စလူမုန့်(ခေါ်)အညာသားကျောကုန်းမုန့် ပြုလုပ်နည်း 

18/01/2022 13:30 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

စလူမုန့်ဆိုတာ အညာဒေသရဲ့ ဘုရားပွဲ၊ နတ်ပွဲတွေမှာ အတွေ့ရအများဆုံး မုန့်တစ်မျိုးပါ။ ကောက်ညှင်းမှုန့်၊ ထန်းလျက်တို့နဲ့လုပ်ရပြီး စလူဖက်ရွက်ထဲထည့်ပြီး ထုပ်ရလို့ "စလူမုန့်" လို့ခေါ်ကြသလို မည်းမည်းပြောင်ပြောင်အညာသားကျောကုန်းနဲ့တူတာမို့ "အညာသားကျောကုန်းမုန့်" လို့လည်းခေါ်ကြပါသေးတယ်။ ဒါ့အပြင် မုန့်နီထုပ်၊ မုန့်ခွေးလျှာလို့လည်း အမည်တွင်ပါသေးတယ်။

မန္တလေးကျောက်တော်ကြီးပွဲ၊ တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲတွေမှာလည်း ရောင်းချကြတာကို တွေ့ရပါတယ်။ အရသာက ချိုချိုစေးစေးလေး​ဖြစ်ပြီး စလူဖက်ရွက်နဲ့ လုပ်ထားတာမို့  စလူရွက်နံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ်ပါ။ နှမ်းလှော်၊ အုန်းဆံတို့နဲ့လည်းတွဲပြီး စားတတ်ကြပါသေးတယ်။ လုပ်ရတာလည်း

မခက်ခဲလှတာကြောင့် အိမ်မှာလည်း လုပ်စားလို့ရသလို တနိုင်တပိုင် စီးပွားဖြစ်လည်း ရောင်းလို့ရသဖြင့်ပြုလုပ်နည်းလေးကို ဖော်ပြပေးပါမယ်။

စလူမုန့်လုပ်ရာမှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့-

ကောက်ညှင်းဆန်၊ ဆန်ကြမ်း၊ မုန့်လုပ်ထန်းလျက် (အမည်း)၊ ဆား၊ စလူဖက် (မရှိက) ထန်းရွက်သန့်သန့် (အရမ်းမရင့်တာကိုရွေးပါ) တို့လိုအပ်ပါတယ်။

ပြုလုပ်နည်းမှာ-

၁။ ကောက်ညှင်းဆန် ၁ပြည်နဲ့ ဆန်ကြမ်းနို့ဆီဘူး ၂ဘူးကို ရေစိမ်ထားပါ။

၂။ ပြီးလျှင် ကောက်ညှင်းဆန်နဲ့ ဆန်ကြမ်းကို ဆားအနည်းငယ်ထည့်ပြီး ကြိတ်ပါ။

၃။ ကောက်ညှင်းချည်းဆို စားရတာ အာကပ်တာရယ်။ အရမ်းပျော့သွားနိုင်တာရယ်မို့ ဆန်ကြမ်းထည့်ရတာပါ။ (ဆန်ကြမ်းမထည့်လည်း ရပါတယ်)။

၄။ ကြိတ်ပြီးသား မုန့်နှစ်တွေကို အဝတ်အိတ်သန့်သန့်လေးထဲသွတ်ပြီး ရေကုန်တဲ့အထိ ( ကျောက်ပျဥ် / စဥ့်နှီးတုန်း) စတဲ့ လေးတဲ့ ပစ္စည်းတစ်ခုခုနဲ့ ဖိထားရပါမယ်။

၅။ အဝတ်အိတ်မရှိရင် ပုဆိုးအသန့်ကိုပဲ ထိပ်တစ်ဖက်ကိုကြိုးနဲ့ စုချည်ပြီး အိတ်သဖွယ်သုံးလို့ ရပါတယ်။ 

၆။ ထို့နောက်ထန်းလျက်ကို အရည်ကျိုရပါမယ်။ (မုန့်အရောင်ရင့်ချင်ရင် မုန့်လုပ်ထန်းလျက်နဲ့ လုပ်ပါ။ မုန့်လုပ်ထန်းလျက်ကျတော့ သဲနဲနဲပါတတ်ပါတယ်။)

၇။ ကျိုထားသော ထန်းလျက်ရည်ကို အအေးခံပြီး ဇလုံတစ်ခုပေါ်မှာ အဝတ်အသန့်လေးခံ လောင်းချပါ။

၈။ ပြီးရင် သဲနဲ့ အမှိုက်အမှုန်အမွှားလေးတွေ စစ်ပြီး၊ သံဒယ်အိုးထဲမှာ ညောင်စေးကျလုနီးနီး ထပ်ကျိုရပါမယ်။ (ဘာလို့လဲ ဆိုတော့ မုန့်နဲ့နယ်ရင် အရည်တွေ အရမ်းကြဲသွားတာမျိုး မဖြစ်အောင်လို့ ထပ်ကျိုတာပါ) 

၉။ စောနက ရေစစ်ပြီးသား မုန့်အခဲနဲ့ အဆင်သင့်အရည်ကျိုထားတဲ့ထန်းလျက်ရည်နဲ့ သမသွားအောင် ရောနယ်ရပါမယ်။ (နယ်ပြီးသား မုန့်နှစ်က အရမ်းကြဲနေသေးရင် အဲ့ဒီ  မုန့်နှစ်တွေကို မုန့်အိတ်ထဲပြန်ထည့်ပြီး ရေစစ်သွားအောင် လေးတဲ့အရာနဲ့ ပြန်ဖိထားပါ။)

၁၀။ မုန့်နှစ်အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ စလူရွက် သို့ ထန်းရွက်ကို ဆီလေးပါးပါးသုတ်ပြီး နယ်ထားတဲ့မုန့်ကို ထည့်ထုပ်ပြီး ပေါင်းအိုးထဲ ထည့်ပြုတ်ပါမယ်။ နာရီဝက်၊ မိနစ်လေးဆယ်ခန့်ဆို ကျက်ပါပြီ။ 

ကျက်ပြီဆိုတာနဲ့ မုန့်ထုတ်လေးတွေဆယ်ပြီး ဇကာလေးထဲထည့်ပြီး အအေးခံထားပါ။ အေးသွားရင် ဖက်လေးတွေခွာပြီး ပျော့ပျော့လေးကြိုက်သူက နှစ်သက်ရာ အုန်းသီး၊ နှမ်းလှော်တို့ဖြူးပြီး စားကြသလို မာမာလေးမှ ကြိုက်သူက မုန့်ထုပ်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအောက်ဆုံးထပ်မှာ ၁နာရီခန့်ထားပြီး မာမာလေးဖြစ်သွားရင် စားလို့ရပါပြီ။

စလူရွက်တို့၊ ထန်းရွက်တို့မရှိလျှင် ငှက်ပျောရွက်ကို ပျော့သွားအောင်ပြုတ်ပါ (သို့မဟုတ်)နေလှမ်းပါ။ ပြီးရင် အဲ့ငှက်ပျောရွက်ကို ဆီသုတ်ပါ။ ဆီသုတ်ထားတဲ့ ငှက်ပျောရွက်ထဲ  ကို နယ်ထားတဲ့ မုန့်ကို ထည့်ထုတ်ပြီး ပေါင်းအိုးထဲ မိနစ် ၃၀၊ ၄၀ခန့်ပေါင်းပြီးပါက စားလို့ရပါပြီ။ ထန်းလျက်နဲ့ မကြိုက်ပါက သကြားနဲ့လည်း အဖြူထည်လုပ်စားလို့ ရပါတယ်။

မှီငြမ်း-ကိုသက်၏”စလူမုန့်ပြုလုပ်နည်း”

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

                                                

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်