မြေချဉ်မှု (pH နိမ့်မှု) အား ပြုပြင်ကုစားခြင်းနည်းလမ်းများ

09/08/2019 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အက်ဆစ်ဆန်သော မြေချဉ်များအား (pH နိမ့်နေမှုအား) ထုံးထည့်၍ ပြုပြင်ကုစားနိုင်ပါသည်။ အသုံးပြုမှုများသော ထုံးအမျိုးအစားမှာ Calcitic Lime နှင့် Dolomitic Lime တို့ဖြစ်သည်။ Calcitic Lime အမျိုးအစားသည် ကယ်လစီယမ်ကာဗွန်နိုတ်(Calcium Carbonate: CaCO3) ပါဝင်ပြီး Dolomitic Lime တွင် ကယ်လစီယမ်ကာဗွန်နိုတ်နှင့် မဂ္ဂနီစီယမ်ကာဗွန်နိုတ် (Calcium Carbonate and Magnesium Carbonate: MgCa (CO3)2) တို့ ပါဝင်သည်။ မြေချဉ်မှုအား ကုစားရန် ၎င်းတို့အား ထည့်သွင်းရမည့် ပမာဏသည် မြေအမျိုးအစားအထူးသဖြင့် ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းအား (Cation Exchange Capacity) ပေါ်မူတည်၍ မတူညီပေ။ ဥပမာ - ရွံ့စေးဆန်သောမြေသည် ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းအား မြင့်မားသောကြောင့် pH မြင့်တက်လာစေရန်အတွက် ထုံးပမာဏ ပိုထည့်သွင်းပေးရန် လိုအပ်သည်။ 

မြေငံမှု (pH မြင့်မှု) အား ပြုပြင်ကုစားခြင်းနည်းလမ်းများ

စိုက်ပျိုးမြေများ၏ မြေငံနေမှု (pH မြင့်နေမှု) အား ပြုပြင်ကုစားခြင်းသည် မြေချဉ်များအား ပြုပြင်ကုစားခြင်းထက် ပို၍ခက်ခဲပါသည်။ များသောအားဖြင့် မြေငံများအား ကန့် (Sulfur)၊ အိုင်းယွန်းဆာလဖိတ် (Iron Sulphate)၊ အလူမီနီယမ် ဆာလဖိတ် (Aluminum sulfate) နှင့် ကျောက်မှုန့် (Gypsum: Calcium sulphate) တို့အား စိုက်ပျိုးမြေအတွင်းသို့ ထည့်သွင်း၍ ပြုပြင်လေ့ရှိကြပါသည်။

ဆာလဖာသည် မြေကြီး၏ အငန်ဓာတ်အား လျော့ကျသွားစေရန် ဓာတ်ပြုမှုကာလသည် ၁ နှစ်/ကျော်ပတ်ဝန်းကျင်ခန့် ကြာတတ်သည်။ အပင်များအား ထိခိုက်သေစေနိုင်သဖြင့် ၎င်းအား အသုံးပြုမည်ဆိုပါက သီးနှံပင်များမစိုက်ပျိုးမီ လအတန်ကြာကတည်းက မြေကြီးအတွင်းသို့ ၆ လက်မခန့် အနက်ထိ ထည့်သွင်းပေးထားရမည်။ ၎င်းအား ထည့်သွင်းပြီး ၄ လခန့်နေမှ မြေကြီး၏ pH အား စမ်းကြည့်ပြီး လိုအပ်ပါက ထပ်မံထည့်သွင်းပေးနိုင်သည်။ ရွံ့စေးဆန်သောမြေများနှင့် ကနဦးမြေချဉ်ငံဓာတ် (pH) ၇.၃ အထက်ရှိသော မြေများတွင်သာ ဆာလဖာအား နှုန်းထားမြင့်၍ အသုံးပြုရန် လိုအပ်ပါသည်။

မြေကြီး၏ မြေငန်ဓာတ်အားလျှော့ချရန် အိုင်းယွန်းဆာလဖိတ် (Iron Sulphate) အား အသုံးပြုခြင်းသည် မြေကြီးတွင် ဓာတ်ပြုမှုနှုန်း ပို၍မြန်ပြီး ၁ လခန့်အတွင်း မြေငန်ဓာတ်လျော့ကျသွားတတ်သည်။ သို့သော်လည်း တစ်ကြိမ်တွင် ပေ ၁၀၀ ပတ်လည် မြေနေရာစာအတွက် အိုင်းယွန်းဆာလဖိတ် (Iron Sulphate) ၉ ပေါင် အထက်ပို၍ မထည့်သွင်းသင့်ပေ။ ရွံ့စေးဆန်သောမြေများနှင့် ကနဦး မြေချဉ်ငံဓာတ် (pH) ၇.၃ အထက်ရှိသော မြေများတွင်သာ အိုင်းယွန်းဆာလဖိတ် (Iron Sulphate) အား နှုန်းထားမြင့်၍ အသုံးပြုရန် လိုအပ်ပါသည်။ အကယ်၍ နှုန်းထားမြင့်မြင့် အသုံးပြုရန်လိုအပ်ပါက အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းအသုံး ပြုသင့်ပါသည်။ အလူမီနီယမ် ဆာလဖိတ် (Aluminum Sulphate) သည် မြေငန်များအားပြုပြင်ရန် အသုံးပြုနိုင်သော်လည်း ၎င်းသည် အပင်၏ အမြစ်များကို အလူမီနီယမ် အဆိပ်သင့် (Aluminium Toxicity) ဖြစ်စေသောကြောင့် ၎င်းအား အသုံးပြုရန် ပညာရှင်များမှ မထောက်ခံကြပေ။

ကျောက်မှုန့် (Gypsum) ကို မြေငန်များ ပြုပြင်ကုစားရန် တချို့ကအကြံပြုကြသော်လည်း ၎င်းထည့်သွင်းမှုကြောင့် မြေကြီး၏ အငန်ဓာတ်အား သိသိသာသာ မပြောင်းလဲစေသော သုတေသနရလဒ်များကြောင့် တချို့ပညာရှင်များက သဘောမတူကြကြောင်း စာပေများတွင် တွေ့ရှိရပါသည်။ ။

နန္ဒကျော်(ရုက္ခဗေဒ)

ကျမ်းကိုး

၁။ Applied Principles of Horticultural Science, 3rd Edition(Laurie Brown)

၂။ Horticulture: Plant pH Preferences (J.W. Jett, WVU Extension Service)

၃။ Soil pH and plant health in the home garden (Harald Hoffmann)

၄။ Soil pH: CMG GardenNotes#222 (Colorado State University Extension)

၅။ pH for the Garden (Leonard Perry, University of Vermont Extension)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်