စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ

21/01/2022 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

စက်သုံးဆီဈေးနှုန်းများနှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်နေခြင်းသည် မိုးကြက်သွန်ဈေးနှုန်းအတက်အကျအပေါ် များစွာရိုက်ခတ်မှုရှိလာကြောင်း ကြက်သွန်နီ ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

"အခုတစ်ပတ်ထဲမှာတင် ကြက်သွန်နီဈေးတွေ ပြန်ကျပါတယ်။ ဒီနှစ်မှာ မိုးကြက်သွန်အထွက်နှုန်းကမကျဘူး။ ပုံမှန်အထွက်နှုန်း ရှိတယ်။ အဓိက ဈေးကျသွားတဲ့အကြောင်းရင်းက ကားခတွေဈေးတက်တာကြောင့်ပါ။ ကျွန်တော်တို့က ပွဲရုံတွေဆီ တင်ပို့ရောင်းချရုံဆိုပေမယ့် ပွဲရုံတွေကနေပြီး မြို့ကြီးတွေနဲ့ တခြားဈေးကွက်တွေဆီ ထပ်မံတင်ပို့တဲ့အခါ ကားခတွေက အရင်ထက်ဈေးတက်နေတယ်လို့ သိရတယ်။ ဆီဈေးတွေတက်တော့ ကားခတွေ ဈေးတက်တယ်။ ကားခတွေဈေးတက်တော့ ပွဲရုံတွေကလည်း တောင်သူတွေကိုပေးရတဲ့ ကြက်သွန်နီဈေးကို အရင်ထက်နှိမ်တဲ့သဘောပါ။"

ဟု မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာမှ ကြက်သွန်နီစီးပွားဖြစ်စိုက်ပျိုးသူ ကိုအောင်ကျော်မြင့်က ပြောသည်။

ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ပြန့်ပွားမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ မပွင့်လန်းသည့်အတွက် မြေဆီမြေသြဇာနှင့် ပိုးသတ်ဆေး စသည့် စိုက်ပျိုးရေးသွင်းအားစု စရိတ်များလည်း မြင့်တက်ခဲ့သည်။

"ဒီနှစ်မှာက စိုက်ပျိုးစရိတ်ကလည်း အရင်ထက်များတယ်လေ။ အခုကျတော့ ကြက်သွန်ဈေးက ကျသွားတော့ အရည်အသွေးကောင်းကြက်သွန်နီ တစ်ပိဿာကိုမှ ၄၅၀ ကျပ်/ ၅၀၀ ကျပ် လောက်ပဲ ရတော့တယ်။ တကယ်သာ ကြက်သွန်နီဈေးတက်ချိန်ဆို တစ်ပိဿာကို ကျပ် ၁၀၀၀/ ၁၁၀၀ လောက်အထိ ရနိုင်ပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

ဘုရင့်နောင်ကုန်စည်ဒိုင် ကြက်သွန်နီ လက်ကားဈေးကွက်အတွင်း မြင်းခြံကြက်သွန်နီ အရည်အသွေးကောင်းတစ်ပိဿာလျှင် (၅၅၀)ကျပ်၊ ပခုက္ကူကြက်သွန်နီ အရည်အသွေးကောင်းတစ်ပိဿာလျှင် (၅၅၀)ကျပ်၊ ဆိတ်ဖြူကြက်သွန်နီ အရည်အသွေးကောင်းတစ်ပိဿာလျှင် (၈၀၀)ကျပ်၊  မုံရွာကြက်သွန်နီ အရည်အသွေးကောင်း တစ်ပိဿာလျှင် (၅၅၀)ကျပ်၊ မြစ်သားကြက်သွန်နီ အရည်အသွေးကောင်း တစ်ပိဿာလျှင် (၁၀၅၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။

 ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ပေါက်ဈေးများအရ မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် Octane-92 1liter လျှင် (၁၆၁၅)ကျပ်၊ Octane-95 1-liter လျှင်(၁၇၂၅)ကျပ်၊ Diesel 1-liter လျှင် (၁၆၃၅)ကျပ်၊ Premium Diesel 1-liter လျှင် (၁၆၆၅)ကျပ် ဈေးနှုန်းများအထိ မြင့်တက်နေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်