ကဲ ပုံပါပြီ ပုံပါပြီ။ ဘယ်လိုတွေတောင်ပုံကြမလဲဆိုတာကို ဆက်ပြီးတော့ ကြည့်ကြပါဦး။
အဆင့် (၁) နေရာပြင်ဆင်ခြင်း။ ။ ကိုယ့်မြေဆွေးပုံကို ဘယ်နေရာမှာ ပုံမလဲဆိုတာကို တွေးပြီးတော့ ပုံရမှာပါ။ ရေကြီးရေဝင်တတ်တဲ့နေရာ မဖြစ်ရဘူး။ မာတဲ့မြေသားအောက်ခံ (ကွန်ကရစ်) တွေထက်စာရင် နည်းနည်းလက်တွေ့ကျတဲ့ မြေသားတွေက ပိုကောင်းတယ်ဆိုတာကို သတိထားရပါမယ်နော်။
အဆင့် (၂) ပစ္စည်းတွေ စုဆောင်းခြင်း။ ။ စုထားဆောင်းထားသင့် စုဆောင်းထားနိုင်တဲ့ပစ္စည်းတွေကို ပြောပြထားပြီးပြီဆိုတော့ အကြမ်းလောက်တော့ ထပ်ပြောပေးပါမယ်။
• အစိမ်းရောင် အပင်ထွက်ပစ္စည်းတွေအားလုံး (မြေဆွေးပုံမှာဆိုရင် (၅၀) ရာခိုင်နှုန်း)
• ကာဗွန်ပါဝင်မှုများတဲ့ ပစ္စည်းတွေက ((၂၀)ကနေ (၃၀) ရာခိုင်နှုန်း)၊ တစ်ချို့ကတော့ စပါးခွံတွေကို ထည့်သုံးကြတယ်။ မများဖို့တော့ သတိထားရပါမယ်။
• နွားချေး၊ ကြက်ချေးလို တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကလည်း (၂၀) ကနေ (၃၀) ရာခိုင်နှုန်း စုထားပါ။
• အစိမ်းရောင်ပစ္စည်းတွေကတော့ ကာဗွန်နဲ့ နိုက်ထရိုဂျင်ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်ပါတယ်။ ကောက်ရိုးဆိုရင် ကာဗွန်အများကြီးပါတယ်။ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေဆိုရင် နိုက်ထရိုဂျင်နဲ့ ဘက်တီးရီးယားတွေအတွက် အစားအစာတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
အဆင့် (၃) မြေဆွေး ပုံတဲ့အဆင့်ပါ။
၁) အလွှာတိုင်းအတွက် အထူကတော့ ၁၅-၂၅ စင်တီမီတာ (၅ လက်မ ကနေ ၉ လက်မ) ရှိသင့်ပါတယ်။ လေပေါက်အတွက် ဝါးလုံးအတုတ်ကြီးကြီး (၂)လုံးကို ထောင်ထားပေးပါ။ လေဝင်ပေါက်အတွက်လုပ်ပေးတာပါ။
၂) ပထမဆုံးကြမ်းခင်းအတွက် အလွှာကတော့ နည်းနည်းမာတဲ့ သစ်သားဆန်တဲ့ ပစ္စည်းတွေကိုထည့်ရမှာဖြစ်ပါတယ်။ တုတ်ချောင်းလေးတွေ အကိုင်းအခက်လေးသေးသေးတွေ ဖြစ်ပြီးတော့ လေဝင်လေထွက်နဲ့ ရေစစ်ဖို့အတွက်ကို ထားပေးရတာဖြစ်ပါတယ်။
၃) နောက်တစ်လွှာကတော့ ကောက်ရိုးတွေ၊ စပါးခွံတွေလို ကာဗွန်များများပါတဲ့ အရာတွေကို ထည့်ပေးရမှာဖြစ်ပါတယ်။
၄) နောက်တစ်လွှာကတော့ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေ (အစို) ကို ထည့်ပေးရမှာဖြစ်ပါတယ်။
၅) နောက်ထပ်ကတော့ လွယ်လွယ်ဆွေးနိုင်တဲ့ပစ္စည်းတွေကို ထည့်ရမှာဖြစ်ပါတယ်။ မြက်စိမ်း၊ အရွက်၊ ဟင်းသီးဟင်းရွက်စွန့်ပစ္စည်းတွေကို ထည့်ပေးရမှာဖြစ်ပါတယ်။
၆) ပြာတွေ (ပမာဏနည်းနည်း)ကို ဖြူးပေးပေါ။ ကျင်ငယ်ရေကိုလည်း နည်းနည်းလိုက်ဖြန်းပေးရမှာပါ။ ဆွေးတဲ့ဖြစ်စဉ်ကိုမြန်အောင်လို့ ထည့်ပေးတာပါ။
၇) ကဲ အလွှာတွေကလည်း ပြည့်နေပြီ။ ပြီးတော့ ပစ္စည်းတွေကလည်း ကျန်နေသေးတယ်ဆိုရင် အစကနေ အလွှာလိုက် ပြန်ပြီးတော့ ပြန်စီပါ။ ပြန်လုပ်ပါ။
၈) အရမ်းမဖိမိဖို့ကို သတိထားရမှာပါ။ အလွှာတွေကို သေချာအောင် လုပ်ထားပေးဖို့တော့လိုပါတယ်။ အပူတွေ လွှတ်ထွက်သွားတာဖြစ်ဖြစ်၊ လေမဝင်တော့တာဖြစ်ဖြစ် ဖြစ်တတ်တာကြောင့်ပါ။ စထောင်ထားတဲ့ လေဝင်ပေါက်ကိုလည်း မပိတ်အောင် သတိထားပေးရမှာဖြစ်ပါတယ် အရပ်ကတို့။
အဆင့် (၄) ရေလောင်းပေးခြင်း။ ။ မြေဆွေးပုံပြီးရင်တော့ ရေကို မြေဆွေးပုံတစ်ပုံလုံးအတွက် လုံလောက်နေအောင် ဖြန်းပေးဖို့လိုပါတယ်။
အဆင့် (၅) ဖုံးအုပ်ခြင်း။ ။ မြေဆွေးပုံကို ရေလောင်းလို့လည်း ပြီးသွားပြီဆိုရင်တော့ မြက်တွေနဲ့ လုံနေအောင် ပြန်ဖုံးပေးထားရမှာဖြစ်ပါတယ်။
အထောက်အကူပစ္စည်းတွေကို သုံးစွဲခြင်း
တစ်ချို့ စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီတွေက မြေဆွေးကိုမြန်မြန်ဆွေးစေတယ်ဆိုပြီး ရောင်းချတဲ့ ပစ္စည်းတွေရှိပါတယ်။ ထရိုင်ကိုဒါးမားမှိုတွေ၊ အီးအမ်လိုမျိုး ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေသုံးဖို့အတွက် စဉ်းစားစရာ ကွဲလွဲမှုတော့ ရှိပါတယ်။ သဘာဝအတိုင်းဆွေးအောင် သဘာဝကနေပြီး ဘက်တီးရီးယားတွေကို စုတာပါပဲ။ ဒါဆို ထပ်ထည့်ဖို့အတွက် ပိုက်ဆံကုန်ခံမလားဆိုတဲ့ တစ်ချက်ရယ်။ ငါ့မြေဆွေးမှာတော့ ဘက်တီးရီးယားတွေ အများကြီးပါပြီးတော့ မြန်အောင်လို့ ထည့်မယ်ဆိုတဲ့တစ်ချက်ပဲ ဖြစ်ပါတယ်။
ကဲ တွေးပြီးရင်တော့ ဆက်ပြီးတော့ လုပ်ကြမယ်။ ထည့်တာ မထည့်တာကတော့ ကိုယ့်ဆုံးဖြတ်ချက်ပါပဲ။
လေဝင်လေထွက်ကို ကြည့်ရမယ်။ လေရှိဆွေးမြေ့ခြင်းက အကောင်းဆုံးလို့ပြောထားတာမို့ လေရှိနေတာသေချာအောင်လို့ လုပ်ပေးရမှာဖြစ်ပါတယ်။. လေရှိတာသေချာအောင် ပန်ကာဖွင့်ပေးရမလားဆိုတော့ မဟုတ်ရပါဘူးနော်။ မြေဆွေးပုံကို လှန်ပေးနိုင်ပါတယ်။ မြေပုံကို လှန်ပေးရင်တော့
၁) မြေဆွေးပုံကို လှန်ပေးတာက ပေါင်းစေ့တွေ၊ ခိုအောင်းနေထိုင်နေကြတဲ့ အင်းဆက်ပိုးမွှားတွေ၊ ရောဂါဖြစ်စေနိုင်တဲ့ အကောင်ပလောင်တွေကိုလည်း ဖျက်စီးပစ်နိုင်ပါတယ်။
၂) အနံ့ဆိုးတွေရှိနေတယ်ဆိုရင်လည်း ကောင်းသွားအောင် ပြန်လုပ်ပေးနိုင်ပါတယ်။ အနံ့ဆိုးတွေဆိုတာကလည်း မြေဆွေးပုံမှာ ထည့်ထားတဲ့ပစ္စည်းတွေက မညီမျှတဲ့အခါမှာ ထွက်တတ်တာပါ။ အဲ့တော့ နည်းနည်းချဉ်စုတ်စုတ်ထွက်တတ်တဲ့ အနံ့တွေကို ရနေတာကိုလည်း သက်သာစေပါတယ်။
၃) မြေဆွေးပုံက ဆွေးကျနေတာဆိုတော့ အကုန်လုံးမဆွေးခင်မှာ ကြားထဲမှာ လေဟာနယ် ကွက်လပ်ကလေးတွေ ဖြစ်တတ်ပါတယ်။ အဲ့လို ကွက်လပ်တွေ လေဟာနယ်တွေကို ဖြစ်နေရင်လည်း မြေဆွေးပုံကို လှန်လိုက်တဲ့အချိန်မှာ အဲ့ဒါတွေပျောက်သွားပါတယ်။ မြေလှန်တာ က (၃) ပတ်လောက်ကြာတာနဲ့ တင်စပြီးတော့လှန်ပေးဖို့ လုပ်ထားနိုင်ပါတယ်။ (၃)ပတ်ခြား တစ်ခါ လှန်ပေးနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
အစိုဓာတ်ကို ထိန်းထားပေးဖို့လည်း လိုအပ်ပါတယ်။ အစိုဓာတ်ရှိနေမှ မြေကဆက်တိုက်ကိုဆွေးနေတာဖြစ်ပါတယ်။ အစိုဓာတ်က (၄၀)ကနေ (၆၀)ရာခိုင်နှုန်း ရှိကိုရှိနေရမှာဖြစ်ပါတယ်။ မရှိဘူးဆိုရင် မြေဆွေးပုံကိုလှန်တဲ့အချိန်မှာ လောင်းပေးလို့ရပါတယ်။ အရမ်းစိုနေဖို့ မလိုပါဘူး။ မြေကြီးပါနေတယ်ဆိုရင်တော့ မြေကြီးကို ယူပြီးတော့ လုံးကြည့်ပါ။ လောက်စာလုံး လုံးလိုက်လို့ ရေလည်းမထွက်ဘူး လုံးလို့လည်းရတယ်ဆိုရင်တော့ မြေက အစိုဓာတ်ရှိတယ်ဆိုတာကို သိရမှာပါ။ အဲ့အခြေအနေက အဆင်ပြေပါတယ်။ (၁)ပတ်ကို (၂)ခါလောက်ရေလောင်းပေးတယ် ဆိုရင်တော့ အစိုဓာတ်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ အရမ်းပူတယ်ဆိုရင် အစိုဓာတ်ကို ထိန်းထားနိုင်ဖို့အတွက် ငှက်ပျောရွက်၊ မြက်၊ ရွံ စတာတွေ မံပြီးတော့ ထားနိုင်ပါတယ်။
နောက်ပြီးတော့ အပူချိန်။ အပူချိန်က အရမ်းများနေတယ်ဆိုရင်လည်းမကောင်း၊ နည်းနေတယ်ဆိုရင်လည်း မကောင်းဘူးဆိုတာ သိပြီးသားပါ။ အကောင်းဆုံးအပူချိန်ကတော့ (၅၅) ဒီဂရီ ဆဲလ်စီးယပ်ကနေ (၆၆) ဒီဂရီ ဆဲလ်စီးယပ် ကျော်ကျော်ဖြစ်ရမှာပါ။ အဲ့ အပူချိန်အတိုင်းရှိနေတယ်ဆိုရင်တော့ ပေါင်းပင်တွေလည်း သေစေပြီးတော့ ဘက်တီးရီးယားလေးတွေအတွက် အာဟာရကိုလည်း မျှတစေနိုင်တဲ့ အပူချိန်ပဲဖြစ်တာကြောင့် မြေဆွေးပုံကိုလည်း မြန်မြန်ဆွေးစေနိုင်တာဖြစ်ပါတယ်။
မြေဆွေးပုံကို ပုံလိုက်ကတည်းက အပိုင်းအစသေးသေးလေးတွေလုပ်ထားရင် အဆွေးမြန်ပြီးတော့ အကြီးကြီးတွေ အတုံးလိုက်အတစ်လိုက်ထည့်တဲ့အခါမှာ ဆွေးတာက ကြာသွားပါတယ်။ မြေဆွေးလှန်တဲ့အခါမှာ ပေါက်တူးလေးနဲ့ ပြန်ပြီးတော့ လုပ်ပေးတာနဲ့တင် အဆင်ပြေနိုင်ပါတယ်။
ကဲ နောက်တစ်ပုဒ်မှာတော့ မြေဆွေးဘယ်ချိန်ရမလဲဆိုတာကို ပြောပြမှာဆိုတော့ ဆက်ပြီးတော့ ကြည့်ပေးပါဦးနော်.....။
ထွန်းဝင်းကျော်
References; “Compost Making Made Easy”, ADDA – VNFU Organic Project.