ဓနုဖြူ ၊ အောက်တိုဘာ - ၄
၂၀၂၁ မိုးစပါးရာသီမှာ ဘဏ်မှတစ်ဆင့် လှည့်လည်သုံးစွဲရတဲ့ ငွေကြေးအခက်အခဲတွေကြောင့် ကန်ထရိုက်လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ဖို့ ကုမ္ပဏီအများစုက တွန့်ဆုတ်လာကြပေမယ့် ဓနုဖြူမြို့နယ်အခြေစိုက် ကဉ္ဇနကျွန်းသာကုမ္ပဏီကတော့ ဒီလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။ တောင်သူပေါင်း နှစ်ထောင်ကျော်ရဲ့ လယ်မြေဧကပေါင်းတစ်သောင်းမှာ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်သွားဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ကုမ္ပဏီမှ တိုက်နယ်တာဝန်ခံ ဦးဝင်းမြင့်က Green Way ကိုပြောပါတယ်။
ဦးဝင်းမြင့်(တိုက်နယ်တာဝန်ခံ)၊ ကဉ္ဇနကျွန်းသာကုမ္ပဏီ
နှစ်တိုင်းကတော့ ကျွန်တော်တို့က မြေသြဇာ သီးခြားကြွေးပေးတယ်။ ဒီနှစ်မှာတော့ ငွေသား တစ်သိန်းနှုန်းတော့ပေးတယ်။ ငွေသားထဲမှာ မြေသြဇာဖိုးကို ပေါင်းစပ်ပြီးပေးတော့ ငွေသားက ဒါ ၃၈၅၀၀ လောက်ပဲရတယ်။ မြေသြဇာဖိုးနဲ့၊ ဒီလို တစ်သိန်းနှုန်းနဲ့ပေးပြီးတော့ ဒီနှစ်တော့ အခက်အခဲကြားထဲက အာမခံလယ်ယာစနစ်ကို စာချုပ်ချုပ်ဖြစ်ခဲ့ပါတယ်။
ယခုနှစ်မိုးစပါးရာသီအစမှာတော့ နိုင်ငံရေးနဲ့ ငွေကြေးအကြပ်အတည်းတွေကြောင့် စပါးကြမ်းခင်းဈေးသတ်မှတ်နိုင်ဖို့ ၄၆ ပေါင်ကိုက် စပါးတစ်တင်းကို ကျပ်ငါးထောင်အကြမ်းဖျင်း သတ်မှတ်ထားခဲ့ပေမယ့် စပါးပေါ်ချိန်မှာ သတ်မှတ်ဈေးထက်မြင့်နေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူသွားမှာဖြစ်ပါတယ်။ ၂၀၂၁ မိုးစပါးရာသီမှာ ဆင်းသုခ၊ ရက် ၉၀ နဲ့ မှော်ဘီ ၂ စပါးမျိုးများကို သီးနှံစေ့အပြင် မျိုးစေ့ဧက ၃၀၀ ကျော်အတွက်ပါ ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ မြေသြဇာဈေးတွေက အရင်ထက် တစ်ဆမကမြင့်တက်နေပေမယ့် ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးတဲ့ တောင်သူတွေကို ယူရီးယားနဲ့ ကွန်ပေါင်းဓာတ်မြေသြဇာ တစ်အိတ်စီ ကြိုတင်ထုတ်ထားပေးခဲ့ပြီးဖြစ်ပါတယ်။ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးတဲ့တောင်သူတွေမှာတော့ ဓာတ်မြေသြဇာလိုအပ်ချက်အတွက် စိုးရိမ်စရာအခြေအနေမဖြစ်ခဲ့ပါဘူး။ ဒီအခြေအနေကို ဓနုဖြူ မြို့နယ် ဝါးရုံချောင်းဖျား ကျေးရွာက ဦးတင်ကဲက Green Way ကိုပြောပါတယ်။
ဦးတင်ကဲ(စပါးစိုက်တောင်သူ)၊ ဝါးရုံချောင်းဖျားကျေးရွာ၊ ဓနုဖြူမြို့နယ်
အဘတို့ကတော့ ကုမ္ပဏီနဲ့ ဆက်စပ်ရတာကြိုက်တာပေါ့။ အခုလည်း သူတို့ မြေဆီတွေ အဘတို့ကိုပေးထားတယ်။ အဘတို့က နယ်ဘက်ဆင်းရတော့ လမ်းမကောင်းဘူး။ အဲ့ဒါကို စောစောစီးစီး ဂွန်ဒေါင်းပေါက်ကတည်းက အဘတို့လာယူထားတယ်
လို့ Green Way ကိုပြောပါတယ်။
စိုက်ပျိုးထုတ်လုပ်သူတောင်သူက ကန်ထရိုက်လယ်ယာကုမ္ပဏီနဲ့ပူးပေါင်းပြီး ဈေးကွက်နဲ့ တိုက်ရိုက်နီးပါးချိတ်ဆက်နိုင်တာတွေ၊ သွင်းအားစုတွေကို အတိုးမဲ့ ကြိုတင်ရယူနိုင်တာတွေအပြင် မစိုက်ခင်ကပင် သီးနှံဈေးနှုန်းကို အရည်အသွေးသတ်မှတ်ချက်အတိုင်း ကြိုတင်သိရှိနိုင်တာက ကန်ထရိုက်လယ်ယာစနစ်ရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့လယ်ယာကဏ္ဍ ဦးမော့လာဖို့ ကန်ထရိုက်လယ်ယာစနစ်နဲ့လုပ်ကိုင်ရာမှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အစိုးရကထုတ်ပြန်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ လယ်မြေဧကပေါင်း ၃၇ သိန်းကျော်ရှိတဲ့အထဲက အခုနှစ် မိုးစပါးရာသီမှာ ကန်ထရိုက်လယ်ယာလုပ်ကိုင်နိုင်တဲ့ ပမာဏကတော့ ဧကပေါင်း နှစ်သောင်းလောက်သာရှိတယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၀၉ ခုနှစ်မှာစတင်ခဲ့တဲ့ ဆန်စပါးအထူးပြုကုမ္ပဏီပေါင်းက ၃၀၀ ကျော်လောက်ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ကန်ထရိုက်လယ်ယာလုပ်ငန်း ဆက်လက်လုပ်ကိုင်နေဆဲကုမ္ပဏီကတော့ လက်ချိုးရေလို့ရနေပါတယ်။ အဲ့ဒီထဲမှာ ကဉ္ဇနကျွန်းသာကုမ္ပဏီကတော့ ဒေသစပါးမျိုးများကို တောင်သူတွေနဲ့ပူးပေါင်းပြီး စိုက်ဧကအများဆုံးနဲ့ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်လုပ်ကိုင်ရာမှာ ဆက်လက်ဦးဆောင်လျှက်ရှိပါတယ်။
ရူပါအောင်ဝင်း