ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သောသီးနှံစျေးနှုန်းများ

29/03/2019 17:16 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မတ်ပဲ (FAQ/RC)

မတ်ပဲက ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကျဆင်းသွားတယ်ဆိုပေမယ့် မတ်ပဲက ပြီးခဲ့တဲ့လတွေ နဲ့ယှဉ်ရင် တစ်လလုံးအတက်အကျအနည်းငယ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆိုးရွားစွာ ပဲဈေးကျဆင်းတဲ့အတွက်ကြောင့် လျော့ချစိုက်ပျိုးခဲ့ရာမှ ယခုနှစ်အိန္ဒိယပဲအဝယ်မရှိသော်လည်း ပြည်တွင်းဝယ်လိုအားနဲ့ မျှတနေတဲ့ အခြေအနေလည်းဖြစ်နေပါတယ်။ တစ်လလုံးပဲဈေးက ထူးခြားစွာပြောင်းလဲမှုမရှိပဲ တည်ငြိမ်နေခဲ့ပါတယ်။

ပဲကုန်သည်အသင်းက အိန္ဒိယနိုင်ငံကို ပဲတင်ပို့ရေးနဲ့ပတ်သတ်ပြီး လအစပိုင်းတုန်းက တင်ပြထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းပြန်မှုမရှိသေးကြောင်း ပဲကုန်သည်အသင်းတာဝန်ရှိသူတွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၆၅၀၀၀၀ ကနေ ၆၆၀၀၀၀ အကြား ဈေးအရောင်းအဝယ် ဖြစ်နေပါတယ်။ မုံရွာဈေးကွက်ကမှာ မတ်ပဲက တစ်တင်းကို ၂၃၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ နဲ့ ၂၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၇၀၀ နဲ့ တစ်တင်းကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယပဲဝယ်ယူမှုမရှိပေမယ့် အခြားဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဝယ်ယူမှုတွေရှိနေတဲ့အတွက် ပဲစင်းငုံနီက မတ်ပဲလောက် ဈေးကျဆင်းခြင်းမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်း ဝယ်ယူမှုတွေလည်းရှိတဲ့အတွက် အတက်အကျ အနည်းငယ်သာ အပြောင်းအလဲရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၇၃၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၅၀၀၀ ကျော် လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၆၅၀၀ ရှိပြီး ၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ်၊ဈေးကျဆင်းသွားခဲ့ပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲအသစ်တွေ ဆက်တိုက်ဝင်ရောက်မှုတွေရှိနေတဲ့အတွက် အဝင်များပြီးဈေးက ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ ဝယ်လိုအားကတော့ ပဲခွဲစက်တွေက ပုံမှန်ဝယ်လိုအားရှိတာကို တွေ့ရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၂၆၀၀ ကနေ ၂၄၆၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၃၇၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၆၂၀၀ ကျော်ရှိပြီး တစ်တင်းကို ၄၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်ကို ၂၂၈၀၀ ကျပ်ရှိပြီး ၉၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၂၃၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၈၀၀ ကျပ်ရှိပြီး ၁၇၀၀ ကျပ်၊ကုလားပဲဖြူလုံးကြီးတော့ တစ်တင်းကို ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပြီး တစ်တင်းကို ၂၄၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။

ပဲကြီး

ပဲကြီးကတော့ ဒီတစ်ပတ်မှာလည်း ဈေးကကျဆင်းသွားခဲ့ပါတယ်။ ပဲအသစ်တွေ ဆက်တိုက်ဝင်ရောက် မှုရှိနေပြီးအဝယ်ကနည်းတဲ့အတွက် ဈေးကကျဆင်းလာခဲ့တာလည်းဖြစ်ပါတယ်။ ပွဲတော်ကာလအချိန်မှတော့ ဈေးကတက်နိုင်ချေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားတာကိုလည်းတွေ့ရပါ တယ်။

မုံရွာဈေးကွက်မှာ ပဲကြီးက တစ်တင်းကို တစ်တင်းကို ၂၆၂၅၀ ရှိပြီး ၇၅၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၆၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်၊ မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ ကနေ  ၃၁၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

အာလူး

အာလူးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ လက်ရှိမှာ ပုံမှန်ဝယ်လိုအားရှိနေတဲ့အပြင် တရုတ်ဘက် အာလူးတွေ အဝင်နည်းတဲ့အတွက် ပြည်တွင်းအာလူးဈေးတွေတက်နေခဲ့တာလည်းဖြစ်ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ အာလူးက တစ်ပိဿာကို ၄၀၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၃၀ ကျပ်လောက်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်ပိဿာကို ၆၅၀ ကနေ ၉၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း အာလူးက ၃၅၀ ကနေ ၆၈၀ ရှိပြီး ၃၀ ကျပ်ဈေးတက်လာပါတယ်။

 

ဝတ်ရည်မွန် (AMIA)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်