ဒီနည်းလမ်းကို စေ့ရွက်စုံပင်အုပ်စုများနဲ့ ဂမီဆောင်ပင်အုပ်စုများမှာ အများဆုံးပြုလုပ်နိုင်ပါတယ်။ အောင်မြင်တဲ့ ကိုင်းကူး/ ကိုင်းဆက်ပင်တစ်ခု ဖြစ်ဖို့အတွက်ဆိုရင် အောက်ခံပင်ရဲ့ အစာရေကြောစည်းများပါတဲ့ အသားတိုးလွှားနဲ့ အပေါ်ကိုင်းရဲ့ အစာရေကြောစည်းပါတဲ့ အသားတိုးလွှာ နှစ်ခုတို့ဟာ တစ်နေရာရာမှာ အောင်မြင်စွာ တွဲဆက်သွားဖို့ လိုအပ်ပါတယ်။ စေ့ရွက်ထီးပင်များမှာတော့ အစာရေကြောစည်းမပါတဲ့အတွက် ကိုင်းကူးကိုင်းဆက်ပြုလုပ်ဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ။ ဥပမာ ပြောင်းပင်၊ အုန်းပင်။
အဖူးမြှုပ်ခြင်းနဲ့ ကိုင်းကူးကိုင်းဆက်ခြင်းအောင်မြင်စေဖို့ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။
(က) ကလုန်းပင် အချင်းချင်း ကိုင်းဆက်ခြင်း(Grafting within a Clone) ။ ။ အောက်ခံပင်ရော အပေါ်ကိုင်းရောဟာ မိခင်ပင်တစ်ခုတည်းကနေ ရယူကိုင်းဆက်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ နိုင်ငံခြားနှင်းဆီပင်များမှာ လှပဝေဆာတဲ့ အပင်အဝန်းအဝိုင်းပုံစံရအောင် ဒီနည်းကို သုံးတာတွေ့နိုင်ပါတယ်။
(ခ) ကလုန်းပင်တစ်ခုနဲ့ တစ်ခုကိုင်းဆက်ခြင်း (Grafting between Clones with a species) ။ ။ တူညီတဲ့ မျိုးစိတ်တစ်ခုကနေ ရယူထားတဲ့ ကလုန်းပင်များကနေ ထွက်လာတဲ့ ကိုင်းများကို ဆက်ပေးနိုင်ပါတယ်။ သစ်သီးပင်များနဲ့ အခွံမာအက်ကွဲသီးပင်များမှာ လုပ်နိုင်ပါတယ်။
(ဂ) မျိုးစိတ်တူ-မျိုးနွယ်တူ အပင်ချင်း ကိုင်းဆက်ခြင်း(Grafting between Species within a Genus) ။ ။ ဒီနည်းလမ်းမှာ အချို့အပင်များမှာတော့ အောင်မြင်တတ်ပြီး အချို့လည်း မအောင်မြင်တာကို တွေ့ရတတ်ပါတယ်။ ရှောက်သံပုရာအုပ်စု၊ မက်မွန်သီးအုပ်စု၊ ဗန်ဒါပင်အုပ်စု၊ ဇီးသီးအုပ်စုများမှာ တွေ့နိုင်ပါတယ်။ အမြစ်ထွက်သန်တဲ့ ရှောက်သံပုရာမျိုးရင်းကို အောက်ခံပင် အဖြစ် စိုက်ပျိုးထားပြီး အပေါ်ကိုင်းကိုတော့ တန်ဖိုးရှိပြီး လှပရှားပါးတဲ့ လိမ္မော်မျိုး၊ ကျွဲကောမျိုးများကို စိုက်ပျိုးကြတာ တွေ့နိုင်ပါတယ်။
(ဃ) မျိုးရင်းတူ-မျိုးနွယ်တူ အပင်ချင်း ကိုင်းဆက်ခြင်း (Grafting between Genera within Family)။ ။ မြေဆောင်ရောဂါများ၊ မြေအောင်းပိုးမွှားများကို ခံနိုင်ရည်ရှိစေဖို့နဲ့ အခြားသော ပြင်းထန်သော ရာသီဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ငရုတ်၊ ခရမ်းချဉ်၊ ခရမ်း၊ အာလူးစတဲ့ အပင်များမှာ စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့်သုံးကြပါတယ်။ ရှောက်သံပုရာပင်များမှာလည်း အမြစ်ထွက်သန်ဖို့ ရည်ရွယ်ချက်နဲ့ ဒေသမျိုးကို အောက်ခံပင်အဖြစ်ထားကာ အဖိုးတန်မျိုးကို အပေါ်ကိုင်းအနေနဲ့ ထားရှိကာ ကိုင်းဆက်အောင်မြင်တာ တွေ့ရပါတယ်။
ရီဆွေအေး (၂၀၀၈ BAg)