ကြံပင်ထိုးကျိုင်းအန္တရာယ် ကာကွယ်ဖြေရှင်းမယ်

09/09/2018 09:10 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ကြံပင်ထိုးကျိုင်း(Rhabdoscelus obscures) (Coleoptera ၊Curculionidae)

ကြံပင်အောက်ပိုင်း၊အဆစ်ကိုထိုးဖောက်စားသည်။အကောင်ကြီးသည်ကျိုင်းကောင် အမျိုးအစားဖြစ်သည်။

? ရောဂါပင်ပြလက္ခဏာနှင့် ဘဝစက်ဝန်း

လောက်ကောင်သည်ကြံပင်စည်အတွင်းလှိုဏ်ခေါင်းများပြုလုပ်၍ဖျက်ဆီးသည်။လွှစာမှုန့်ကဲ့သို့အညစ်အကြေးများဖြင့်ကြံချောင်းအတွင်းပြည့်နေပါသည်။ ကြံချောင်းပုပ်ပြီးကြံပင်များ ယိုင်လဲပြီးသကြားထွက်ကိုလျော့ကျစေသည်။ လောက်ကောင်သည်နို့နှစ်ရောင် ရှိပြီးဘဲဥပုံ နီညိုရောင် ဦးခေါင်းရှိသည်။ နီညိုရောင် ပါးစပ်အစိတ်အပိုင်းများရှိသည်။ဝမ်းဗိုက်ပိုင်းသည် နောက်ပိုင်းသို့ရှူးသွားသည်။ ကြံရွက်အောက်ခြေနှင့်ကြံပင်၏ဒဏ်ရာပေါ်တွင် ဥများ ဥလေ့ရှိပြီး(၅)ရက်အကြာတွင်အကောင်ပေါက်သည်။ ဥအရောင်သည် အဖြူရောင်ဖြစ်ပြီး(၁-၂) မီလီမီတာခန့်ရှည်၍ အနည်းငယ်ကွေးသည်။ သားလောင်း ပိုးကောင်သည် ခြေချောင်းမပါဘဲ ပုံသဏ္ဍန်အားဖြင့် ပြည့်ဝိုင်းပြီးအသားပေါသည်။ ကျိုင်းကောင်သည်(၆-၁၀)လအထိ ဘဝစက်ဝန်းရှိပြီးအမတစ်ကောင်သည် ဥ(၁၅၀)ထိပေါက်ဖွားနိုင်သည်။

ရုပ်ဖုံးသည် အမျှင်များဖြင့်ရုပ်ဖုံးအိမ်အတွင်းတွင်တင်းတင်းကျပ်ကျပ်ပြုလုပ်ထားသည်။ကျိုင်းကောင်သည်အနက်ရောင်ရှိပြီး(၁၂-၁၅ )မီလီမီတာ( ၁/၂ လက်မခန့်)ရှိသည်။

နှာယောင်သည်သိသာစွာကွေးနေပြီးအတောင်ပံတစ်ခုစီတွင် အနီရောင်ခြယ်များဖြင့်ဖုံးအုပ်ထားသည်။ညနေပိုင်းတွင်အလွန်လျင်မြန်စွာလှုပ်ရှားလေ့ရှိပြီး၊ကြံရွက်ဖုံးနှင့်ဒဏ်ရာရသော ကြံပင်များတွင်ပုန်းအောင်းနေတတ်သည်။ ကြံပင်၏အထွက်နှုန်းကိုလျော့နည်းစေသည်။ Dextran ပါဝင်မှုကိုမြင့်မားစေပြီးကြံအရည်အသွေးကျဆင်းမှုကိုအားပေးသည်။

? ပျံနှံ့ပုံ -အရှေ့တောင်အာရှ၊နယူဂီးနီယား၊သြစတေးလျ၊ဖီဂျီ၊နယူးဇီးလန်နိုင်ငံ

? လက်ခံပင် - ကြံ၊ ကြံရိုင်းပင်၊ ငှက်ပျော၊ အုန်းပင်၊ထန်းပင်၊ ဆီအုန်းပင်

? ကင်းထောက်ကွင်းဆင်းစစ်ဆေးခြင်း

ကင်းထောက်ကွင်းဆင်းစစ်ဆေးခြင်းသည်ကာကွယ်နှိမ်နင်းရေးအတွက် အလွန်အရေးပါပါသည်။ အနံ့အသက်ဖြင့်စွဲဆောင်သောပိုးထောက်ချောက်သည် အရွယ်ရောက် အကောင်ကြီးအရေအတွက်ကိုကင်းထောက်နိုင်ပြီးစိုက်ခင်းတစ်ခုလုံးတွင်ရှိသောပိုးကောင်ဦးရေကိုတိတိကျကျသိရှိရေးအတွက် အထောက်အကူဖြစ်စေပါသည်။ ကြံကျိုင်းဖောက်ပိုး၊ ရေထောင်ချောက်တွင် (Ethyl acetate Pheromone)နှင့် ကြံအပိုင်းအစများကိုထည့်ထားရပါမည်။၎င်းအနံ့ကအင်းဆက်များကိုစွဲဆောင် ခေါ်ယူစေပြီးအခြေရှိရေ(သို့) ဆပ်ပြာဖျော်ရည်ထဲ့သို့ကျကာသေဆုံးသွားစေပါသည်။

ကြံပင်ထိုးကျိုင်းကျရောက်မှုအားစစ်ဆေးရာတွင်ပိုးကောင်အညစ်အကြေးများနှင့်အတူကြံချောင်းတွင်ထွင်းစာထားပြီးကြံချောင်းအတွင်းရှိအမျှင်များနှင့် လုံးထွေးနေမှုရှိ/မရှိစစ်ဆေးရပါမည်။ကြံချောင်းတွင်ထိုးဖေါက်ထားသောအပေါက်ရှိ/မရှိကြည့်ရပါမည်။ကြံပင် (၁၀၀)တွင် ပိုးထိုးအပေါက်များအားကင်းထောက်စစ်ဆေးကောက်ယူ၍ ပိုးထိုးပေါက်(၃၀) ကျော်ပါကစီးပွားရေးတွက်ချေကိုက်မှုအတွက်သတ်မှတ်ခံနိုင်စွမ်းအဆင့် သတ်မှတ်နိုင်ပါသည်။

? ကြံပင်ထိုးကျိုင်းကာကွယ်နှိမ်နင်းရေးနည်းလမ်းများ

စိုက်နည်းစနစ်ဖြင့်ကာကွယ်နှိမ်နင်းခြင်း။

စိုက်နည်းစနစ်အားအခြားကာကွယ်ရေးနည်းလမ်းများဖြင့်ပေါင်းစပ်ကျင့်သုံးခြင်း

ဖြင့်ပိုးများကိုပိုမိုထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ပါသည်။ ပါဝင်သောနည်းလမ်းများမှာ-

- မျိုးကောင်းမျိုးသန့်အသုံးပြုခြင်း၊ လုံလောက်သောမျိုးနှုန်းထားကိုအသုံးပြုခြင်း

- စိုက်ပျိုးချိန်၊ခုတ်သိမ်းချိန်များတွင်ဖယ်ရှားခြင်း

- သီးလှည့်စိုက်ပျိုးခြင်း

- မြေလှပ်ပေးခြင်း

- ခံနိုင်ရည်ရှိသောကြံမျိုးများအသုံးပြုခြင်း

- လူ၊ စက်ကိရိယာများဖြင့် ကာကွယ်နှိမ်နင်းခြင်း

- သင့်တင့်သောမြေသြဇာနှုန်းထားကိုအသုံးပြုခြင်း (အထူးသဖြင့် နိုက်ထရိုဂျင်မြေသြဇာ)

- သင့်တင့်သောရေသွင်းမှုကိုဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

 ဘက်စုံပိုးမွှားကာကွယ်ခြင်း

ဘက်စုံပိုးမွှားကာကွယ်ခြင်းနည်းစနစ်သည် ပိုးမွှားကျရောက်မှုလျော့နည်းစေရန်ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကိုစုပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်သောနည်းစနစ်ဖြစ်ပါသည်။

(က)ပိုးမွှားရောဂါခံနိုင်ရည်ရှိကြံမျိုးများစိုက်ပျိုးခြင်း။အမျှင်ဓါတ်များပြီး၊အခွံမာသောကြံမျိုးများသည် ကြံပင်ထိုးကျိုင်းခံနိုင်ရည်ရှိပြီး၊ အက်ကွဲကြောင်းပါသောကြံမျိုးများသည်အလွန်ခံနိုင်ရည်မဲ့ပါသည်။

(ခ) ဓါတုဗေဒဆေးများအသုံးပြုခြင်း။ Fipronil (asystemic product)ပိုးသတ်ဆေးကိုကြံပင် ပထမအဆစ်ထွက်ချိန်တွင် ဖြန်းပေးခြင်း၊ လမိုင်းခင်းတွင် ကြံပင်အမြင့် ၁ ပေခွဲလောက်ရှိချိန်တွင်ဖြန်းပေးခြင်း၊ အော်ဂဲနိုဖော်စဖိတ် ပိုးသတ်ဆေးအမျိုးအစားဖြစ်သောကလိုပိုင်ရီဖေါ့စ် (chlorpyrifos)ပိုးသတ်ဆေးအားကြံအပိုင်းအစများတွင် အစာတုပုံစံပြုလုပ်၍လည်းကျိုင်းအကောင်ကြီးများအားနှိမ်နင်းနိုင်ပါသည်။

(ဂ) သက်ရှိများကိုအသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း။ ဇီဝသားရဲကောင် ကပ်ပါးမှိုတစ်မျိုးဖြစ်သည့် Metarhiziumanisopliaeကိုအမြောက်အများမွေးမြူပြီးစီးပွားဖြစ်စိုက်ခင်းများထဲသို့ လွှတ်ပြီးဖျက်ပိုးများနှိမ်နင်းခြင်းကိုအခြားနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျှက်ရှိပါသည်။

(ဃ) ဆေးဖြန်းပြီးနောက်အပင်ပြုစုခြင်း။ ပိုးကျကြံခင်းများကိုပိုးသတ်ဆေးဖြန်းပြီးပါကကြံနှင့်သကြားအထွက်ကျဆင်းမှုလျော့နည်းစေရန်အတွက် သင့် တော်သောအပင်အားဆေးတစ်မျိုးမျိုးကိုဖြန်းပေးနိုင်ပါသည်။

(င) ပိုးကျအခင်းကိုလမိုင်းဆက်ထားပါကမီးသေချာရှို့ပြီးလမိုင်းပြုပြင်ပေးပါ။

(စ) ပိုးမွှားကင်းသောမျိုးပိုင်းများကိုအသုံးပြုပါ။

(ဆ) နိုက်တြိုဂျင်မြေသြဇာကိုလိုအပ်သည်ထက်ပိုကျွေးခြင်းဖြင့် ပိုးပိုမိုကျနိုင်ပါသည်။

(ဇ) ကြွက်ကိုက်ရာများ၊ ပင်စည်ထိုးပိုးအပေါက်များမှတဆင့် ဝင်ရောက်နိုင်သဖြင့် ယင်းပိုးမွှားများကာကွယ်နှိမ်နင်းမှုဆောင်ရွက်ပါ။

 

(((သကြားထွက်သီးနှံဌာနခွဲနှင့် ပြန်ကြားရေးဌာနစိတ်တို့ ပူးပေါင်းတင်ပြသည်)))


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်