နွေစပါးသစ်ပေါ်ချိန် စပါးဈေးနှုန်း ကျဆင်းနေပါက အစိုးရမှ ကျပ်ငွေ ၂၅ ဘီလျံ အသုံးပြု ဝယ်ယူသွားရန် စီစဉ်ဆောင်ရွက်နေ

01/04/2017 16:46 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နွေစပါးသစ် ပေါ်ချိန်တွင် တောင်သူများ စပါးပေါက်ဈေးမှာ ထုတ်လုပ်မှုစရိတ် ထက်လျော့နည်း၍ ဈေးကောင်း မရရှိပါက အစိုးရမှ ဝယ်ယူပေးရန် အသင့် အနေအထား ပြင်ဆင်ထားကြောင်း သိရသည်။ ထိုသို့ အစိုးရမှဝယ်ယူရန်အတွက် ကျပ်ငွေ ၂၅ ဘီလျံ အသုံးပြုရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ ဝယ်ယူပေးရန် လယ်ယာထွက်ကုန် စီမံခန့်ခွဲရေး ကော်မတီမှ ဦးဆောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကော်မတီများ ဖွဲ့စည်းပေးထားကာ အသင့်အနေအထား ပြင်ဆင်ထားကြောင်း၊ နိုင်ငံတော်မှ ရန်ပုံငွေတောင်းခံထားကြောင်း၊ တောင်သူများ၏ တစ်ဧက စပါးထုတ်လုပ်မှု စရိတ်ထက် လျော့နည်းကာ အရှုံးပေါ်သည့် အခြေအနေတွင် ဝယ်ယူပေးမည် ဖြစ်ကြောင်း သိရသည်။ “ အစိုးရဆီကနေ ရန်ပုံငွေတောင်းခံ ထားပြီးပြီ။ မဖြစ်မနေ ဝယ်ယူပေးဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေ သူတို့ဒေသမှာတော့ ဝယ်ယူပေးဖို့ ပြောလာရင် ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

လက်ရှိ စပါးဈေးကတော့ ထုတ်လုပ်မှု စရိတ်ထက်တော့ ရနေပါသေးတယ်။ ဝယ်ယူမယ့် အခြေအနေမှာလည်း စိုက်ပျိုးရေး ဦးစီးဌာနကတော့ ဘယ်ဒေသမှာ ဘယ်လောက် စပါးထွက်တယ်၊ ဘယ်လောက်ဈေး ရှိတယ်ဆိုတာ တွက် ချက်ပေး ရမှာပေါ့။ လိုအပ်ရင် ချက်ချင်း ဝယ်နိုင်အောင် အဖွဲ့တွေလည်း ဖွဲ့ထားပါပြီ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတောင်သူများ ဂျာနယ်ကို ပြောသည်။ ယခင်နှစ်က လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးကော်မတီမှ ဦးဆောင်၍ စပါးဈေးကွက် ချိန်ဆမှု တိုးတက်လာစေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ  ထွက်ရှိသော သက်နု စပါး များကို ကျပ်သန်းပေါင်း ၁၅ဝဝဝ အသုံးပြု၍ ဝယ်ယူမည်ဟု ထုတ်ဖော်ပြောကြားထား သော်လည်း နောက်ပိုင်း စပါးဈေး ပြန်လည်ကောင်းမွန်လာ၍ ဝယ်ယူရန် အစီအစဉ်ကို ရပ်တန့်ခဲ့သည်။ “တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဝယ်ယူ မှု ပြုသွားဖို့ လိုအပ်တယ်။ ဒီလို ကော်မတီကနေ ဝယ်ယူရာမှာလည်း ဧည့်မထစပါးကို အဓိကထားဝယ်ယူမှာ ဖြစ်ပါတယ်။ ပြည်နယ်၊ မြို့နယ်အဆင့်လိုက် ဘယ်မြို့နယ်ကိုတော့ ဝယ်ယူမယ်၊  မဝယ်ယူဘူး တင်ပြ သွားမှာပေါ့။ သက်နု စပါးအများဆုံး ထွက်တာ အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ ထွက်တာပါ။ ဝယ်ယူမယ့်ဈေးနှုန်းကိုလည်း ထပ်ဆွေးနွေးရဦးမှာပါ”ဟု ဆန်စပါးကုန်သည် ဦးမြင့်ဆွေက ပြောသည်။

လယ်ယာထွက်ကုန် စီမံခန့်ခွဲရေး ကော်မတီမှ ဦးဆောင်၍ ဆောင်ရွက်ခြင်းမှာလည်း တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခြေခံဈေးနှုန်းများ သတ်မှတ်ကာ ဝယ်ယူမည့် အစီအစဉ်များကိုလည်း နည်းလမ်းတကျ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ဆန်စပါးဝယ်လိုအား တိုးမြင့်လာစေရေးနှင့် တောင်သူများ တွက်ခြေကိုက်သည့်ဈေးနှုန်း ရရှိရေးတို့အတွက် ရေတို၊ ရေရှည်အစီအမံများ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။ “နေပြည်တော်မှာ ဆိုရင် စပါးအဟောင်း တင်း ၁၀ဝ ကို ကျပ်လေးသိန်းခွဲအောက်ဘဲ ဈေးပေါက်နေတယ်။ ဒါတောင် လာဝယ်မယ့်သူ စောင့်နေရတုန်းဘဲ။ စပါးအပေါ် မူတည်ပြီးတော့ ဈေးနှုန်းလည်း ကွာဟနေတယ်။ အရင်နှစ်က လှောင်စပါးတွေလည်း အခုထိဈေးကောင်း မရသေးဘူး။ စပါးဈေးပျက်နေတာ နှစ်နှစ်ရှိသွားပြီ။ တောင်သူတွေ အတွက်လည်း စိုက်မော ဖြစ်နေပါပြီ”ဟု နေပြည်တော်၊ တပ်ကုန်းမြို့နယ်နေ တောင်သူ ဦးလှဝင်းကို မြန်မာတောင်သူကြီးများ ဂျာနယ်ကို ပြောသည်။

မြန်မာနိုင်ငံ၏ ဆန်စပါး အဓိက ထုတ်လုပ်ရာ ဒေသများဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နှစ်စဉ် ဖေဖော်ဝါရီလမှ စတင်၍ နွေစပါးများ ရိတ်သိမ်းနိုင်ပြီး ဝယ်လိုအားထက်၊ ရောင်းလိုအားများ နေတတ်ကြောင်း၊ ထို့ကြောင့် စပါးဝယ်ယူရန် လိုအပ်သည့်ဒေသ၊ မြို့နယ်များကို သတ်မှတ်ကာ လယ်ယာ ထုတ်ကုန် စီမံခန့်ခွဲရေး ကော်မတီမှ တစ်ဆင့်ဦးဆောင်၍ သိုလှောင်ရုံ (သို့မဟုတ်) ဝယ်ယူရေး စခန်းအဖြစ် သတ်မှတ် အခြေချကာ ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Source-နီနီအောင် (မြန်မာတောင်သူကြီးများဂျာနယ်)

အတွဲ (၁၄) အမှတ် (၂၄၄)၊ မတ် ၂၇ - ဧပြီ ၂၊ ၂၀၁၇ ခုနှစ်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်