ဆရာဉာဏ်။ ။ ကိုအောင်ရေ၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာ “မြေယာမူဝါဒ” ဆိုတာများ ပြဌာန်းထားတာ ရှိသလားဗျာ။ ကိုအောင်။ ။ ရှိပါတယ်ဆရာ။ အမျိုးသားမြေအသုံးချမှုမူဝါဒ (National Land Use Policy) ကို ၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ (၂၆) ရက်မှာ ပြဌာန်းအတည်ပြုခဲ့ပါတယ်။
ဆရာဉာဏ်။ ။ ဒါဆိုရင် ဦးသိန်းစိန်အစိုးရ မဆင်းခင်လေးတင်ဘဲ ပြဌာန်းခဲ့တာပဲ။ အဲဒီခေတ်က လွှတ်တော်တွေက ရေးဆွဲပေး ခဲ့တာထင်တယ်။
ကိုအောင်။ ။ မဟုတ်ပါဘူးဆရာ။ သစ်တောရေးရာဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့တာပါ။ နိုင်ငံခြားသားပညာရှင်(၆) ယောက် ပါဝင်ကူညီရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းပညာရှင်တွေလည်း ပါဝင်ပါတယ်။ မြေယာမူဝါဒပထမဆုံးမူကြမ်းကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာလက အင်တာနက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီမူဝါဒထွက်လာတော့ အဓိကအကျိုးသက်ဆိုင်သူ တောင်သူလယ်သမားတွေအတွက် ရေးထားတာမဟုတ်ဘူး။ အာဏာပိုင်တွေနဲ့ ကုမ္ပဏီတွေပေါင်းပြီး မြေတွေကိုဘယ်လိုအသုံး ပြုကြမယ်လို့ ဖေါ်ပြထားတဲ့မူဝါဒဆိုပြီး ဝေဖန်မှုတွေ အများကြီးပေါ်ထွက်ခဲ့ပါတယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ပြည်တွင်းပညာရှင်တစ် ယောက်ပြောတာကတော့ သူတို့ထည့်သွင်းချင်တဲ့ လုပ်ကွက်ငယ် တောင်သူလယ်သမားတွေကောင်းဖို့ အကြံဉာဏ်တွေ ထည့်သွင်း ခွင့်မရခဲ့ဘူး။ သူတို့ကို ပါဝင်တယ်ဆိုယုံလောက်ပဲ အစိုးရကအသုံးချခဲ့တယ်လို့ ပြန်ပြောပြပါတယ်။
ဆရာဉာဏ်။ ။ ၂၀၁၆ခုနှစ်မှာ အတည်ပြုခဲ့တယ်ဆိုတော့ လယ်ယာမြေနဲ့ပက်သက်တဲ့ဥပဒေတွေကို အရင်ရေးဆွဲခဲ့ပြီး မူဝါဒကို နောက်ဆုံးမှ ရေးတာဆိုတော့ ပြောင်းပြန်ဖြစ်နေတယ်ဗျ။ မြေယာမူဝါဒကို အရင်ဆုံးရေးဆွဲရမယ်။ နောက်မှ မူဝါဒရဲ့လမ်းညွှန်မှုနဲ့ ကိုက်ညီတဲ့ လယ်ယာမြေနဲ့သက်ဆိုင်တဲ့ ဥပဒေတွေကို ရေးရမယ်လေ။ သဘောတရားအရဆိုရရင် “Policy is Set of Guidlines” လို့ဆိုထားတာကိုးဗျ။ မြေယာမူဝါဒဟာ လယ်ယာမြေနဲ့သက်ဆိုင်တဲ့ဥပဒေတွေနဲ့ လယ်ယာမြေနဲ့ပတ်သက်တဲ့ လုပ် ဆောင်ဖွယ်ရာတွေကို လမ်းညွှန်သမှုပြုနေရမှာ ဖြစ်ပါတယ်။
ကိုအောင်။ ။ ဆရာရဲ့ဝေဖန်ချက်ကြားရတာ အရသာရှိလိုက်တာဆရာရယ်။ ကျနော်မြင်တဲ့နောက်တစ်ချက်က မူဝါဒရဲ့အမည် ပေးထားတာက အမျိုးသားမြေအသုံးချမှု မူဝါဒဆိုတော့ တောင်သူလယ်သမားတွေကို မြေအသုံးချခွင့်ပဲပေးတယ်။ ပိုင်ဆိုင်ခွင့်မ ပေးဘူးဆိုတဲ့သဘောပါပဲ။ မူဝါဒရဲ့ နိဒါန်းပိုင်းမှာလဲ နိုင်ငံတော်သည် နိုင်ငံတော်အတွင်းရှိမြေအားလုံး၏ပင်ရင်းပိုင်ရှင်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၇) ကို ရည်ညွှန်းထားပါတယ်။
ဆရာဉာဏ်။ ။ ကျွန်တော်ဖတ်ဖူးတဲ့ ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) က ရေးဆွဲထားတဲ့ မြေယာမူဝါဒမှာ မြေတွေကို တိုင်းရင်းသား ပြည်သူလူထုကပိုင်တယ်လို့ ဆိုထားတာနဲ့ ဦးသိန်းစိန်အစိုးရရေးဆွဲခဲ့တဲ့ နိုင်ငံတော်က ပိုင်တယ်ဆိုတာကတော့ သိပ် မထူးပါဘူး။ အတူတူပါပဲ။ နိုင်ငံတော်ဆိုတာ ပြည်သူတစ်ရပ်လုံးလို့ အဓိပ္ပါယ်ရတာကိုးဗျ။ ဒါပေမယ့် ကေအဲန်ယူမြေယာ မူဝါဒမှာ၊ ထူးခြားတာက မြေတွေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး ဆိုတဲ့အခွင့်အရေးတွေအပြင် မြေအကန့်အသတ်နဲ့ မြေယာပိုင်ဆိုင်ခွင့် ပေးထားတာကို တွေ့ရတယ်။ မိရိုးဖလာမြေ၊ ဓါးမဦးချမြေတွေကိုလည်း ပိုင်ဆိုင်ခွင့်ပြုထားတာ တွေ့ရတယ်ဗျ။
ကိုအောင်။ ။ ဦးသိန်းစိန်အစိုးရဆွဲခဲ့တဲ့ မူဝါဒမှာတော့ ပြည်သူတွေကို မြေပိုင်ဆိုင်ခွင့်လို့မသုံးဘဲ မြေလုပ်ပိုင်ခွင့်ဆိုတဲ့စကား ကို စာအုပ်တစ်အုပ်လုံးမှာ သတိကြီးကြီးနဲ့ သုံးထားတာကို တွေ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အ ပိုဒ်(၁၇) မှာ လူသားတွေဟာ ဥစ္စာပစ္စည်းတွေကို ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုထားတာနဲ့ လွဲချော်နေပါတယ်။ တကယ်တော့ လူ့အခွင့် အရေးစံချိန်စံနူန်းတွေနဲ့အညီ မြေယာမူဝါဒမှာ ပြည်သူလူထုရဲ့ မြေယာပိုင်ဆိုင်မှုအခွင့်အရေးကို သတ္တိရှိရှိပြဌာန်းပေးသင့်ပါတယ်။ စာရွက်စာတမ်း အထောက်အထားမရှိတဲ့ ဓါးမဦးချလယ်ယာမြေတွေရဲ့ မြေလုပ်ပိုင်ခွင့်ကို တရားဝင်ဖြစ်အောင် ဥပဒေနဲ့အညီ မှတ် ပုံတင်ပေးမယ်လို့တော့ ဓါးမဦးချလယ်ယာမြေတွေကို အသိအမှတ်ပြု ဆိုလာပါတယ်။
ဆရာဉာဏ်။` ။ မြေယာမူဝါဒဆိုတာ လုပ်ကွက်ငယ်တောင်သူလယ်သမားတွေနဲ့ မြေမဲ့ယာမဲ့တွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်ရမယ် ဗျ။
ကိုအောင်။ ။ အခုပြဌာန်းလိုက်တဲ့ မြေယာမူဝါဒအဆင့်ရောက်ဖို့တောင် (၆) ကြိမ်တိုင်တိုင် အကြိမ်ကြိမ်ပြင်ဆင်ပြီးမှ ရောက် လာတာဆရာရေ။ မြေနဲ့သဘာဝအရင်းအမြစ်တွေသုံးစွဲဖို့ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ လုပ်ကွက်ငယ်တောင်သူလယ်သမားတွေ ကို ပူးပေါင်းပါဝင်ခွင့်ပြုမယ်လို့ ဆိုထားပါတယ်။ မြေမဲ့ယာမဲ့ဆိုတဲ့စကားရပ်ကို မြေယာမူဝါဒမှာ(၃)နေရာတောင် သုံးထားပါတယ်။ မြေမဲ့ယာမဲ့တွေအတွက် မြေတွေကိုခွဲဝေချထားပေးမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ပြဿနာက ဒါတွေကို အကောင် အထည် ဖေါ်နိုင်ဖို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေက လိုအပ်နေပါသေးတယ်။
ဆရာညဏ်။ ။ ဒါဆိုရင်တော့ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေတွေနဲ့ ဒီမြေယာမူဝါဒကို အကောင်အထည်ဖေါ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီဥပဒေတွေမှာ လုပ်ကွက်ငယ်တောင်သူလယ်သမားတွေကို ဘယ်လိုလုပ်ပေး မယ်။ မြေမဲ့ယာမဲ့တွေကို မြေတွေရအောင် ဘယ်လိုလုပ်ပေးမယ်ဆိုတာ ပြဌာန်းမှု မပါဝင်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ မြေ ယာပြုပြင်ပြောင်းလဲရေး လုပ်သင့်နေပြီဗျ။ မြေယာပြုပြင်ပြောင်းလဲရေးဆိုတာ လုပ်ကွက်ငယ် တောင်သူလယ်သမားတွေ ကောင်း စားဖို့တင်မကဘူး။ မြေမဲ့ယာမဲ့တွေကို မြေတွေရအောင်ဖန်တီးပေးပြီး တိုင်းပြည်စီးပွားရေးအခင်းအကျင်းထဲကို မြေမဲ့ယာမဲ့ တွေကို ဆွဲထည့်ရမယ်ဗျ။ နိုင်ငံရပ်ခြားကို အလုပ်ထွက်လုပ်နေတဲ့ ကျွန်တော်တို့လူမျိုးက ခြောက်သန်းခွဲတောင်ရှိနေတယ်။ သူတို့ကို ပြန်မခေါ်နိုင်ရင် တိုင်းပြည်ရဲ့အလုပ်အင်အားစုတွေ တိုင်းတစ်ပါးကိုစီးထွက်နေတာ ကျွန်တော်တို့ဆက်ခံနေရဦးမှာဘဲ။ စက်မှုနိုင်ငံ ဖြစ်ချင်ရင် အခြေခံအားဖြင့် စိုက်ပျိုးရေးကဏ္ဍအောင်မြင်မှ စက်မှုနိုင်ငံတည်ဆောက်လို့ရတယ်ဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်း လင်း နားလည်ထားရမယ်။
ကိုအောင်။ ။ ဆရာပြောတာတွေ လက်တွေ့အကောင်အထည်ဖေါ်နိုင်ဖို့ဆိုရင် လက်တွေ့ကျတဲ့ ထီးရိပ်ဥပဒေတစ်ခုကို အကျိုး သက်ဆိုင်သူတွေအားလုံးပါဝင်ပြီး ရေးဆွဲဦးမယ်လို့ မြေယာမူဝါဒက ဆိုထားပါတယ်။ အမျိုးသားမြေဥပဒေလို့ခေါ်ပါတယ်။ ပြဌာန်း ပြီးသားဥပဒေတွေကိုလဲ သဟဇာတဖြစ်စေရမယ်လို့ မူဝါဒကဆိုထားပြန်ပါတယ်။ ဦးသိန်းစိန်အစိုးခေတ်မှာရေးဆွဲခဲ့တဲ့ လယ်ယာ မြေနဲ့ပတ်သက်တဲ့ ဥပဒေတွေကတော့ လုပ်ကွက်ငယ်တောင်သူလယ်သမားတွေနဲ့ မြေမဲ့ယာမဲ့တွေအတွက် ဘာမှအားကိုးရာမရှိဘူး လို့ ပြောနိုင်ပါတယ်။ ပြည်တွင်းပြည်ပကုမ္ပဏီတွေကို ရင်းနှီးမြုပ်နှံလို့ကောင်းအောင် ရေးထားတာပါဘဲ။ ဒီလိုပြောလို့ ကုမ္ပဏီတွေ ရဲ့ မြေယာတွေအပေါ်မှာ ရင်းနှီးမြုပ်နှံပိုင်ဆိုင်မှုတွေ မရှိရဘူးလို့ ကျွန်တော်ဆိုလိုနေတာ မဟုတ်ပါဘူး။ မြေဒီလောက်ပေါနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ အားလုံးအတွက် မျှမျှတတသတ်မှတ်ရမယ်ဆိုတာ ပြောနေတာပါ။
ဆရာဉာဏ်။ ။ ခင်ဗျားပြောသလိုဆိုရင် အရင်ပြဌာန်းထားခဲ့တဲ့ လယ်ယာမြေဥပဒေတွေကို ပြင်ရင်လဲပြင်၊ ဖျက်ပြီးအသစ်ရေး ရင်လဲရေးပေါ့။ အရင်ဥပဒေတွေက တခုနဲ့တခုသဟဇာတဖြစ်ဖို့ဆိုရင် ဥပဒေချင်း ပဋိပက္ခဖြစ်နေတာတွေတောင်ရှိတယ်။ မလိုအပ် ဘဲ ဇာချဲ့ထားသလိုမျိုးတွေလဲရှိတယ်။ ဥပမာဗျာ- မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေဆိုတာ သီးသန့်ပြဌာန်းနေစရာမလိုပါဘူး။ လယ်ယာမြေဥပဒေထဲမှာ တစ်ခန်းတစ်ကဏ္ဍအဖြစ် ထည့်သွင်းရေးဆွဲလိုက်ရင်ပြီးတာပါပဲ။ အကျိုးသက်ဆိုင်သူအားလုံးရဲ့ မြေယာ ပိုင်ဆိုင်မှုအခွင့်အရေးတွေကို အာမခံနိုင်တဲ့ အမျိုးသားမြေဥပဒေတစ်ခု အခုလွှတ်တော်အသစ်က ရေးဆွဲပေးသင့်ပြီလို့ ကျွန်တော်က တော့ ယူဆသဗျာ။ မြေယာမူဝါဒမှာဆိုထားတဲ့ “မြေလုပ်ပိုင်ခွင့်”ဆိုတဲ့စကားရပ်အစား “မြေပိုင်ဆိုင်ဆိုင်ခွင့်” ဆိုတဲ့စကားရပ်နဲ့ အစားထိုးနိုင်ဖို့ မြေယာမူဝါဒက ပြင်ဖို့တော့လွယ်ရဲ့လား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလို လွှတ်တော်ထဲကနေ ပြင်မရအောင် ရေးဆွဲထားသလို ဖြစ်နေဦးမယ်။
ကိုအောင်။ ။ ထီးရိပ်ဥပဒေဖြစ်တဲ့ အမျိုးသားမြေဥပဒေကို အခုလွှတ်တော်အသစ်က ရေးဆွဲသင့်ပြီဆိုတာ မှန်ပါတယ်။ ဒါပေ မယ့်၊ တစ်ခုသတိထားဖို့လိုတာက အရင်အစိုးရတွေလို သူတို့ဘာသာဥပဒေကိုရေး သူတို့ဘာသာပြဌာန်းအတည်ပြုဆိုတဲ့ လမ်း ဟောင်းကြီးကို ဆက်မလျှောက်ဖို့တော့ လိုပါတယ်။ အခုအစိုးရနဲ့လွှတ်တော်ဟာ ပြည်သူကရွေးချယ်တင်မြှောက်တာနဲ့အညီ အဓိက အကျိုးသက်ဆိုင်တဲ့ တောင်သူလယ်သမားတွေ တိုင်းရင်းသားလူမျိုးစုတွေနဲ့ အကျေအလည်တိုင်ပင်ဆွေးနွေးတဲ့ ဆန္ဒခံယူမှုတွေ ပြည့်စုံအောင်လုပ်သင့်ပါတယ်။ မြေယာမူဝါဒကို အနည်းဆုံး(၅)နှစ် တကြိမ် လိုအပ်သလို ပြင်ဆင်နိုင်တယ်လို့ ပြဌာန်းထားတော့ ပြင်လို့ရပါတယ်။ စိတ်ပူစရာမလိုပါဘူးဆရာ။
ဆရာဉာဏ်။ ။ ခင်ဗျားပြောတဲ့စကားထဲမှာ တိုင်းရင်းသားလူမျိုးစုတွေကို တိုင်ပင်ပြီး ဥပဒေရေးသင့်တယ်လို့ ပါလာတော့ တိုင်း ရင်းသားတွေရဲ့ ရိုးရာဓလေ့ဖြစ်နေတဲ့ ရွှေ့ပြောင်းတောင်ယာတွေနဲ့ပတ်သက်ပြီး မြေယာမူဝါဒက ဘယ်လိုများပြဌာန်းထားသလဲ။
ကိုအောင်။ ။ ရွှေ့ပြောင်းတောင်ယာတွေကို အကာအကွယ်ပေးရမယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် ဘယ်လိုအကာအကွယ် ပေးမယ်ဆိုတာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲပြဌာန်းဖို့ လိုနေသေးတယ်။ ဒေသရဲ့ဓလေ့ထုံးတမ်းအရ မြေလုပ်ပိုင်ခွင့် တွေ ကို အသိအမှတ်ပြုရမယ်။ ကာကွယ်ပေးရမယ်လို့ ဆိုထားတော့ အရင်က လုံးလုံးအသိအမှတ်မပြုတာစာရင် ပိုကောင်းလာ တယ်လို့ တော့ပြောရင် ရပါလိမ့်မယ်။ ဒီတိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှုအခွင့်အရေးကလည်း ကျွန်တော်တို့နိုင်ငံမှာ သိပ်အရေးကြီး ပါတယ်။ ဒါသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအထိ တာသွားနေပါတယ်။ တကယ်တော့ အမျိုးသား မြေဥပဒေဟာ ပြည် ထောင်စုအဝှမ်းကို လွှမ်းခြုံရေးဆွဲသင့်သလို ပထဝီဝင်တွေ ယဉ်ကျေးမှုတွေမတူညီတဲ့ ပြည်နယ်တွေဖြစ်နေတဲ့အတွက် ပြည်နယ်/ တိုင်းဒေသကြီး လယ်ယာမြေဥပဒေတွေကို ဆိုင်ရာလွှတ်တော်၊ အစိုးရတွေက ရေးဆွဲပြဌာန်းသင့်ပါတယ်။
ဆရာဉာဏ်။ ။ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ ကိုယ်ပိုင်လယ်ယာမြေဥပဒေတွေဟာ မြေယာမူဝါဒနဲ့ အမျိုးသားမြေဥပဒေကို မဆန့်ကျင်ဘဲ ရေးဆွဲပြဌာန်းရမယ်ဆိုတာ သဘောတရားအရ မှန်ပါတယ်။ လက်တွေ့မှာကတော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နိုင်ချေ မရှိသေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေကို ကိုယ်ပိုင်လယ်ယာမြေဥပဒေတွေ ရေး ဆွဲဖို့ ခွင့်ပြုမထားပါဘူး။ ၂၀၀၈ ကိုပြင်နိုင်ပြီး တကယ့်ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာပြီဆိုရင် ဖြစ်နိုင်ပါတယ်။ လက်ရှိမြေယာ မူဝါဒဟာ လိုအပ်ချက်တွေရှိနေပေမယ့် အပြုသဘောဘက်ကို ရှေးရှု့နေတဲ့အတွက် အကောင်းဘက်ကိုဦးတည်ပါတယ်။ တောင်သူ လယ်သမားငယ်တွေကို ဦးစားပေးတဲ့ “စိုက်ပျိုးရေးမူဝါဒ” တို့ ကိုယ့်စိုက်တဲ့သီးနှံကို ပွဲရုံပွဲစားတွေအားမကိုးရဘဲ ပြည်တွင်းပြည်ပ အထိ တိုက်ရိုက်ကိုယ့်ဘာသာရောင်းချနိုင်တဲ့ “ဈေးကွက်မူဝါဒ” တို့လည်း ရေးဆွဲဖို့လိုနေသေးတယ်ဆိုတာ အကြံကောင်းပြုလိုက် ရပါတယ်ဗျာ။
ကိုအောင်ကျော်ကျော်