ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

29/06/2018 14:55 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၅.၆.၂၀၁၈ မှ ၂၉.၆.၂၀၁၈)ထိ

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ လက်ရှိမှာ ပြန်လည်ဦးမော့ဖို့ ခက်နေတဲ့အခြေအနေပါ။ တောင်သူတွေက အတက်ဈေးကို မျှော်လင့်နေပေမယ့် ဈေးကကျပြီးရင်းကျအခြေအနေ ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ ဝယ်လိုအားအခြေအနေကို ကုန်သည်တွေက စောင့်ကြည့်နေတဲ့အတွက် ပြည်တွင်းဝယ်လိုအားမှာလည်း လျော့ကျနေပြီး ဈေးကမတက်တဲ့ အခြေအနေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို ၄ သိန်း ၇သောင်းကျော်ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၄ သိန်း၃ သောင်းကျော်အထိ ဈေးကမထင်မှတ်လောက်အောင် ကျဆင်းသွားပါတယ်။၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အနိမ့်ဆုံးဈေး ရောက်ရှိသွားတဲ့ဈေးနှုန်းဆိုလည်း မမှားပါဘူး။ ယခုနှစ်ဧပြီလမှာလည်း မတ်ပဲက တစ်တန်ကို ၄၂၀၀၀၀ ကျော်အထိ ဈေးကျဆင်းသွားခဲ့ပေမယ့် ရက်ပိုင်းအတွင်း ဈေးပြန်တက်လာခဲ့ပါတယ်။ဒါပေမယ့် လက်ရှိ အခြေအနေကတော့ ဈေးက ဆက်မတက်ပဲ အချိန်ကြာရပ်တန့်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၄၅၀၀ နဲ့ ၁၀၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၅၀၀ ကျပ်နဲ့ ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၈၀၀ နဲ့ ၁၂၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်လအတွင်း တစ်တန်ကို ၁ သိန်းကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ မတ်ပဲလောက် အတက်အကျမကြမ်းပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယကို တင်ပို့ခဲ့တဲ့ ကာလတစ်လျှောက်လုံး ပဲစင်းငုံနီ ဈေးက မတ်ပဲဈေးကို မှီတဲ့အခြေအနေမရှိခဲ့ပေမယ့် လက်ရှိမှာတော့ မတ်ပဲဈေးက တောင်သူတွေကုန်သည်တွေပါ မထင်မှတ်လောက်ကို ကျဆင်းသွားခဲ့ပြီး ပဲစင်းငုံနီဈေးနဲ့ အတော်ကြီးကွာဟသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကလည်း မတ်ပဲထက် ပဲစင်းငုံနီ ဝယ်ယူမှုက ပိုများနေတဲ့အတွက် ဈေးကလည်း ကျပေမယ့် မတ်ပဲလောက် မကြမ်းပါဘူး။ ပဲစင်းငုံနီကို အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ကနေဒါ၊ ပါကစ္စတန်နိုင်ငံ နဲ့ နီပေါနိုင်ငံတို့ကိုလည်း တင်ပို့ရောင်းချတာပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း ပဲစင်းငုံနီက ဈေးအများကြီးကျဆင်းသွားမျိုးမရှိပဲ အနည်းငယ်သာ အတက်အကျရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၃၃၀၀ နဲ့ ၂၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၀၀၀ ကျပ် နဲ့ ၆၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၁၀၀ ကျပ်နဲ့ ၅၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၀၀၀ ကျပ်နဲ့ ၂၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်လအတွင်း တစ်တန်ကို ၅၀၀၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဈေးဆက်တိုက်ကို ကျဆင်းနေခဲ့ပါတယ်။ ရာသီဥတုကြောင့် နယ်တွေမှာ ရေနစ်မြှပ်မှုဖြစ်ပွားခဲ့ပြီး  သီးနှံစိုက်ခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။ သီးနှံပျက်စီးမှုကြောင့် ပဲတွေ အ၇ည်အသွေးညံ့ပြီး ဈေးကလည်း ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလိုပဲ ဝယ်လိုအားကတော့ ပုံမှန်ရှိနေပေမယ့် ဈေးကကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းက တစ်တင်းကို ၂၁၀၀၀ ကနေ ၂၅၀၀၀ ရှိပြီး ၄၀၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၇၀၀၀ ရှိပြီး ၇၀၀၀ ကျပ်၊ ပခုက္ကူမှာ တစ်တင်းကို ၂၄၀၀၀ နဲ့ ၉၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ပြီးခဲ့တဲ့အပတ်ကအထိ ဈေးတက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားခဲ့ ပါတယ်။ ပြည်တွင်းမှာ ငွေကြေးဈေးနှုန်းကျဆင်းနေပြီး ဒေါ်လာဈေးတွေ တက်နေတာကလည်း ပဲဈေးတွေကို ကျဆင်းစေပါတယ်။ လက်၇ှိမှာ ပြည်တွင်းဝယ်လိုအားလျော့နည်းနေပြီး လက်ကျန်တွေကလည်း လျော့နည်းလာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဖြူ (ကြီး၊သေး)က တစ်တင်းကို ၂၀၃၀၀ ကနေ ၂၀၇၀၀ ရှိပြီး ၁၅၀၀ ကျပ်၊ ကုလားပဲလုံးဝါ (ကြီး၊သေး)က တစ်တင်းကို ၁၈၀၀၀ ကနေ ၂၀၀၀၀ ကျော်ရှိပြီး ၈၀၀ ကျပ် နီးပါး ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲလုံး (ဖြူ၊ဝါ) က တစ်တင်းကို ၁၉၀၀၀ ကနေ ၂၀၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲလုံး (ဖြူ၊ဝါ)က တစ်တင်းကို ၂၀၀၀၀ ရှိပြီး တစ်တင်းကို၁၀၀၀ ကျပ် ၊ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၁၅၀၀ နဲ့ ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

 

ဝတ်ရည်မွန်(AMIA)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်