တီလားပီးယားငါးလိင်ပြောင်းလဲရန်အတွက် ဟိုမုန်းထည့်ထားသည့်အစာ၏အရေးပါပုံ

08/04/2022 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငါးအထီးသည် ငါးအမသို့ ပိုးပန်းသည့် ကာလတွင် အရွယ်ရောက်ပြီး တီလားပီးယားအထီးများသည် သားပေါက်ရန်အတွက် အသိုက်ပြုလုပ်ခြင်း၊ ၎င်းတို့၏ပိုင်နက်အား ကာကွယ်ရခြင်းတို့အတွက် ခွန်အား အလွန်ကုန်ကြပါသည်။

ငါးအမများသည်လည်း ၎င်းတို့၏ကြီးထွားမှုအတွက် အင်အားကို အသုံးမပြုနိုင်ပဲ ဥဥရန်အတွက်၊ ဥများအကောင်ပေါက်ရန်အတွက် နှင့် ပေါက်လာသော သားပေါက်ငယ်များကို ကာကွယ်ရန်အတွက် ခွန်အားကို အသုံးပြုကြရပါသည်။

သားဖောက်ခြင်းပြီးမြောက်ပါက ၎င်းခွန်အားများအား ခန္ဓာကိုယ်ကြီးထွားရန်အတွက် အသုံးပြုကြပါသည်။ တီလားပီးယား အထီးများသည် အမများထက် ၂၀မှ ၃၀ရာခိုင်နှုန်းအထိ အကြီးမြန်ပါသည်။

ထို့ကြောင့် တီလားပီးယား အထီးသားပေါက်များအား တီလားပီးယား အသားတိုးမွေးမြူသည့် လုပ်ငန်းတွင်ထည့်သွင်းမွေးမြူရန်ပိုမို နှစ်သက်ကြသည်။

တီလားပီးယား လိင်ပြောင်းလဲခြင်းအတွက် အများဆုံးအသုံးပြုကြသည့် စနစ်မှာ တီလားပီးယားဥနှင့် တွဲလျက်ရှိသော သားလောင်း ဥအတွင်းစာအား စုပ်ယူပြီးချိန်မှစ ၂၁ရက်အထိ 17-methyl testosterone အထီးဖြစ်စေသော ဟိုမုန်းရောစပ်ထားသည့် အစာအား တစ်ရက်လျှင် ၆၀ ppm နှုန်း ကျွေးမွေးရန်ဖြစ်ပါသည်။ ၎င်းသည် အစာ၁ကီလိုဂရမ်တွင် ဟိုမုန်း ၆၀မီလီဂရမ်ထည့်သွင်းခြင်းနှင့် ညီပါသည်။

ဟိုမုန်းအား ပထမဦးစွာ ၉၅% မီသိုင်းအယ်လ်ကိုဟောတွင် ဖျော်ရပါမည်။ ၎င်းသည် ဟိုမုန်းပျော်ဝင်စေရန် ဖျော်ရည် အဖြစ်လုပ်ဆောင်ပြီး ရေတွင်မပျော်ဝင်ပါ။

ဖျော်စပ်ပြီး ဟိုမုန်းပျော်ရည်အား ရေခဲသေတ္တာထဲတွင်ထည့်သွင်းပြီး ၄ဒီဂရီစင်တီဂရိတ်တွင် ထားပါက ၆လထားနိုင်ပါသည်။ စံချိန်မှီ ဖျော်စပ်ထားသည့် ဟိုမုန်းပျော်ရည်အား အဆင့်မြင့် ငါးစာမှုန့် သို့မဟုတ် စီးပွားဖြစ် ထုတ်လုပ်ထားသည့် ငါးငယ်များပြုစုရန် အစာနှင့်ရောရမည်ဖြစ်ပြီး ၎င်းတွင် ဗီတာမင်စီ ထပ်မံထည့်ပေးရန်လိုအပ်ပါသည်။

နေရောင်ခြည်မရရှိပဲ အရိပ်ရနေသည့်ကန် သို့မဟုတ် ကန်ရေကြည်နေသည့် ကန်တွင် လိင်ပြောင်းလဲခြင်း ဆောင်ရွက်ပါက ဗီတာမင်စီသည် အလွန်အရေးပါပါသည်။

ကန်ရေစိမ်းသည့် ငါးကန်များအတွင်းရှိ ဟာပါများတွင် လိင်ပြောင်းလဲခြင်း ဆောင်ရွက်ပါက ဗီတာမင်စီအား ထည့်သွင်းစဉ်းစားရန်မလိုပါ။

လိင်ပြောင်းလဲခြင်းအား ၂၁ရက်တိုင်တိုင် မှန်ကန်စွာ ဆောင်ရွက်ပါက ရရှိလာမည့် ရလာဒ်သည် ၉၉%သားပေါက် အထီးများဖြစ်နိုင်ပါသည်။

Ref: တီလားပီးယားငါးသားဖောက်ခြင်းနှင့် သားပေါက်အဖိုများ ထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်