တံငါသည်ဆိုတာ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျေးလက်ဒေသတစ်ခုမှာ နေထိုင်သူ တံငါသည် ဦးကျော်ဝင်းရဲ့ လုပ်ကိုင်နေတာကတော့ ငါးဖမ်းတာထက် ပိုပါတယ်၊ သူ ကြိုးစားပမ်းစာ လုပ်ကိုင်နေတဲ့နောက်ထပ် အလုပ်တစ်ခုကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းပါပဲ။
မကျည်းငူကျေးရွာအုပ်စု၊ ကံငူကျေးရွာက ၆၂ နှစ်အရွယ် ဦးကျော်ဝင်းဟာ ကျေးရွာအဆင့် ဒေသတွင်း ဒီရေတော ကာကွယ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။“ဒီရေတောတွေက ကျွန်တော်တို့ကို ထမင်းကျွေးနေတာ။ ဒါကို ထိန်းတာကြောင့် ငါး၊ ပုဇွန်၊ ဂဏန်း၊ ဂုံးတွေ ပေါများလာတယ်။ ကျွန်တော့်မှာ ပိုက်ဆံမရှိရင် ဒီတောထဲမှာ သွားရှာနေရတာ။ ဂုံးကောက်၊ မရွတ်(စေတီခရု)ကောက်၊ ဂဏန်းထောင်၊ ငါးမျှား။ ဒီရေတောက ကျွန်တော်တို့ရဲ့ အမိ၊ အဖတွေလို့ကို ကျွန်တော်ခံယူထားတယ်” လို့ ဦးခေါင်းတစ်ခုလုံး ဆံပင်တွေ ဖြူဖွေးနေတဲ့ ဦးကျော်ဝင်းက ဆိုပါတယ်။
ဒီရေပင်မျိုးတုန်းနေပြီဖြစ်တဲ့ ရေပေါ်ကျွန်းတွေမှာ ဒီရေတောတွေ ပြန်ဖြစ်ထွန်းလာအောင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က တယုတယ ပြုစုပျိုးထောင်လာခဲ့တာ အခုဆိုရင် လုံးပတ် တစ်ပေသာသာ အရွယ်ကို ရောက်လာပြီလို့ သူက ဆိုပါတယ်။ ဒါပေမဲ့ စီးပွားရှာသူတွေက ဒီရေတောထဲလာပြီး သစ်ပင် ခုတ်နေကြတာဟာ ကိုယ့်မိဘကို တုတ်နဲ့ရိုက်နေသလိုကို ခံစားရတယ်လို့ သူက ဆက်ပြောတယ်။
“ဟိုးအရင်က တုတ်ပင် (ခေါ်) ဗြူးအုဆာင်း ဆိုရင် ယောကျ်ား သုံးဖက်စာလောက် ရှိတာ။ အခုဆို လက်မောင်းလုံးလောက် အပင်မျိုးတောင်မတွေ့တော့ဘူး။ စီးပွားဖြစ်လာလုပ်ကြသူတွေ က ပထမတော့ အပင်ကြီးတွေကိုပဲ အဓိက(ခုတ်)ရာကနေ အပင်ကြီးလည်းကုန်ရော အပင်ငယ်တွေပါ မချန်တော့ဘူး။ ကနေ့အချိန်အထိ လာလုပ်နေကြတုန်းပဲ။ သစ်မှောင်ခိုလုပ်ငန်းတွေလည်း လုပ်နေကြတုန်းပဲ။ တခါတခါ လာရင် လှေ လေးငါးစီးနဲ့ လာလာခိုးခုတ်ကြတာ” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။
ရခိုင်ကမ်းရိုးတန်းဒေသအတွက် အသက်သွေးကြောလိုဖြစ်နေတဲ့ ဒီရေတောတွေဟာ စီးပွားဖြစ် ထင်းခုတ်၊ မီးသွေး ဖုတ်သူတွေကြောင့် လုံးဝ ပျက်စီးပြုန်းတီးသွားမှာကို စိုးရိမ်နေရပြီလို့ ဦးကျော်ဝင်းနဲ့ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောကြပါတယ်။
၁၉၉ဝ နောက်ပိုင်းအထိ ရခိုင်ဒေသမှာ အလွန်ကောင်းတဲ့ဒီရေတောတွေရှိခဲ့ပြီး ဒေသတွင်းခုတ်ယူ သုံးစွဲမှုလောက်နဲ့ ပြုန်းတီးမှုဆိုတာ ဖြစ်စရာမရှိဘူးလို့ ယူဆခဲ့ကြကြောင်း၊ အခုတော့ ဧရာဝတီတိုင်းကလာတဲ့ စီးပွားဖြစ် ထင်းခုတ်သူတွေ၊ မီးသွေးဖုတ်သူတွေကြောင့် ဒီရေတောပြုန်းတီးမှု ဖြစ်ပေါ်လာကြောင်း ဦးကျော်ဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ တနသာင်္ရီတိုင်းတို့မှာ ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်က ဒီရေတောဧက ၁ ဒသမ ၆ သန်းကျော်ရှိခဲ့ရာကနေ ၂ဝဝ၇ မှာ ဧက ခုနစ်သိန်းကျော်သာ ကျန်ရှိတော့တယ်လို့ ရခိုင်ကမ်းရိုးတန်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း (RCA) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ အဲ့ဒီထဲမှာမှ ဧရာဝတီတိုင်းဟာ ဒီရေတောပြုန်းတီးမှု အများဆုံးဒေသပါ၊ ၁၉၈ဝ မှာ ဧက ၇၃ဝ,ဝဝဝ ကျော်ရှိခဲ့ရာကနေ ၂ဝဝ၇ မှာ ၆ဝ,ဝဝဝ ကျော်သာ ကျန်ရစ်တော့တယ်လို့ ၎င်းအဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဆိုထားပါတယ်။
ဒီရေတော ကာကွယ်ရေး
ဒီရေတောတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို တောင်ပေါ်တောခြောက်နဲ့ ယှဉ်ရင် တစ်နှစ်ကို နှစ်ဆမျှ ပိုစုပ်ယူနိုင်ပြီး လေပြင်းမုန်တိုင်းဒဏ်၊ မြေပြိုတိုက်စား၊ ရေလွှမ်းမိုးခြင်းဒဏ်တွေကို ကာကွယ်ထိန်းသိမ်း နိုင်တဲ့ အကျိုးကျေးဇူးတွေရရှိပါတယ်။
ဒါ့အပြင် ရေရဲ့အရည်အသွေးကိုထိန်းပေးပြီး ဒေသခံတွေရဲ့ ငါးဖမ်းအသက်မွေးဝမ်းကျောင်းမှု၊ ဆောက်လုပ်ရေး အထောက် အကူပစ္စည်း၊ ဘယဆေးတွေ ရနိုင်ပါတယ်။ မြစ်ချောင်းတွေက သယ်လာတဲ့အညစ်အကြေးတွေကို သန့်စင်ပေးမှု၊ ရေနေသတ္တဝါတွေရဲ့ ဂေဟစနစ်၊ ရေနေသတ္တဝါတွေကို အမှီပြုနေတဲ့ ကုန်းနေသတ္တဝါ စတဲ့ ဇီဝမျိုးကွဲ ဂေဟစနစ်တွေကိုလည်း များစွာအထောက်အကူ ပြုတယ်လို့ သဘာဝထိန်းသိမ်းရေး ပညာရှင်တွေက ဆိုပါတယ်။
ဒီရေ တောဆုံးရှုံးမှုဟာ ကမ်းရိုးတန်းဒေသက ပြည်သူတွေရဲ့ စီးပွားရေး၊ စားဝတ်နေရေး၊ လူနေမှုဘဝကို အဓိကထိခိုက်စေတဲ့အကြောင်းရင်းထဲမှာ ပါဝင်နေပြီး ဒေသဖွံ့ဖြိုးရေးအတွက်လည်း များစွာ အကျိုးသက်ရောက်စေတယ် လို့ ဒီရေတောကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်လာတဲ့ RCA အသင်း တည်ထောင်သူ ဒေါက်တာမောင်မောင်ကြည်က သုံးသပ်ပါတယ်။“ကျွန်တော်တို့ ရခိုင်ပြည်နယ်က ဒီရေတောတွေဟာ မြန်မာတစ်နိုင်ငံလုံးနဲ့တိုင်းရင် တကယ့်ကို အကောင်းတိုင်း ခပ်များများ ကျန်နေသေးတယ်လို့ ဆိုရမယ်။ အဲ့ဒီအပြင် အရှေ့တောင်အာရှမှာ တချို့ ဒီရေပင် အမျိုးအစားတွေထဲမှာ အကြီးမားဆုံးအပင်လို့ ဆိုရမယ့် အပင်မျိုးစိတ်တွေ၊ ကမ္ဘာမှာတောင် ရှားပါးနေပြီဖြစ်တဲ့ အပင်မျိုးစိတ်တွေ ကျန်နေသေးတယ်။ အခုချိန်မှ မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ နောက်မျိုးဆက်တွေအတွက် ဘာမှကျန်မှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် တာဝန်ရှိတဲ့သူတွေ၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေက တက်တက်ကြွကြွနဲ့ လုပ်ကိုင်ဖို့သင့်တဲ့အချိန်လို့ ကျွန်တော်ယူဆတယ်” လို့ သူက ဆိုပါတယ်။
အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ (LIFT) အဖွဲ့ရဲ့ အစီအစဉ်နဲ့ ရခိုင်ကမ်းရိုးတန်း ဒေသတွေထဲက ဒီရေတော အားအကောင်းဆုံးနေရာ ဖြစ်တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ နိုင်ငံတကာ အထောက်အပံ့နဲ့ ဒေသခံတွေကိုစည်းရုံးပြီး ၂ဝ၁၂ ခုနှစ်ကစပြီး ဒီရေတော ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းကို လုပ်ကိုင်လာခဲ့တယ်၊ အခုဆိုရင် ဂွမြို့နယ်မှာ ဧက ၁၂,ဝဝဝ၊ သံတွဲမြို့နယ်မှာ ဧက ၃ဝ,ဝဝဝ၊ တောင်ကုတ်မြို့နယ်မှာ ဧက ၆၅,ဝဝဝ ကို ဒေသခံအစုအဖွဲ့ပိုင် ဒီရေတောအဖြစ် ပြန်လည်စိုက်ပျိုးထိန်းသိမ်း နိုင်ခဲ့ပြီလို့ ဒေါက်တာ မောင်မောင်ကြည်က ပြောပါတယ်။
ဒီရေတောရဲ့ ရာသီဥတုပြောင်းလဲလာမှုဒဏ်ကို ကြံကြံခံပေးနိုင်တဲ့အစွမ်း၊ ဒေသတွင်းသုံး ထင်းနဲ့လောင်စာ အတွက် ဒီရေတောတွေကို ခုတ်ယူသုံးစွဲနေတဲ့ အခြေအနေတွေကို အခုထက်ပို ပျံ့ပျံ့နှံ့နှံ့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သင်ပြီလို့ သူက ယူဆပါတယ်။
“အစိုးရကလည်း နယ်ခြားက ဝင်လာတဲ့ စီးပွားဖြစ်ထင်းနဲ့ မီးသွေးလုပ်ကြတဲ့ ဝိသမ စီးပွားရေး လုပ်ငန်းတွေကို ကာကွယ်ပေးဖို့လိုသလို ဒီရေတောကာကွယ်ထိန်းသိမ်းရေးမှာ ပြည်သူတွေပိုမိုပါဝင်လာဖို့ အခွင့် အလမ်းတွေ၊ လောင်စာအစားထိုး နည်းပညာတွေကို တိုးမြှင့်လုပ်ဆောင်ပေးဖို့လိုတယ်” လို့ သူက ဆိုပါတယ်။
RCA အဖွဲ့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ဂွမြို့နယ်က ဒီရေတောထိန်းသိမ်း ကာကွယ်ရေး အစုအဖွဲ့က တာဝန်ခံ တဦးဖြစ်တဲ့ ဦးသန်းဝင်းက ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက ဒီရေတောတွေဟာ ပြန်လည်ပြုစု ပျိုးထောင်လာနိုင်ခဲ့တဲ့အတွက် ပျိုးပင်တွေကို ဧရာဝတီတိုင်းဒေသကြီးက ဒီရေတောကာကွယ်ရေး လုပ်ဆောင်သူတွေဘက်ကို ဖြန့်ဖြူးပေးနိုင်တဲ့အခြေအနေ အထိ ရောက်လာပြီလို့ ဆိုပါတယ်။
ခုတ္သူ-စိုက္သူ ပဋိပကၡ
တစ်နယ်တစ်ကျေးက စီးပွားဖြစ်ထင်းနဲ့မီးသွေး ထုတ်သူတွေဟာ ခေတ်အဆက်ဆက် အစိုးရမြေပေါ်က ဒီရေပင်တွေကို ခုတ်တယ်ဆိုပေမယ့် ဒီရေတောပြုန်းတီးမှု နောက်ဆက်တွဲ ဆိုးကျိုးကို လက်တွေ့ ခံစားကြရမှာက မူရင်းဒေသခံလုထုဖြစ်တယ်လို့ RCA အဖွဲ့က ကိုမင်းမင်းထွန်းက သုံးသပ်ပါတယ်။
သစ်ခိုးခုတ်မှုကို ဒီရေတောကာကွယ်ထိန်းသိမ်းရေးသမားတွေက မှတ်တမ်းတွေ၊ ဓာတ်ပုံ အထောက်အထားတွေ၊ ခိုးခုတ်တဲ့သက်သေတွေနဲ့ သက်ဆိုင်ရာကို တိုင်ကြားပေမယ့် ထိထိရောက်ရောက် အရေးတယူ ဆောင်ရွက်တာ မျိုးမရှိတာကြောင့် ခိုးခုတ်သူတွေ အတင့်ရဲနေတာလို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ မနှစ်က ဒေသခံအစုအဖွဲ့ပိုင် ဒီရေတောထဲကို လာခိုးခုတ်တဲ့တာကို လာခုတ်တဲ့လှေနဲ့တကွ လက်ပူးလက်ကြပ် မိတယ်။ မိတဲ့ဟာတွေကို ကျွန်တော်တို့က မြို့နယ် သစ်တောနဲ့ရဲကို အပ်တယ်။ ကျွန်တော်တို့လည်း အပ်ရာက ပြန်ခဲ့ရော သူတို့ကို ခုတ်တဲ့ပုဆိန်တွေကအစ အကုန်လုံးပြန်ပေးပြီး လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့က ဘယ်လိုပဲတားဆီးတားဆီး သက်ဆိုင်ရာက ထိထိရောက်ရောက် မလုပ်ရင် အလကားပဲ” လို့ ဂွမြို့နယ်က ဒီရေတော ထိန်းသိမ်းကာကွယ် ရေးအစုအဖွဲ့က တာဝန်ခံ တဦးဖြစ်တဲ့ ဦးသန်းဝင်းက ဆိုတယ်။
သံတွဲခရိုင် သစ်တောဦးစီးမှူး ဦးဥက္ကာကတော့ သစ်ခုတ်သူတွေကို ဥပဒေအရ အရေးယူဖို့ အခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။ ရခိုင်ဒေသ ဒီရေတောတွေဟာ ကြိုးပြင်ကာကွယ်တောအဖြစ် တရားဝင်မသတ်မှတ်ရသေးဘူး၊ ဒေသခံတွေရဲ့ အစုအဖွဲ့ပိုင်ဒီရေတောတွေဆိုတာကလည်း အစိုးရဆီမှာ တရားဝင် ဝယ်ယူထားတဲ့မြေတွေ မဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။
ကြိုးပြင်ကာကွယ်တောတွေအဖြစ် တရားဝင်သတ်မှတ်လိုက်မယ်ဆိုရင်တော့ ဒေသခံတွေစိုက်ပျိုးထားတဲ့ အစုအဖွဲ့ပိုင် ဒီရေတောတွေတင်မက တခြားဒီရေတောတွေမှာပါ စီးပွားဖြစ် ထင်းနဲ့ မီးသွေး ထုတ်သူတွေကို သစ်တောဥပဒေအရ အရေးယူလို့ရတယ်၊ ဒါကြောင့် ကြိုးပြင်ကာကွယ်တော သတ်မှတ်ရေး ကြိုးစား ဆောင်ရွက်နေရတယ်လို့ သစ်တောဦးစီးမှူးက ဆက်ပြောပါတယ်။
“အခုနောက်ပိုင်း ဒေသခံတွေပြန်စိုက်လာတဲ့အတွက် ပြုန်းတီးခဲ့တဲ့ဒီရေတောတွေဟာ နည်းနည်း ပြန်ကောင်းလာပြီ။ ဒီရေတောတွေဟာ အမှန်တကယ်ကို ထိန်းသိမ်းသင့်တဲ့အရာပါ။ ဒါပေမယ့် တဖက်မှာလည်း ဥပဒေနဲ့ ထိထိရောက် ရောက်လုပ်ဖို့ဆိုရာမှာ ဥပဒေပိုင်းဆိုင်ရာ အခက်အခဲတွေကလည်း ရှိနေတယ်။ ဂွဘက်မှာဆိုအရင်က ပင်လယ်ဖျံတွေ ရှိတယ်။ အခု ဒီရေတောပြုန်းတီးခဲ့လို့ အဲ့ဒီဖျံတွေသိပ်မလာတော့ဘူး။ မျောက်တွေ၊ ရေဝက်တွေ၊ လိပ် တွေဆိုတာလည်း အခုဒီရေတောလေး နည်းနည်းပြန်ကောင်းလာမှ ပြန်တွေ့လာရတယ်” လို့ သူက ဆိုပါတယ်။
ဒေသခံတွေထိန်းသိမ်းလို့ ရခိုင်ပြည်နယ် ဒီရေတောဧရိယာ ဧက သုံးသိန်းကျော်အထိ ပြန်တက်လာတယ်လို့ ၂ဝ၁၅ ခုနှစ်စာရင်းတွေကို ကိုးကားပြီး သစ်တောဦးစီးမှူးက ရှင်းပြပါတယ်။
သက်ဆိုင်ရာဘက်က ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှု မရှိသေးတာကြောင့် ဒီရေတောခိုးခုတ်နေတာကို တားဆီးကာကွယ်ရေး၊ ဒီရေတော ထိန်းသိမ်းရေး လုပ်ငန်းအတွက် ဒေသခံတွေကို စည်းရုံးရာမှာပါ များစွာ အကျိုးသက်ရောက်စေတယ်လို့ သူက ဆက်ဆိုပါတယ်။
ဒီရေပင်တွေ ခုတ်နေတယ်ဆိုတဲ့ သတင်းတွေရတိုင်း လှေနဲ့ထွက်လိုက်ကြတဲ့အခါ ယခင်က ကာကွယ် ထိန်းသိမ်းရေးကို အားတက်သရော လိုက်ပါတဲ့ ရွာသူရွာသားတွေဟာ အခုဆိုရင် အကြောင်းတခုခုပြပြီး မလိုက် ကြတော့ကြောင်း၊ သက်ဆိုင်ရာက ထိထိရောက်ရောက် မကိုင်တွယ်တဲ့အခါ ခိုးခုတ်သူတွေက တားဆီးကာကွယ် သူတွေအပေါ်မှာ ပြန်လည်ရန်ပြုလာနိုင်တာကို တားဆီးရေးအဖွဲ့ကို လိုက်ကြမယ့် ရွာသူရွာသားတွေက ကြောက်ရွံ့လာကြကြောင်း ကံငူကျေးရွာသား ကိုလှဝင်းက ပြောပါတယ်။
ဒီကိစ္စကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းကြားရာမှာလည်း လွှတ်တော်မှာ တင်ပြပေးမယ် ဆိုတဲ့ စကားရပ်ကလွဲလို့ ကနေ့အချိန်ထိ ဒီရေတောကာကွယ်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်တာကို မတွေ့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဂွမြို့နယ်၊ ကံငူကျေးရွာက ကျေးရွာအဆင့် ဒေသတွင်း ဒီရေတောကာကွယ်ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးကျော်ဝင်းကလည်း သူတို့နဲ့ သစ်ခိုးခုတ်သူတွေကြား ကြီးထွားလာတဲ့ ပဋိပက္ခ ပြေလည်ရေးအတွက် ပြေလည်အောင် ဖြေရှင်းပေးမှု လိုအပ်နေကြောင်း ရှင်းပြပါတယ်။
“တစ်ယောက်နဲ့ တစ်ယောက် ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်ရမယ့် အခြေအနေမျိုးဖြစ်နေတယ် …ကျွန်တော်တို့ကို ကြက်၊ ကြက်ချင်း အိုးမဲသုတ်ပြီး ခြင်းတောင်းတစ်ခုထဲထည့်ခွပ်ခိုင်းတဲ့သဘောမျိုး ဖြစ်နေတယ်၊ ဖိအားလေးတော့ နည်းနည်းပေးပါလို့ (ဝန်ကြီးတစ်ယောက်ကို) တင်ပြခဲ့ဖူးတယ်” လို့ ဦးကျော်ဝင်းက ပြောလိုက်ပါတယ်။ ။
ထက်ခေါင်လင်း/ Myanmar Now
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်