ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

07/05/2018 12:52 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၃၀.၄.၂၀၁၈ မွ ၄.၅.၂၀၁၈)ထိ

စပါး
ဒီတစ်ပတ်မှာတော့ ပုသိမ်စျေးကွက်မှာ စပါးစျေးက ပြီးခဲ့တဲ့ အပတ်ကအတိုင်း စျေးငြိမ်နေခဲ့ပေမယ့် ဆန်စျေးကတော့ စျေးမြင့်တက်လာတာတွေ့ပါတယ်။ ဆန်ချောစျေးတွေ တက်နေပေမယ့် ဆန်ကြမ်းစျေးကတော့ မတက်ပဲ ငြိမ်နေပါတယ်။ ပုသိမ်မြို့အတွင်းက နယ်အချို့ကနေ ဆန်အဝင်နည်းလာတဲ့အတွက် ဆန်ချောစျေးနှုန်းက အနည်းငယ်မြင့်တက်လာတာလို့လည်း ကုန်သည်တွေထံကနေ သိရပါတယ်။ ပထမတန်းစာ စပါးဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀၆၈၀၀၀ ကျော်ပေါက်စျေးရှိပြီး စျေးမပြောင်းလဲပေမယ့် ဆန်ကတော့ တစ်တင်းခွဲကို ၄၃၀၀၀ နဲ့ ငွေကျပ် ၂၀၀၀ စျေးတက်ခဲ့ပါတယ်။ ပေါ်ဆန်းရင် အမျိုးအစားကလည်း တင်း ၁၀၀ ကို ၉၄၆၀၀၀ ကျော်ရှိပြီး ဆန်စျေးကတော့ ၄၁၀၀၀ နဲ့ ၁၅၀၀ လောက်စျေးတက်လာပါတယ်.ဖျာပုံပေါ်ဆန်းကလည်း တင်း ၁၀၀ ကို ၁၀၄၃၀၀၀ ကျော်နဲ့ စျေးငြိမ်နေပြီး ဆန်ကတော့ တစ်တင်းခွဲ့ ကို ၄၁၀၀၀ နဲ့ ၂၀၀၀ စျေးတက်လာပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၁၉၉၀၀ ကနေ ၂၀၀၀၀၊ ရက် ၉၀ သစ်ရှယ်က တစ်အိတ်ကို ၂၂၄၀၀ ကနေ ၂၂၆၀၀၊ နွေသီးထပ်ဆန်က တစ်အိတ်ကို ၂၁၇၀၀ ကနေ ၂၂၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀ ကနေ ၅၀၀ အထိ စျေးက ကျဆင်းသွားပါတယ်။ ရန်ကုန်ကိုတော့ ဆန်က အဝင်ပုံမှန်ရှိပေမယ့် အရောင်းအဝယ်ကတော့ အေးပြီးစျေးက ကျဆင်းသွားပါတယ်။

မတ္ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာတစ်တန်ကို ၄ သိန်းအောက်ထိ စျေးက ကျဆင်းသွားခဲ့ပါတယ်။ ပြည်ပဝယ်လက်ကလည်းနည်းသွားသလို ပြည်တွင်းဝယ်ယူမှုကလည်း နည်းသွားတဲ့အတွက် စျေးက မထင်မှတ်လောက်အောင် ကို ကျဆင်းသွားခဲ့ပါတယ်။ နေ့စဉ်ပြည်ပကို ကွန်တင်နာ အလုံး ၃၀ ကနေ ၅၀ ကြားသာတင်ပို့နေရပြီး တင်ပို့မှုနည်းတဲ့နေ့ စျေးကကျဆင်းသွားပါတယ်။ မတ်လ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံက ပဲမျိုးစုံတင်ပို့မှုနဲ့ပတ်သတ်ပြီး ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ခဲ့တာ သက်တမ်းနောက်ဆုံးရက်လည်း ဖြစ်ပါတယ်။ သက်တမ်းကုန်ဆုံးရက် ဖြစ်ပေမယ့် အိန္ဒိယအစိုးရကကြေညာချက်တစ်စုံတစ်ရာ မထွက်သေးတဲ့အပြင် တစ်စုံတစ်ရာလည်း အကြောင်းပြန်မှုလည်းမရှိခဲ့တာကို တွေ့ရပါတယ်။ ပဲကုန်သည်တွေကတော့ အထက်ပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး စိုးရိမ်နေကြီး အစားထိုးသီးနှံကို စိုက်ပျိုးဖို့အတွက် တွန်းအားပေးမှုတွေ ရှိနေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တန်ကို ၃၈၀၀၀၀ ကျော်နဲ့တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀ ကျော် စျေးကကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၂၀၀ နဲ့ တစ်တင်းကို ၈၀၀ နီးပါးစျေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၃၀၀၀ နဲ့ ၃၀၀ လောက်စျေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၀၀၀၀ ကနေ ၁၃၀၀၀ ကြားပေါက်စျေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျော်စျေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၅၀၀ ရှိပြီး ၂၅၀၀ ကျပ်စျေးကကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီက မတ်ပဲနဲ့ နှိုင်းယှဉ်လိုက်ရင် စျေးအများကြီးကျဆင်းသွားခဲ့တာမဟုတ်သလို ပြည်ပဝယ်ယူမှုကလည်း ပုံမှန်ရှိနေပေမယ့် ဒီတစ်ပတ်မှာတော့ ပဲနှမ်းအသင်းက ပဲစင်းငုံနီကို စီးပွားဖြစ်စိုက်ပျိုးဖို့ လုံးဝမသင့်တော်တဲ့အကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ပဲစင်းငုံနီနေရာမှာ တစ်ခြားကိုက်ညီမမယ့် စီးပွားဖြစ်ဆီထွက်သီးနှံတွေ၊ အခြားပဲအမျိုးအစားတွေကိုသာ စိုက်ပျိုးဖို့လည်း တိုက်တွန်းမှုလုပ်ထားပါတယ်။ ပြီးခဲ့မတ်လ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံကို ပဲတင်ပို့မှုက သတ်မှတ်ရက်နောက်ဆုံးဖြစ်ခဲ့ပြီး ပဲစင်းငုံနီတင်ပို့မှုကို တစ်နှစ်သက်တမ်းတိုးပေးဖို့ မြန်မာအစိုးရက တောင်းဆိုပေမယ့် လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက အကြောင်းမပြန်သေးတာကိုတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပြည်တွင်းပဲစားသုံးမှုက လုံလောက်တဲ့အပြင် ပြည်ပတင်သွင်းမှုကိုပါ ပြုလုပ်လာတဲ့အတွက် ပဲစင်းငုံနီစိုက်တဲ့ တောင်သူတွေအပြင် ကုန်သည်တွေပါ အရှုံးပေါ်နေတဲ့အနေအထားတစ်ခုကိုလည်း ရောက်ရှိနေပါတယ်။ လက်ရှိမှာ ပဲစင်းငုံနီက စျေးအနည်းငယ်ရနေသော်လည်း နောက်ထွက်သီးနှံတွေက အရည်အသွေးညံ့တဲ့အတွက် လက်ကျန်ပဲတွေသာ စျေးကောင်းရနေတာကိုလည်းတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအသစ်က တစ်အိတ်ကို ၈၅၀၀ ကနေ ၉၀၀၀ ကြားသာ စျေးရရှိပြီး တစ်တင်းကို ၂၀၀၀ နီးပါးစျေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၀၀၀၀ နဲ့ စျေးငြိမ်နေပြီး ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၈၅၀၀ ကနေ ၉၀၀၀ကြားပေါက်စျေးရှိနေပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၀၀၀၀ နီးပါးသာ စျေးရရှိနေပါတယ်။

ပဲတီစိမ်း
လက်ရှိမှာ ပဲတီစိမ်းကိုတော့ အိန္ဒိယကအဝယ်နည်းပေမယ့် တရုတ်ဝယ်လက်တွေက အများအပြားဝယ်ယူတဲ့အတွက်ကြောင့် စျေးကောင်းရရှိနေပြီး ပြည်တွင်းမှာလည်း စျေးတက်နေတဲ့အခြေအနေရှိပါတယ်။ ပဲတီစိမ်းပေါ်ချိန် ကတည်းက အဝင်များခဲ့ပေမယ့် အဝယ်ကသွက်ခဲ့တဲ့အတွက်ကြောင့် စျေးကထင်သလောက်ကျဆင်းတာတွေမရှိပဲ တစ်တင်းကို အနိမ့်ဆုံးစျေး ၂၀၀၀၀ ကနေ အမြင့်ဆုံးစျေး ၄၀၀၀၀ အထိ စျေးရရှိနေပါတယ်။ ပဲတီစိမ်းကို ထိုင်းနိုင်ငံကလည်း အဓိက ဝယ်ယူနေတာဖြစ်တဲ့အတွက် ပဲတီစိမ်းက လတ်တလောမှာ စျေးကျနိုင်တဲ့အခြေအနေမရှိဘူးလို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်လိုက်ရင်လည်း ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲတီစိမ်း တစ်တင်းကို ၂၀၀၀ လောက်တက်လာခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တစ်တင်းကို ၂၆၀၀၀ ကျော်ရှိပြီး တစ်တင်းကို ၄၀၀၀ လောက်စျေးက တက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းအကြီးက တစ်တင်းကို ၃၅၅၀၀ အထိပေါက်စျေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ် စျေးတက်လာပြီး အသေးကတော့ တစ်တင်းကို ၁၉၀၀၀ ပေါက်စျေးရှိပါတယ်။

ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာပါ စျေးကကျဆင်းသွားပြီး လက်ရှိမှာ သုံးပတ်ဆက်တိုက် စျေးကျဆင်းနေတယ်လို့လည်း ပြောလို့ရပါတယ်။ ပြည်ပဝယ်ယူမှုကလည်း မရှိတဲ့အပြင် ပြည်တွင်းပဲ စက်တွေကလည်း အဝယ်မရှိတဲ့အတွက် စျေးက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါ အကြီးက တစ်တင်းကို ၁၇၀၀၀ ရှိပြီး အသေးက ၁၈၇၀၀ ပေါက်စျေးရှိကာ တစ်တင်းကို ၃၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။ကုလားပဲလုံးဖြူအကြီးကတော့ တစ်တင်းကို ၁၉၀၀၀ ရှိပြီးအသေးက ၁၇၅၀၀ ပေါက်စျေးရှိပြီးတစ်တင်းကို ၄၀၀၀၀ နီးပါးစျေးက မထင်မှတ်လောက်အောင် ကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ အကြီးက တစ်တင်းကို ၁၀၈၀၀ ရှိပြီး ၂၀၀၀ ကျော်၊ ကုလားပဲလုံဖြူအကြီးကတော့ တစ်တင်းကို ၂၁၅၀၀ နဲ့ ၂၀၀၀ ကျပ်စျေးက အသီးသီးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲလုံးဝါအကြီးက တစ်တင်းကို ၁၉၀၀၀ ကျော်၊ ကုလားပဲလုံးဖြူအကြီးက တစ်တင်းကို ၁၉၅၀၀ ရှိပြီး တစ်တင်းကို ၂၀၀၀ ကျော်စျေးကျဆင်းသွားခဲ့ ပါတယ်။ ပြီးတဲ့ နှစ် ၂၀၁၇ ကာလတူအခြေအနေမှာ ကုလားပဲက တစ်တင်းကို ၃၅၀၀၀ ကနေ ၅၅၀၀၀ အထိ ပေါက်စျေးရှိပြီး လက်ရှိမှာ ထက်ဝက်မက စျေးကကျဆင်းသွားခဲ့ပါတယ်။

ပဲပုတ်
ဒီတစ်ပတ်မှာတော့ ပဲပုတ်က စျေးတက်လာတာကိုတွေ့ရပါတယ်။ ပဲပုတ်(ရှမ်း)အမျိုးအစားကလည်း စျေးကွက်ထဲကို ဆက်တိုက်ဝင်လာနေသလို ပဲပုတ်(ဗမာ)က စျေးကွက်ထဲကို အဝင်နည်းလာတဲ့အတွက် စျေးကတက်လာပါတယ်။ ထိုြ့ပင် ပဲပုတ်ကို ဆီစက်တွေကပါ ဝယ်ယူမှုတွေရှိတဲ့အတွက်ကြောင့် စျေးကတက်လာတာလည်း ဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲပုတ်က တစ်တင်းကို ၂၇၈၀၀ အထိပေါက်စျေးရှိပြီး တစ်တင်းကို ၂၀၀၀ အထိ စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ နဲ့ စျေးငြိမ်နေတာကိုလည်း တွေ့ရပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း ပဲပုတ်ကတစ်တင်းကို ၂၂၀၀၀ ကျော်ရှိပြီး တစ်တင်းကို ၂၀၀၀ နီးပါး စျေးတက်လာပါတယ်။

 ဝတ်ရည်မွန်(AMIA)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်