အားကောင်းသောမုန်တိုင်းငယ်သတင်း

09/10/2018 13:49 PM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၀၁၈ ခုနှစ်၊ ရက်စွဲ။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့တောင်ဘက် မိုင် (၃၀၀)ခန့်၊ ကလင်ဂါ ပတ္တနမ်မြို့(Kalingapatinam)၏ အရှေ့တောင်ဘက် မိုင်(၂၇၀)ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။

(ခ) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏တည်နေရာ

ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၄.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၁)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်း ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် နောက် (၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

ကိုးကား - မိုးဇလ


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်