မိုးပြတ်သွားရင် ကျရောက်လာနိုင်တဲ့ နှမ်းရွက်လိပ်ပိုး

30/06/2020 19:30 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    နှမ်းပင်ရဲ့  အပွင့်ပွင့်ချိန်နဲ့ အသီးသီးချိန်မှာအဓိက ကျရောက်ဖျက်ဆီးတတ်တဲ့ ကောင်တွေ ဖြစ်ပါတယ်ဗျ။ ဒါကြောင့် ဆိုးဆိုးဝါးဝါးကျရောက်ရင် နှမ်းအထွက်နှုန်းကို ထိခိုက်စေနိုင်တာမို့ ဒီကောင်တွေရဲ့ နေထိုင်စားသောက်ပုံအလေ့အထကိုသိရှိပြီး ကာကွယ်နှိမ်နှင်းနိုင်အောင် လေ့လာကြည့်ကြ ရအောင်လားဗျာ။

ဘဝစက်ဝန်း 

ဥအဆင့်- ဥတွေကို အရွက်တွေရဲ့အောက်မျက်နှာပြင်တွေ၊ သီးတောင့်တွေနဲ့ ကိုင်းတွေမှာ တစ်လုံးချင်းစီ ဥလေ့ရှိပါတယ်။ ဥခါစဥလေးတွေက အလွန်သေးငယ်တဲ့ အဖြူရောင်ဥလေးတွေဖြစ်ပြီး ပေါက်ခါနီးရင်တော့ အနက်ရောင်သန်းသွားပါတယ်။

သားလောင်းအဆင့်-ခေါင်းလေးသာမည်းနေပြီး ခန္ခာကိုယ်တစ်ခုလုံး အစိမ်းရောင်ရှိကာ အဖြူရောင်အမွှေးတိုလေးတွေပါရှိကြပါတယ်။

ရုပ်ဖုံးအဆင့်- ရုပ်ဖုံးတွေက နီညိုရောင်ရှိပြီး တစ်ပတ်လောက်ကြာတော့ အကောင်ကြီးအဖြစ် ပြောင်းသွားပါတယ်။

အကောင်ကြီးအဆင့်- နီညိုရောင် ဖလံကောင်လေးဖြစ်ပါတယ်။ 

ဘယ်လိုစားသောက်ဖျက်ဆီးကျတာလဲ

- ငယ်ရွယ်တဲ့သားလောင်းကောင်တွေက ထိပ်ဖျားရွက်တွေကို လိပ်ပြီး စားသောက်ကြပါတယ်။

- ပန်းပွင့်ချိန်မှာဆိုရင် ပန်းပွင့်တွေထဲကို ဝင်ရောက်စားလေ့ရှိကြသလို သီးတောင့်တည်ချိန်မှာလည်း သီးတောင့်ထဲဝင်ကာ အစေ့တွေကို စားသောက်ဖျက်ဆီးကြပါတယ်ဗျ။ 

ဒီကောင်တွေဖျက်ဆီးထားရင် ဘယ်လိုလက္ခဏာတွေပြလဲ

- ထိပ်ဖျားအရွက်တွေ လိပ်ပြီး ပျက်စီးနေတာကိုတွေ့ရပါမယ်ဗျ။

- အညွန့်တွေ၊ ကိုင်းတွေ မထွက်တော့ပဲ အပင်တွေသေနေတာ တွေ့ရမယ်။

ဘယ်လိုကာကွယ် နှိမ်နင်းကြမလဲ

- နှမ်းပင်ထိပ်ဖျားရွက်တွေမှာကျရောက်နေတဲ့ ဥတွေနဲ့ သားလောင်းကောင်တွေကို ကောက်ယူပြီး ဖျက်ဆီးပစ်ပါ။

- ဆိုးဆိုးဝါးဝါးကျရောက်နေရင်တော့ ပိုးကျနေတဲ့အရွက်တွေ ဖြတ်ယူပြီး ဖျက်ဆီးပေးပါ။

- တမာပိုးသတ်ဆေး ဖျန်းပေးပါ။

- မဖြစ်မနေ ဓာတုပိုးသတ်ဆေးသုံးရမယ်ဆိုရင်တော့ ကာဘာရိုင်း ၅၀ ဒဗလျူပီ( Carbaryl 50 WP) သို့မဟုတ် ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးပါဗျ။

ထွန်းရာဇာ

Ref;https://vikaspedia.in/agriculture/crop-production/integrated-pest-managment/ipm-for-oilseeds/ipm-strategies-for-sesame/sesame-insect-pests-management

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်