မြန်မာ့ငရုတ်သီးနှင့် ကုန်စိမ်းသီးနှံများကို ကုမ္ပဏီများပူးပေါင်း၍ နိုင်ငံတကာစျေးကွက်ရှာဖွေမည်

18/12/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာ့ငရုတ်သီးနှင့် ကုန်စိမ်းသီးနှံများကို ကုမ္ပဏီများပူးပေါင်း၍ နိုင်ငံတကာစျေးကွက် ထိုးဖောက်ရှာဖွေနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

မြန်မာငရုတ်သီးအပါအဝင် ကုန်စိမ်းသီးနှံတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေ ပူးပေါင်းလက်တွဲပြီး နိုင်ငံတကာစျေးကွက် ရှာဖွေ​ထိုးဖောက်ပါတော့မယ်။ ဒါ​ကြောင့် ငရုတ်စိုက်တောင်သူတွေအနေနဲ့လည်း မိမိတို့ငရုတ်သီးတွေကို အရည်အသွေးပြည့်မီအောင် စိုက်နည်းစနစ်မှန်မှန်နဲ့ အသေအချာစိုက်ပျိုးကြပါ။ နယ်စပ်တစ်ခုပဲ အားကိုးနေရတဲ့ ကျွန်မတို့တောင်သူတွေ နောင်ဆို စျေးနှုန်းတည်ငြိမ်စွာနဲ့ ငွေကြေးအပါအဝင် အစစအရာရာမှာ ရင်မ,မနေရတော့အောင် အားလုံးစုပေါင်း ကြိုးစားကြတော့မှာပါ။

ဟု မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဉက္ကဌဒေါ်ဥမ္မာကျော်က ပြောသည်။ 

    ယင်းကဲ့သို့ ဈေးကွက်သစ်များ ရှာဖွေဖော်ဆောင်ရာတွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)နှင့်အတူ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း စသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ အသေးစား၊ အလတ်စား သစ်သီးဝလံကုမ္ပဏီများ စုစည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Myan Fresh နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အခုဆိုရင် ကျွန်မတို့မြန်မာနိုင်ငံမှာ Myan Fresh ဆိုတဲ့အဖွဲ့ကြီး ပေါ်ထွက်လာပါပြီ။ မြန်မာ့ကုန်စိမ်းသီးနှံတွေအတွက် စျေးကွက်သစ်တွေရရှိအောင် အတတ်နိုင်ဆုံးကြိုးစားကြမှာပါ။ ကျွန်မတို့ရဲ့ နေသူရိန်စတားကုမ္ပဏီကလည်း Myan Fresh ရဲ့အဖွဲဝင်အဖြစ်နဲ့ ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။

ဟု ဒေါ်ဥမ္မာကျော်က ဆက်လက်ပြောသည်။

    မြန်မာ့သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်းချမှု ကွင်းဆက်တစ်လျှောက် လုပ်ငန်းစဉ်များအားလုံးကို အဖွဲ့ဝင်ကုမ္ပဏီများမှ အသီးသီးဆောင်ရွက်သွားကြမည်ဖြစ်ပြီး၊ Myan Fresh ကုမ္ပဏီမှ ပြည်တွင်းပြည်ပ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ရေးနှင့် လိုအပ်သော အခြေခံအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်