(FAO) လက်အောက်ရှိ ကန္တာရနှံကောင် (ကန္တာရကျိုင်းကောင်) စောင့်ကြည့်ရေးအဖွဲ့၏ ကမ္ဘာအနှံ့ လက်ရှိဖြစ်ပေါ်နေသော ကန္တာရနှံကောင်တည်ရှိရာဒေသ နောက်ဆုံးအခြေအနေ

22/07/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက် − အာဖရိကဦးချိုဒေသမှ ကန္တာရနှံကောင် (ကန္တာရကျိုင်းကောင်) ကျူးကျော်ဝင်ရောက်နိုင်မှုအလားအလာလွှမ်းမိုး

     ကင်ညာနိုင်ငံတွင် ကန္တာရနှံကောင်အုပ်များသည် အနောက်မြောက်ဖက် အဓိကအားဖြင့် မာစာဘစ်ခရိုင်တွင် ကျဆင်းပြီးဖြစ်သော်လည်း လေပေါ်နှင့် မြေပေါ်ကာကွယ်နှိမ်နင်းရေး တိုးမြှင့်ဆောင်ရွက်နေသော တာကာနာပြည်နယ်တွင် ဆက်လက်တည်ရှိနေပါသည်။ ဤကန္တာရ နှံကောင်အုပ်အများစုသည် တောင်ဆူဒန်နိုင်ငံကတစ်ဆင့် မြောက်ဖက်အရပ်ရှိ အီသီယိုပီးယားနိုင်ငံနှင့် ဆူဒန်နိုင်ငံတို့ဆီသို့ ဦးတည်ကျူးကျော်ဝင်ရောက်ရန် မျှော်လင့်ရဆဲဖြစ်သည်။ ကန္တာရနှံကောင်အုပ်အနည်းငယ်သည် ယုဂန္ဓာနိုင်ငံ အရှေ့မြောက်ဖက်အတွင်းသို့ နယ်စပ်ကို ဖြတ်သန်းကောင်းဖြတ်သန်းနိုင်သည့် အန္တရာယ်အလားအလာ ရှိပါသည်။ ကင်ညာနိုင်ငံမှ ကျန်ရှိနေသော ကန္တာရနှံကောင်အုပ် ကျူးကျော်ဝင်ရောက်မှုအဆင့်သည် ဆက်လက်လုပ်ဆောင်နေသော ကာကွယ်နှိမ်နင်းရေး လုပ်ဆောင်ချက်များကြောင့် ယခင်က မျှော်မှန်းထားသည်ထက် ပိုမိုနည်းပါးရန် အလားအလာရှိပါသည်။ 

    အီသီယိုပီးယားနိုင်ငံ၊ မြောက်ဖက်ပိုင်း ရစ်ဖ်လွင်ပြင်နှင့် အရှေ့ဖက်ရှိ ဟာရာကုန်းမြင့် ဒေသတို့တွင် အရွယ်မရောက်သေးသော ကန္တာရနှံကောင်အုပ်များအား မြေပေါ်နှင့် လေပေါ် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြင့် အဓိက ဆက်လက်ကာကွယ်နှိမ်နင်းလျက်ရှိပါသည်။ အီသီယိုပီးယားနိုင်ငံ တောင်ဖက်အရပ်တွင် ကင်ညာနိုင်ငံမှလာသော ကန္တာရနှံကောင် သတင်းပေးပို့ချက်များရှိပြီး အမ်မာရာပြည်နယ်နှင့် တစ်ဂရေးပြည်နယ်ရှိ မြောက်ဖက်ကုန်းမြင့်ဒေသများတွင် ကန္တာရနှံကောင်များ ရှိနေပါသည်။ အင်တာနက်ပြတ်တောက်မှုကြောင့် အချိန်ကိုက် သတင်းပေးပို့ခြင်းများအတွက် နှောင့်နှေးခဲ့ရပါသည်။ နွေရာသီ အတောအတွင်း သားပေါက်ခြင်းများ ပိုမိုရှိလာမည်ဟုမျှော်လင့်ရပြီး ယီမင်နိုင်ငံမှ ရောက်လာသည့် ကန္တာရနှံကောင်အုပ်အနည်းငယ်ဖြင့် ထပ်တိုးကာ ပိုမိုတိုးလာကောင်း တိုးလာနိုင်သည်။ 

    ဆိုမာလီယာနိုင်ငံတွင် ဟာဂေးဆားပြည်နယ်နှင့် ဂရိုဝီပြည်နယ်ကြားတွင်ရှိသော မြောက်ဖက်ပိုင်းကုန်းပြင်မြင့်တွင် အရွယ်မရောက်သေးသော ကန္တာရနှံကောင်အုပ်ကို ကာကွယ်နှိမ်နင်းရန် လုပ်ဆောင်လျက်ရှိသည်။ ကန္တာရနှံကောင်အုပ်များသည် ဆိုမာလီယာနိုင်ငံ မြောက်ဖက်အရပ်သို့ဖြတ်သန်းကာ အရှေ့ဖက်သို့ ရွေ့လျားနေပြီး အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံနယ်စပ် နှစ်ဖက်စလုံး တစ်လျှောက်ရှိ နွေရာသီသားပေါက်ဧရိယာများသို့ ရောက်ရှိရန် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းကာ ဆက်လက်ကျူးကျော်ဝင်ရောက်နိုင်ပါသည်။ 

    ယီမင်နိုင်ငံ၏ နိုင်ငံအတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဝဒီဟက်ဒရာမောက် ပြည်နယ်တွင် ရေလွှမ်းခြင်းကို တွေ့ခဲ့ရသည်။ ပိုးမမည်အုပ်စုငယ်များနှင့် အုပ်စုကြီးများကို ဖြစ်စေသော အချို့ ပင်လယ်ကမ်းခြေဒေသများနှင့် နိုင်ငံအတွင်းပိုင်းအနှံ့တွင် သားပေါက်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေပါသည်။ ဤကန္တာနှံကောင်အုပ်အချို့သည် ပင်လယ်နီတွင် ပေါ်လာကောင်းပေါ်လာနိုင်ပြီး မကြာခင်က မိုးရွာသွားသည့် ဧရိယာများတွင် သားပေါက်နိုင်သော အန္တရာယ်အလားအလာရှိပါသည်။ နေရာအနည်းငယ်တွင် စစ်တမ်းကောက်ယူခြင်းနှင့် မြေပေါ်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ ယီမင်နိုင်ငံအနောက်မြောက်ဖက် ဆော်ဒီအာရေဗျနိုင်ငံ၏ ကပ်လျက်ရှိသော ဧရိယာများတွင် ကန္တာရနှံကောင်များ မရှိကြပါ။

    ဆူဒန်နိုင်ငံတွင် နိုင်းမြစ်ဝှမ်းဒေသ၊ ကာဆာလာပြည်နယ်အနီး၊ အဖြူရောင်နိုင်းဒေသနှင့် မြောက်ဖက် ကော်ဒိုဖန်ပြည်နယ်များတွင် အရွယ်ရောက်ထီးတည်းနေ ကန္တာရနှံကောင် အရေအတွက် အနည်းအကျဉ်းရှိနေပါသည်။ အက်တ်ဘာရာပြည်နယ်အနီးတွင် ပြည်တွင်းသားပေါက်ခြင်းကို ကာကွယ်နှိမ်နင်းခဲ့ပါသည်။ ကင်ညာနိုင်ငံတွင် ကန္တာရနှံကောင်အုပ်များအား တွေ့ရှိခြင်းမရှိပါ။ 

    အိုမင်နိုင်ငံတွင် ဆာလာလားပြည်နယ်အနီး တောင်ဖက်ပင်လယ်ကမ်းခြေများတစ်လျှောက်တွင် ပိုးမမည်အုပ်စုငယ်များနှင့် အုပ်စုကြီးများကို ကာကွယ်နှိမ်နင်းလျက်ရှိပြီး ကပ်လျက်ရှိသည့် နိုင်ငံအတွင်းပိုင်းတွင် ထီးတည်းနေ အရွယ်ရောက်ကန္တာရနှံကောင် အရေအတွက် အနည်းငယ် ရှိနေပါသည်။ အာဖရိကဦးချိုဒေသမှ အရှေ့ဖက် ပင်လယ်ကမ်းခြေတွင် ကန္တာရနှံကောင်အုပ်များရှိသည်ဟူသော သတင်းပေးပို့ချက်များ မရှိပါ။ 

    ပါကစ္စတန်နိုင်ငံတွင် အိန္ဒိယနိုင်ငံနယ်စပ်အနီး အရှေ့တောင်ဆင်းပြည်နယ်၏ နာဂါပါကာ ဧရိယာများတွင် ကန္တာရနှံကောင် ပိုးမမည်အုပ်စုငယ်များနှင့် အုပ်စုကြီးများအား ကာကွယ် နှိမ်နင်းမှု တိုးမြှင့်လုပ်ဆောင်နေလျက်ရှိပါသည်။ မကြာသေးမီက မုတ်သုန်မိုးရရှိပြီးသော ဧရိယာများတွင် ဥအုခဲ့သည်ဟု ခန့်မှန်းရသည့် သာကာပါပြည်နယ်နှင့် ချိုလစ်ဆန် သဲကန္တာရများတွင် အရွယ်ရောက်ကောင်အုပ်စုများ ကြီးထွားလာနေပါသည်။ ဤအရာ သည် လာမည့်သီတင်းပတ်များတွင် ဥမှအကောင်ပေါက်ခြင်းနှင့် ပိုးမမည်အုပ်စုကြီး ဖြစ်ပေါ်လာမှုကို တွေ့ရမည်ဖြစ်သဖြင့် ကန္တာရနှံကောင်အရေအတွက် နောက်ထပ်တိုးလာမှုကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ 

    အိန္ဒိယနိုင်ငံတွင် များစွာသောဧရိယာများတွင် ဥအုနေသော ရာဂျက်စ်သန်ပြည်နယ်အနှံ့ အရွယ်ရောက်အုပ်စုများနှင့် ကန္တာရနှံကောင်အုပ်များ ကြီးထွားနေပါသည်။ ယခုအချိန် အထိ ပိုးမမည်အုပ်စုငယ်များနှင့် အုပ်စုကြီးများ ဖြစ်ပေါ်ပြီးဖြစ်သော်လည်း နောက်ထပ် ဆက်လက်ဖြစ်မည့် ဥမှအကောင်ပေါက်ခြင်းကို လာမည့်သီတင်းပတ်များတွင် မျှော်လင့်ရပါသည်။ ကာကွယ်နှိမ်နင်းမှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေပါသည်။ အရွယ်ရောက် အုပ်စုငယ်များနှင့် ကန္တာရနှံကောင်အုပ်များသည် ရာဂျက်စ်သန်ပြည်နယ်သို့ မျှော်လင့်ထားသည့်အတိုင်း ပြန်ရောက်လာသည့်အတွက် မြောက်ပိုင်းပြည်နယ်များတွင် နောက်ထပ် ကန္တာရ နှံကောင်များရှိသည်ဟူသော လောလောဆယ် သတင်းပေးပို့ခြင်းများ  မရှိသေးပါ။

    ဤဇူလိုင်လ၏ ရက်ကျန်များအတွင်း အရှေ့မြောက်ဆိုမာလီယာနိုင်ငံမှ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံနယ်စပ်ဧရိယာသို့ ကန္တာရနှံကောင်အုပ် အရေအတွက်အနည်းငယ် ကျူး ကျော်ဝင်ရောက်နိုင်သည်ဟူသော အန္တရာယ်အလားအလာရှိပါသည်။ 

    အီရန်နိုင်ငံတွင် ကျန်ရှိနေသော ခိုရာဆန်ပြည်နယ်တွင် ဖျက်ဆီးခံရမှုအနည်းငယ် ရှိနေဆဲ ဖြစ်ကာ ကာကွယ်နှိမ်နင်းမှုများကို တိုးမြှင့်လုပ်ဆောင်နေပါသည်။

    အနောက်အာဖရိကနိုင်ငံတွင် ထီးတည်းနေ ကန္တာရအရွယ်ရောက်ကောင်များသည် မော်ရေးရှပ်နိုင်ငံ အရှေ့တောင်ပိုင်း၊ နိုက်ဂါမြောက်ပိုင်း၊ ချက်နိုင်ငံ အနောက်ဖက်ပိုင်းနှင့် အရှေ့ဖက်ပိုင်းတို့တွင် တည်ရှိနေပါသည်။ ကန္တာရနှံကောင်အုပ် ကျူးကျော်ဝင်ရောက်မှု ခြိမ်းခြောက်ခြင်းကျဆင်းနေစဉ် ဆက်လက်နိုးကြားခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် စစ်တမ်းကောက်ယူမှု တိုးမြှင့်လုပ်ဆောင်ခြင်းတို့ကို ဆက်လက်ပြီး သာလွန်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိပါသည်။ 

ကိုးကားချက်။ www.fao.org/ag/locusts

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်