မြန်မာ့ဆန်နှင့် ပဲမျိုးစုံကို အစ္စရေးနိုင်ငံ သို့ ယခုနှစ်အတွင်း တရားဝင်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က စက်တင်ဘာ ၂၅ ရက်က မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုသည်။
"အစ္စရေးနိုင်ငံကိုတင်ပို့ဖို့ ဈေးကွက်ရှာဖွေရေးနဲ့ အသင်းကတစ်ဆင့် ကမ်းလှမ်းတာတွေရှိပါတယ်။ ဆန်စပါးလည်းရှိသလို ပဲမျိုးစုံ ကမ်းလှမ်းနေတာရှိပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းနေတာရှိပါတယ်။ မကြာခင် အစ္စရေးက အဖွဲ့တစ်ဖွဲ့ အောက်တိုဘာလဆန်း မှာလာပြီးတော့ ကျွန်တော်တို့နဲ့ဆွေးနွေးပြီး နှစ်ဖက် စိုက်ပျိုးရေးသီးနှံထွက်ကုန်ပူးပေါင်းဆောင်ရွက်နိုင်အောင် စီစဉ်နေတဲ့အနေ အထားရှိပါတယ်။ တင်ပို့ဖို့ ဒီနှစ်ထဲမှာဖြစ်နိုင် ပါတယ်။ဈေးနှုန်းတွေနဲ့ လိုအပ်ချက်တွေကို ကမ်းလှမ်းထားပြီးသားပါ။ ဆန်ဆိုရင် ပေါ်ဆန်း မွှေးတို့လိုမျိုး၊ ပဲမျိုးစုံ၊ သီးနှံတွေလည်း သူတို့ လိုအပ်ပါတယ်"ဟု ၎င်းကပြောဆိုသည်။