရေသွင်းလျှင် ရေမများရန် မြေကြီးအစိုဓာတ်ဟပ်ရုံ မြေစိုရံ၊ မြေကြီးအရောင် မဲရုံသာ ရေမဝပ်အောင်ဂရုပြုရေသွင်းရသည်။

               ရေသွင်း၊ ရေသွင်း ကောင်းရန် ရေထုတ်မြောင်း၊ ရေသွင်းမြောင်းနှင့် ရေသွင်းကြရသည်။ စိုက်ခင်းတွင် အတန်းလိုက်စိုက်ပြီး ရေမြောင်းများ အနစ်တကျ ရှိရသည်။ ရေမြောင်းတစ်ခုနှင့်တစ်ခု ကြားမြေအစိုထိရန်၊ မြောင်းကြားအကွာဝေးထားရှိကြရသည်။ သို့ရာတွင် နေကြာစိုက်မည့် မြေအမျိုးအစားနှင့် စိုက်ပျိုးမည့် မျိုးပေါ်မှုတည်နေပြန်ပါသည်။ စိုက်ခင်းအတွင်းသို့ ရေကို အပြန့်လိုက်မြောင်းအရှိဘဲ ရေသွင်းပါက နေကြာပင်၏ အမြင့်နှင့် မြေကြီးထဲရှိ အမြစ်အနေအထားပေါ်မှုတည်ပြီး အပင်ယိုင်လဲ ဆုံးရှုံးတတ်သည်။ ရေစီးရေထုတ်ကောင်းမှ ရေဝပ်ဒဏ်မခံနိုင်ဘဲ အထွက်ကောင်းပါသည်။

               အမှန်တကယ် ရေလိုချိန်သည် ပွင့်ဖူးဝင်ချိန်မှ ပန်းပွင့်ချိန် ကာလဖြစ်သည်။ လုံးဝအစိုဓာတ်၊ ရေဓာတ်ပြတ်၍ မဖြစ်ပါ။ အထွက်ကောင်းလိုလျှင် ပွင့်ဖူးချိန်မှ ပန်းပွင့်ချိန်တွင် မဖြစ်ဖြစ်အောင် ရေသွင်းပေးရသည်။ လိုအပ်သော ရေပမာဏမှာ စိုက်ချိန်တွင်ရှိသော ရာသီဥတုနှင့် စိုက်သည့် မြေပေါ်မှုတည်နေပြန်သည်။ အပင်ရင့်မှည့်ချိန်အထိ ရေမငတ်၊ အစိုလည်းမပြတ်၊ ရေအစိုလုံလောက်မှုရှိလျှင် အထွက်ကောင်းသည်။ အပင်ပေါက်မှု၊ အဖူးဖူးမှု၊ ပန်းပွင့်မှု၊ အစေ့အဆန်ဖြစ်မှုတို့သည် အစိုဓာတ်ကောင်းကောင်းရလျှင် ဖွံ့ဖြိုးကြီးထွား၍ ရေပေးမှု အထူးဂရုပြု ဆောင်ရွက်ကြရသော သီးနှံဖြစ်သည်။ သီးနှံအများစုသည် စိုက်ချိန်အပင်ပေါက်ရေနှင့်ပန်းပွင့်ချိန် အစေ့အဆန်တွင် ရေများလိုအပ်ချိန်များ ဂရုပြုပေးပါ။ အဖူး (၇၅) ရာခိုင်နှုန်း အဖူးဝင်ချိန်၊  အပွင့် (၇၅) ရာခိုင်နှုန်း ဖြိုင်ဖြိုင်ပွင့်ချိန်တို့တွင် ရေတစ်ကြိမ်သွင်းပေးပါ။ အစိုဓာတ် နည်းခြင်းသည် အထွက်နည်းမှုသာမက ဆီပါဝင်မှုကိုပါ နည်းသွားစေသည်။ နေကြာပင်သက်တမ်းတစ်လျောက် ရေလိုအပ်မှုကို ကြည့်ပါက အပင်ပေါက်သည်မှ အဖူးကပ်သည်အထိ ရေ (၂၅) ရာခိုင်နှုန်းလိုသည်။ အဖူးဖူးပြီး အပွင့်ပွင့်အစေ့ထည့်ပြီးသည်အထိ ရေ (၇၅) ရာခိုင်းနှုန်း လိုသည်။ ဖူးချိန် ပွင့်ချိန်မှာ ရေလိုအပ်ချိန်ဖြစ်သည်။

               စပ်မျိုးနေကြာသည် တစ်ဧက တင်း(၆၀) ကျော်ထွက်ပြီး ဆီထွက်ရာခိုင်နှုန်းလည်းကောင်းသဖြင့် အစိုဓာတ် ထိန်းနိုင်သော နုံးဆန်မြေ၊ သဲနုံးမြေ၊ မြေကောင်းရေကောင်းတွင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်လျှင် အထွက်များစွာကောင်းသည်။ နေကြာစိုက်လျှင် စပ်မျိုးနေကြာကို မျိုးပြောင်းလဲပြီး ရေနှင့် မြေအစိုလိုအပ်ချိန်တွင် ရေသွင်းစိုက်သင့်ပါသည်။ ရေမဝပ်အောင်လည်း ဂရုပြုကြရပါမည်။

 

ကိုရဲ (စိုက်ပျိုးရေး)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်