Food Safety ဖြစ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချမည်

26/03/2019 11:29 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP)နှင့် အော်ဂဲနစ်လက်မှတ်ရ Food Safety ဖြစ်သော ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံများကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။ 

ယင်းကဲ့သို့လက်မှတ်ရရှိထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ရန်ကုန်မြို့ရှိ စိုက်ပျိုးရေးသုံး ပံ့ပိုးပစ္စည်းအရောင်းဆိုင်နှင့် နည်းပညာအကူအညီပေးရေးဌာန မြေပဒေသာကျွန်းတွင် ယခုလ ၂၃ ရက်မှစ၍ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ နံနက် (၇) နာရီမှ နေ့ လည် ၁၂ နာရီအထိ ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

"အဲ့နေ့မှာ Safe Food From Safe Farm ဆိုတဲ့ စိတ်ချရ တဲ့သီးနှံထွက်ကုန်တွေကို ရောင်းချတဲ့ ပွဲ လုပ်မှာဖြစ်ပါတယ်။ ဒါကလဲ ၂၀၁၅ ထဲက စလုပ်ခဲ့တာ အဲ့တုန်းက တစ် ပတ်ကို ၁ရက် စနေနေ့ပဲလုပ်ခဲ့တာ ၂နှစ် ၃နှစ် လောက် ဆက်တိုက်လုပ်ခဲ့ပြီး မနှစ်ကတော့ အင်အားနည်းသွားတယ်။ အခုကပြန်မွမ်း မံပြီး ပြန်လုပ်တာပါ။"ဟု   မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်၊ စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြော သည်။

ယင်းကဲ့သို့ ဖွင့်လှစ်ရောင်းချခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ၏ ခွင့်ပြုချက်ဖြင့် ဆိုင်ခန်းပေါင်း ၃၄ ခန်းဖြင့် စတင်ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

GAP လက်မှတ်ရ၊ အော်ဂဲနစ်လက်မှတ်ရနှင့် သဘာဝအတိုင်း သီးပွင့်သော သီးနှံများကိုသာ ရောင်းချမည်ဖြစ်ပြီး ၎င်းတို့က ရောင်းသင့်သည်ဟု ထောက်ခံချက်ပေးထားသော ခြံပေါင်း ၁၇ ခြံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝ လံများကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

"ဒါက GAP လက်မှတ်တို့ အော်ဂဲနစ်လက်မှတ်တို့ စနစ်တကျလုပ်ထားပြီးတဲ့ သူတွေအတွက်ကိုရော စိုက်ပျိုးတဲ့ တောင် သူတွေအတွက်ကိုရော ဈေးကွက်ဖော်ဆောင်ပေးတာဖြစ်သလို စားသုံးသူတွေက ပိုးသတ်ဆေးတွေရှိမလားဆိုတဲ့ အ တွေးတွေကိုလဲ ဖြေဖျောက်ပေးဖို့ Food Safety ဖြစ်တဲ့ အစားအစာ ဘေးကင်းလုံခြုံတယ်ဆိုတာကို တာဝန်ခံပြီး ကျွန် တော်တို့ ဖွင့်လှစ်တာဖြစ်ပါတယ်"ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။

ထိုသို့ လာရောက်ရောင်းချသူများအနေဖြင့် အသိအမှတ်ပြု လက်မှတ်တခုခုရှိရမည်ဖြစ်ပြီး အစစ်ဆေးခံနိုင်ရမည်ဖြစ်ပြီး ယင်းဆိုင်ခန်းများတွင် မရိုးမသား ရောင်းချမှုများကို စစ်ဆေးတွေ့ရှိပါက ရာသက် ပန်ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရောင်းချခြင်းကို ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် လုပ်ငန်းကြီးကြပ်မှုအားနည်းခြင်းနှင့် ရောင်းချသူများဘက်က မရိုးသားမှုများကြောင့် ၂ ဆိုင် ၃ ဆိုင်ခန့်သာ ကျန်ရှိတော့သည့်အတွက် ယခုအခါ ပြန်လည်မွမ်းမံ၍ ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်သည့် ဈေးနှုန်းဖြင့် ဖွင့်လှစ်ရောင်းချ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့စိုက်ပျိုးရေးမှ GAP လက်မှတ်အား သီးနှံ ၁၅ မျိုးကို ပေးထားပြီး  မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကပေးသည့် အော်ဂဲနစ်လက်မှတ်မှာ ၇ ခုရှိကြောင်း သိရသည်။

အေးအေးမြင့်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်