စပါးရွက်ဖုံးပုတ်ရောဂါသည် Sarocladium oryzae ႏ Sacroladium attenuatum မှိုမျိုးစိတ်နှစ်ခု ကြောင့်ဖြစ်သည်။ ၎င်းရောဂါသည် အနှံထွက်မှုကို ရပ်တန့်စေခြင်း၊ ပျက်စီးစေခြင်း၊ အနှံမြုံခြင်းနှင့် စပါးစေ့များ အဆန်မပြည့်ခြင်း တို့ကိုဖြစ်စေသည်။ အနှံများလည်း ပုတ်သွားတတ်သဖြင့် ဆန်သားအရောင်ပျက်ပြီး ဆန်အရည်အသွေး ညံ့စေသည်။
ဓာတ္ပံု- IRRI Rice Knowledge Bank
ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ
ရွက်ဖုံးပုတ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ စပါးစိုက်သည့် နိုင်ငံအများစု တွင်ဖြစ်ပွားသည်။ အဓိကအားဖြင့် မိုးအားကိုးစိုက်သော ဒေသများတွင်ဖြစ်ပြီး ခြောက်သွေ့သောရာသီထက် စွတ်စိုသောရာသီတွင် ရောဂါ ပိုမိုဖြစ်ပွားသည် အပင်ဦးရေ ထူထဲပြွတ်သိပ်လျှင် ရောဂါကျရောက်မှုနှုန်း ပိုမိုမြင့်မားသည်။ အနှံများဖြစ်ခါစတွင် အင်းဆက်ကြောင့် (သို့မဟုတ်) အခြားသောနည်းဖြင့်ရသော အပင်၌ ဒါဏ်ရာအနာများရှိပါက မှိုဝင်ပေါက် ကဲ့သို့ဖြစ်ပြီး ရောဂါကျရောက်မှု ပိုမိုပြင်းထန်သည်။ ရောဂါဖြစ်မှိုသည် အနှံနုလေးကို ဖုံးအုပ်ထားသည့် အပေါ်ဆုံးမှ ရွက်ဖုံးကိုပုတ်သွားစေသဖြင့် အနှံကြီးထွားမှုရပ်တန့်ပြီး အပြင်သို့မထွက်နိုင်တော့ပေ။
ဤရောဂါသည် နိုက်တြိုဂျင် ဓါတ်မြေသြဇာနှုန်းထားမြင့်မားစွာကျွေးသော လက်ကွက်များနှင့် အနှံထွက်ချိန်မှ အပင်ရင့်ချိန်အတွင်း လေထု စိုထိုင်းဆမြင့်မားပြီး အပူချိန်၂၀မှ၂၈ ဒီဂရီ ဆဲလ်စီးယပ်(စ)ရှိသော နေရာ များတွင်လည်း ဖြစ်ပွားသည်။
ရောဂါအမျိုးအမည် ခွဲခြားဖေါ်ထုတ်ခြင်း / လက်ခံပင်ပြလက္ခဏာ
စပါးခင်းထဲတွင် ရွက်ဖုံးပုတ်ရောဂါကို ရွက်ဖုံးပေါ်၌ သီးခြားရောဂါတစ်ခုအဖြစ် တွေ့ရတတ်သော်လည်း များသောအားဖြင့် မိုးရာသီ၌တွေ့ရလေ့ရှိသော ရွက်ဖုံးနှင့် အဆန်များ အရောင်ပျက်ခြင်း လက္ခဏာများတွင် ရောထွေးဖြစ်ပေါ်လေ့ ရှိသည်။ ရွက်ဖုံးပုတ်ရောဂါ၏ ပုံမှန်အနာများသည် အနှံနုကိုဖုံးအုပ်ထားသော အပေါ်ဆုံးရှိရွက်ဖုံး ပေါ်တွင် စတင်ဖြစ်ပေါ်သည်။ ၎င်းသည် လုံးရှည်ပုံ၊ ပုံသဏ္ဍန် မမှန်သည့် ပုံများရှိပြီး၊ အနီရင့်ရောင်နှင့် အညိုရောင်အနားရစ်များရှိကာ အလယ်တွင် မီးခိုးရောင် (သို့မဟုတ်) အညိုရောင်သန်းသည့် မီးခိုးရောင်အပြင်လိုက် ဖြစ်နေသည်။
များသောအားဖြင့် ရွက်ဖုံးပေါ်တွင် ကွက်ပြောက်များစွာဖြစ်နေပြီး တဖြေးဖြေးကျယ်ပြန့်လာပြီး အချင်းချင်းပေါင်းစပ်ကာ ရွက်ဖုံးတစ်ခုလုံးနီးပါး ဖုံးအုပ်သွားနိုင်သည်။ အနှံသည် ရွက်ဖုံးအတွင်းမှ တစ်စိတ်တစ်ပိုင်းသာ ထွက်နိုင် (သို့မဟုတ်) လုံးလုံးမထွက်နိုင်တော့ပေ။ ရောဂါကျရွက်ဖုံးအပြင် မျက်နှာပြင်ပေါ်တွင် အဖြူရောင် မှိုမျှင်နုများ ပေါက်ပွားနေသည်ကိုတွေ့မြင်နိုင်သည်။ ရွက်ဖုံးအတွင်းမှ မထွက်လာနိူင်သောအနှံသည် ပုတ်သွားပြီး စပါးပွင့်များသည် နီညိုရောင်မှ အညိုရင့်ရောင်သို့ပြောင်းသွားသည်။
ရွက်ဖုံးပုတ်ရောဂါလက္ခဏာသည် တစ်ခါတစ်ရံ ရွက်ဖုံးခြောက်ရောဂါနှင့်ရောထွေးနိုင်သည်။ သို့သော်လည်း ရွက်ဖုံးပုတ်ရောဂါသည် ရွက်ဖုံးခြောက်ရောဂါထက် ပိုမိုဖြစ်ပွားနိုင်ပြီး အနှံထွက်ပြူလာမှုကို ပို၍ဟန့်တား ထိခိုက်စေနိုင်သည်။ ရွက်ဖုံးခြောက်ရောဂါသည် အရွက်ပေါ်တွင်လည်းဖြစ်ပေါ်နိုင်ပြီး အပင်၏အောက်ပိုင်းတွင် ပိုမိုဖြစ်ပွားကာ အနှံထွက်ပြူမှုကို မထိခိုက်စေပေ။ ရွက်ဖုံးပုတ်ရောဂါကိုသေချာစေသည့်အချက်များမှာ ---
ရောဂါအနာပြောက်များသည် အနှံကိုဖုံးအုပ်ထားသည့် အပေါ်ဆုံးရွက်ဖုံးပေါ်တွင်တွေ့ရသည်။
အနှံများ လုံးလုံးမထွက် (သို့မဟုတ်) တစ်ဝက်တစ်ပျက်သာ ထွက်သည်။
ရွက်ဖုံးပုတ်နေသည်။
ရောဂါကျရွက်ဖုံးများပေါ်တွင် အဖြူရောင် မှိုမျှင်ပေါက်ပွားနေမှုကိုတွေ့ရသည်၊၊
ရောဂါ၏ အရေးကြီးမှု
ရွက်ဖုံးပုတ်ရောဂါသည် စပါးပင်ကြီးထွားမှု အဆင့်အားလုံးတွင် ဝင်ရောက် တိုက်ခိုက်နိုင်သည်။ သို့သော် ဖုံးတုံးလုံးတုံးအဆင့်နှင့် အနှံမထွက်ပြူခင်ကြားကာလတွင် ပျက်စီးမှု အပြင်းထန်ဆုံးဖြစ်သည်။ အထွက်နှုန်းဆုံးရှုံးမှုအနေဖြင့် ထိုင်ဝမ်တွင် ၂၀ မှ ၈၅%၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့်အိန္ဒိယနိုင်ငံတို့တွင် ၃၀ မှ ၈၀% ရှိသည်။ ဂျပန်နိုင်ငံတွင် စပါးခင်း ဟက်တာပေါင်း ၅၁၀၀၀ မှ ၁၂၂၀၀၀ အထိ ရောဂါကျရောက်ပြီး တန်ချိန်ပေါင်း ၁၆၀၀၀ မှ ၃၅၀၀၀ အထိ ဆုံးရှုံးမှုရှိကြောင်း သိရသည်။ ရောဂါကျ စပါးစေ့နှင့် ပင်ကြွင်းပင်ကျန် အစိတ်အပိုင်းများတွင် ခိုအောင်းနေသော မှိုမျှင်များသည် နောက်ရာသီစပါးခင်းအတွက် ရောဂါမျိုးမှုရင်းအစများ ဖြစ်နိုင်သည်။
၁) ရွက်ဖုံးပုတ်ရောဂါသည် မျိုးစေ့ဆောင်ရောဂါဖြစ်သောကြောင့်ရောဂါကင်းသော စိုက်ခင်းမှရသော မျိုးစေ့ကို စိုက်ပါ။
(၂) အင်းဆက်ကျရောက်မှု အနည်းဆုံးဖြစ်အောင် ကာကွယ်ပါ။ ရောဂါဖြစ်မှိုသည် အင်းဆက်ကြောင့်ရသော ဒါဏ်ရာမှတစ်ဆင့် အပင်ထဲသို့ဝင်ရောက်ပြီး ရောဂါဖြစ်စေသောကြောင့်ဖြစ်သည်။
(၃) စပါးရိတ်သိမ်းပြီးလျှင် ရောဂါကျ အပင်အစိတ်အပိုင်းများအား စိုက်ခင်းအတွင်းမှ ဖယ်ရှားပါ။ ၎င်းတို့တွင် မှိုများ ရှင်သန်ခိုအောင်းနေနိုင်ကြသောကြောင့်ဖြစ်သည်။
(၄) ပင်ပွားထွက်ချိန်တွင် ပိုတက်(ရှ) မြေသြဇာ ထည့်ပေးပါ။
(၅) ကယ်လ်စီယမ်ဆာလ်ဖိတ်နှင့် ဇင့်ဆာလ်ဖိတ် တို့ကို အရွက်ပေါ်ဖြန်းပေးပါ။
(၆) ကာဘင်ဒါဇင်၊ အက်ဒီဖန်ဖေါ့(စ) (သို့မဟုတ်) မင်ကိုဇက် စသည့် မှိုသတ်ဆေးများဖြင့် မျိုးစေ့ဆေးစီရင် (လူးနယ်ခြင်း၊ စိမ်ခြင်း) ပြီး စိုက်ပါ။ ဖုံးတုံးလုံးတုံးအဆင့်တွင် အပင်ကိုဖြန်းပေးပါ။
(၇) ရွက်ဖြန်း မှိုသတ်ဆေးများဖြစ်သည့် ဘင်နိုမိုင်းလ်၊ ကော့ပါးအောက်စီကလိုရိုဒ် တို့ဖြင့် ပက်ဖြန်းပါ။
ဒေါက်တာ ခင်နှင်းယု
ကိုးကား- IRRI Rice Knowledge Bank