ဝဥခေါက်ဆွဲဟာဆိုရင် ဝဥကနေ ပြုလုပ်လို့ ရတဲ့ စားစရာတစ်မျိုး ဖြစ်ပြီး များသောအားဖြင့် ဂျပန်လူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ်။ သူ့ကိုတော့ shirataki လို့ခေါ်ကြပြီး အိမ်မှာပဲ အလွယ်တကူ ပြုလုပ်စားသုံးနိုင်ပါတယ်။ ကဲ...ဘယ်လိုပြုလုပ်နိုင်လဲဆိုတာကို လေ့လာကြည့်ကြရအောင်။
လိုအပ်သောပစ္စည်းများ (၄ယောက်စာအတွက်)
ဝဥမှုန့် - ၂၅ ဂရမ်
ရေနွေး - ၁ လီတာ (ဝဥအမှုန့် ဖျော်ရန်အတွက်)
Pickling lime (supermarket တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်) - ၁.၅ ဂရမ်
ရေနွေး ၂၀၀ မီလီလီတာ (pickling lime ဖျော်ရန်အတွက်)
ပြုလုပ်နည်း
- 50ºC အပူချိန်ရှိတဲ့ ရေနွေး ၁ လီတာကို ဇလုံထဲသို့ ထည့်ပါ။
- ထို့နောက် ဝဥမှုန့်များကို နည်းနည်းချင်းစီ ထည့်ရင်း မွှေပေးပါ။
- ကော်ကဲ့သို့ ပျစ်လာလျှင် မွှေပေးခြင်းကို မိနစ် ၃၀ ခန့် ရပ်နားပေးပါ။
- ခွက်တစ်ခွက်ထဲတွင် Pickling lime ၁.၅ ဂရမ်ကို ရေနွေး ၂၀၀ မီလီလီတာနှင့် ရောစပ်၍ ဖျော်ပေးပါ။
- မွှေထားသော ဝဥအနှစ်များကို စေးကပ်ပြီး အဖြူရောင်ပြောင်းလာသည်အထိ (၄-၅) မိနစ်ခန့် နယ်ပေးပါ။
- အရောင်ပြောင်းပြီး စေးကပ်လာသည့်အချိန်တွင် ဖျော်ထားသည့် pickling lime အရည်များကို လောင်းထည့်လိုက်ပါ။
- ဝဥအနှစ်များနှင့် pickling lime အရည်များ အလျင်အမြန် ရောသွားရန်အတွက် အားထည့်ပြီး သေချာစွာ နယ်ပေးပါ။
- အရောင်များ တစ်သားတည်း ဖြစ်သွားပြီ ဆိုရင်တော့ ရပ်လိုက်လို့ရပါပြီ။
- ဝဥအနှစ်များကို ညှစ်ချရန်အတွက် ပလတ်စတစ်ပြားတစ်ခုကို ကန်တော့ပုံ လိပ်ပြီး ထိပ်ဖျားကို အပေါက်ငယ် ဖောက်ထားပါ။
- ပြီးရင်တော့ ရေဗူး တစ်ဗူးကို အဖုံးပါတဲ့ ဘက်ခြမ်းကနေ ၃လက်မလောက်ခွာပြီး ဖြတ်ပေးပါ။
- သံချောင်းတစ်ချောင်းကို အပူပေးပြီး အဖုံးကို အပေါက်ငယ်လေးများ ဖောက်ပေးပါ။
- ဖောက်သည့်အခါ အဖုံးအတွင်းထဲမှ နေပြီး ထိုးဖောက်ပေးပါ။
- ထို့နောက် ဖြတ်ထားသော ရေဗူးခေါင်းပိုင်းကို အဖုံးပြန်ပိတ်ပြီး ကန်တော့အိတ်ထဲသို့ ထည့်ပေးပါ။
- ၎င်းအိတ်ထဲသို့ နယ်ထားသော အနှစ်များကို ထည့်ပေးပါ။
- ပြီးရင်တော့ ဆူပွက်နေသော ရေနွေးအိုးထဲသို့ ၎င်းအနှစ်များကို ညှစ်ချပေးပါ။
- အနေတော် အရှည်အနေအထားရပြီဆိုရင် ကပ်ကြေးဖြင့် တစ်ခါစီ ဖြတ်ချပေးပါ။
- ထို့နောက် အားလုံးကုန်သွားသည်အထိ ညှစ်လိုက် ဖြတ်လိုက် လုပ်ပေးပါ။
- ရေပူထဲတွင် ခဏလောက်ထားလိုက်ပြီးလျှင်တော့ စားသုံးရန် အသင့်အနေအထား ဖြစ်တဲ့ ဝဥခေါက်ဆွဲမျှင်များကို ရရှိပါပြီ။
၎င်းရရှိလာသော ခေါက်ဆွဲများကို အဆင်ပြေသလို မိမိကြိုက်နှစ်သက်ရာ ပုံစံအတိုင်း ချက်ပြုတ်စားသောက်နိုင်ပါသည်။ ကြာကြာသိမ်းဆည်းထားချင်ရင်တော့ အခြောက်ခံပြီး သိမ်းထားနိုင်ပါတယ်။
ဝဥခေါက်ဆွဲလုပ်နည်းဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူညီထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။