မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးဝလံများကိုဝယ်ယူရန် ကမ်းလှမ်းမှုရှိသော်လည်း AQSIQမှ ခွင့်ပြုချက်မရသဖြင့် တင်ပို့ရာတွင် အခက်အခဲကြုံတွေ့နေရ

08/10/2018 15:16 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးဝလံများကို တရုတ် ကုန်သည်များကဝယ်ယူရန် ကမ်းလှမ်းမှုများရှိသော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်းအရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(AQSIQ) က ခွင့်ပြုချက်မရသဖြင့် ပစ္စည်းတင်ပို့ရာတွင် အခက်အခဲကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရ သည်။

''မြန်မာနိုင်ငံကထွက်ရှိတဲ့ စိန်တစ်လုံးသရက်၊ ထောပတ်သီးနဲ့ သခွားမွှေးတွေကို တရုတ်ကုန်သည်တွေက ဝယ်ယူဖို့ ကမ်းလှမ်းတာရှိတယ်။ AQSIQ ရဲ့ ခွင့်ပြုချက် မရရင် အသီးအနှံတွေက ပို့လို့မရဘူး။ AQSIQ က နိုင်ငံ အချင်းချင်းလုပ်ရမှာ။ လုပ်ပြီးမှသာ အသီးအနှံတွေ ပို့လို့ရ မယ်။ တရားဝင်ဖြစ်ဖို့အတွက်AQSIQ ရဲ့ ခွင့်ပြုချက်က အရေးကြီးတယ်''ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပသည့် (၁၅)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်း ရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဝင်ရောက်ပြသရာ တရုတ်ကုန်သည်များက ဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

''ပြပွဲတွေမှာ ပြသတော့မှ ကိုယ်ရဲ့ ပြည်တွင်းကပစ္စည်းတွေကို ဘယ်သူတွေ ကြိုက်တယ်ဆိုတာ သိသွားတယ်။ တောင်သူတွေအတွက်လည်း အကျိုးရှိတယ်။ လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိတယ်။ တိုင်းပြည်အတွက်လည်း အကျိုးရှိမယ့်အနေအထား သွားတွေ့ရတယ်''ဟု ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ကာ ပြည်ပတင်ပို့မှု ကန့်သတ်ထားသည့် ဝဥနှင့် ဖာလာကို ယခုအခါ ကန့်သတ်မှုမှ ဖယ်ရှားလိုက်ပြီး ပြည်ပတင်ပို့ခွင့် ပြုလိုက်သည့်အတွက် တရုတ်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ ကုန်သည်များကဝယ်ယူရန် စိတ်ဝင်စားမှုရှိနေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

မင်းသစ် (MNA)

ရန်ကုန် အောက်တိုဘာ ၇ ကြေးမုံမှ

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်