ဦးဆောင်မှုပျောက်ဆုံးခြင်း ?
ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင်... ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင်တွေက ဆည်မြောင်း ကန် ချောင်းတွေ ပြုပြင်ဆောက်လုပ်ပေးတယ်။ ပြီးရင် အခွန်ကောက်တယ်။ ရာသီဥတု သမမျှတလို့ ဆန်ရေ စပါးပေါများချိန် တိုင်းပြည် စည်ပင်တယ်။ အင်အားတောင့်တင်းလာတယ်။ အုပ်ချုပ်သူဘုရင် တော်ရင်တော်သလို ပြည်ပနိုင်ငံများက လေးစားခန့်ညားရတယ်။ အဲရှော်တဲ့ ဘုရင်တွေ လက်ထက်ကျတော့လည်း စည်းစိမ်ယစ် မာနထောင်လွှား စစ်မက်ထူပြောရင်တော့ တိုင်းပြည်က နိမ့်ပါးပြန်တာပေါ့လေ။
ထားပါ...ဆိုလိုချင်တာက သူ့ခေတ် သူ့အခြေအနေအရမှာ မိရိုးဖလာ စိုက်ပျိုးရေးနဲ့ အလုပ်ဖြစ်ခဲ့တယ် ထင်ပါတယ်။ ကိုလိုနီခေတ်ကျ မြို့ပိုင်၊ နယ်ပိုင်တွေနဲ့ အဆင့်ဆင့် စနစ်တကျ စီမံခန့်ခွဲပြီး စိုက်ပျိုးရေးကို ဦးဆောင်ခဲ့တယ်။ မျိုးသစ်တွေ သွင်းတယ်။ လယ်ယာလုပ်သား မလုံလောက်လို့ ဘင်္ဂလားက လယ်ကူလီတွေ သွင်းလာတယ်။ ခေတ်မီ နည်းပညာတွေ ပါလာတယ်။ အဲ့တော့ ပြည်တွင်း ရိက္ခာ ဖူလုံရုံမက နိုင်ငံခြားကို တင်ပို့ပြီး တိုင်းပြည် ဝင်ငွေရှာလာနိုင်တယ်။ သူ့ခေတ်မှာတော့ ခေတ်အတော်မီတဲ့ စိုက်ပျိုးရေး ဖြစ်ခဲ့မှာပါ။
ခက်တာက လွတ်လပ်ရေး ရပြီးနောက်ပိုင်း..... နိုင်ငံရေးက မတည်မငြိမ် ခေတ်တွေ စနစ်တွေ ခဏခဏ ပြောင်း။ စနစ်လေးတစ်ခု အသားကျမယ် မကြံသေးဘူး နောက်တစ်ခုပြောင်း။ နောက်တစ်ခုပြောင်းနဲ့ တောမရောက် တောင်မရောက် အဆင့်ကကို မတက်။ ကမ္ဘာမှာက တဟုန်ထိုးပြောင်းလဲသွားပြီ။ ကိုယ်တွေ မှတ်မိသလောက်ကို မြေကြေးရှင်းခေတ်၊ လယ်.စိုက်.ရှင်းခေတ်၊ MAS ခေတ် စသဖြင့် ခေတ်တိုင်းမှာ နိုင်ငံရေးပေါ်လစီ လွှမ်းမိုးမှုက အဓိက ဖြစ်လိမ့်မယ် ထင်ပါတယ်။ အုပ်ချုပ်သူ လူတန်းစားတွေရဲ့ စိတ်ထဲမှာ ဆရာစံခေတ်ကနေ ကနေ့ထိ ကြီးကြီးမားမား အပြောင်းအလဲတော်တော်များများဟာ စပါးကြောင့်လို့ တရားသေခံယူထားတာ(စပါးရူး) လည်း စိုက်ပျိုးရေးလောကအတွက် အနှောင့်အယှက်တစ်ခု ဖြစ်မယ် ထင်ပါတယ်။
မှတ်မှတ်ရရ ၂၀၀၂လောက်က စပါးဈေးတွေထိုးကျလို့ ရိတ်ချွေခတောင် မရတော့လို့ မိုးစပါးတွေ မရိတ်တော့ပဲ အကျွန်းခံထားပြီး တောင်သူတွေ ဘဝပျက်နေချိန်မှာ နွေစပါးစိုက်ကြဖို့ အစိုးရနဲ့ ဌာနဆိုင်ရာတွေက အပူတပြင်း လှုံ့ဆော်နေတာကြုံ ခဲ့ရဖူးပါတယ်။ စိုက်ပျိုးရေးနိုင်ငံ အမည်ခံပြီး တကယ်ဦးဆောင်ရမယ့် စိုက်ပျိုးရေးဌာန အသက်မဝင်တာလည်း အဓိက အချက် ဖြစ်မည်ထင်ပါကြောင်း......