နွေစပါးမှာ ယူရီးယားဓာတ်မြေသြဇာကျွေးပေးပါ

23/01/2019 11:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ယူရီးယားဓါတ်မြေသြဇာကို အလွယ်တစ်ကူ ဝယ်ယူရရှိနိုင်သည်။ ယူရီးယားဓာတ်မြေသြဇာတွင် နိုက်ထရိုဂျင်အာဟာရဓာတ် ပါဝင်သည်။ နိုက်ထရိုဂျင်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်ဖြစ်ရာ နွေစပါးစိုက်ခင်းများ၌ စပါးအထွက်နှုန်းမြင့်မားရန် ယူရီးယားဓာတ်မြေသြဇာကို မဖြစ်မနေသုံးစွဲ သင့်ပါသည်။

ယူရီးယားဓါတ်မြေသြဇာတွင် နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန် းပါဝင်ကြောင်းသိရသည်။ ပြည်တွင်းမှ ထုတ်လုပ်သည်။ ပြည်ပမှလည်းဝင်သည်။ စိုက်ပျိုးရေးအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။ လိုသလောက်ကို လက်လီခွဲဝေရောင်းချကြောင်းလည်း သိရှိရပါသည်။

ယူရီးယားဓါတ်မြေသြဇာကို သုံးစွဲရာတွင် နိုက်ထရိုဂျင်၏သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်သည်။ ထည့်ပေးသမျှအာဟာရပမာဏကို စပါးပင်က အပြည့်အဝရရှိနိုင်ခြင်းမရှိပါ။ ထို့ကြောင့် တစ်ကြိမ်တည်း ကျွေးပေးရုံဖြင့် မလုံ လောက်နိုင်ပါ။ မြေသြဇာ၏အကျိုးအာနိသင် အပြည့်အဝကိုရရှိစေရန် အကြိမ်ကြိမ်အလီလီ၍ ခွဲဝေကျွေးပေးသင့်ကြောင်း အသိပေးလိုပါသည်။

နွေရာသီတွင်စိုက်ပျိုးသည့် အထွက်ကောင်းစပါးမျိုးအားလုံးသည် သက်တမ်းရက်အလိုက် သီးပွင့်ရင့်မှည့်သည့် စပါးမျိုးများချည်းဖြစ်သည်။ အသက်ရက်အလိုက် အုပ်စုခွဲခြားကြည့်ပါက သက်လတ်နှင့် သက်လျင်စပါးမျိုးများဖြစ်ပြီး အများစုစိုက်ပျိုးသည်မှာ သက်လျင်စပါးမျိုးအုပ်စု ဖြစ်ကြောင်းသိရသည်။

စိုက်ပျိုးထားသည့် အထွက်ကောင်းစပါးမျိုးများကို ယူရီးယားဓာတ်မြေသြဇာကျွေးရာ၌ သုံးကြိမ်လီ၍ ကျွေးပေးသင့်ကြောင်း ထောက်ခံလိုသည်။ ထိုအချိန်များမှာ- (၁) စပါးပင်ကြီးထွားမှု အစောပိုင်းကာလ (၂) အပင်ပွားစည်းမှုအားကောင်းသည့်ကာလနှင့် (၃) အနှံသန္ဓေတည် မှို့ကပ်သည့်ကာလ တို့ဖြစ်သည်။ မြေအမျိုးအစားအလိုက်ထည့်သွင်းပေးရမည့် ယူရီးယားဓာတ်မြေသြဇာပမာဏ၏ သုံးပုံတစ်ပုံစီကို သုံးကြိမ်လီ၍ ကျွေးပေးသင့်ပါသည်။

စပါးပင်ကြီးထွားမှု အစောပိုင်းကာလအတွက် မျိုးစေ့ချပြီး ၁၂ ရက်မှ ၁၆ ရက်ခန့်တွင် လည်းကောင်း၊ အပင်ပွားစည်းမှုအားကောင်းသည့် ကာလအတွက် မျိုးစေ့ချပြီး ၂၃ ရက်မှ ၂၇ ရက်တွင် လည်းကောင်း၊ အနှံသန္ဓေတည်မှို့ကပ်သည့်ကာလအတွက် မျိုးစေ့ချပြီး ၃၃ ရက်မှ ၃ရ ရက်ခန့်တွင် လည်းကောင်း ယူရီးယားဓာတ်မြေသြဇာကျွေးပေးရန်ဖြစ်ပါသည်။

စနစ်တကျကျွေးဖို့လိုသည်။ နိုက်ထရိုဂျင်အာဟာရက ဆုံးရှုံးလွယ်သည်။ ဓာတ်မြေသြဇာနှင့် ထုထည်တူမြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင်ရော၍ တစ်ညသိပ် နှပ်ထားကာ နောက်တစ်နေ့တွင်မှ စိုက်ခင်းအတွင်း ညီညာစွာ ကြဲပက်ပါလို့ ပြောလိုသည်။

အခြား သတိမူဂရုစိုက်သင့်သည်များကိုလည်း ပြောလိုပါသည်။ နိုက်ထရိုဂျင်မြေသြဇာ အကျိုးရှိစေဖို့ဖြစ်သည်။ ပထမအချက်မှာ စပါးခင်းအတွင်း ပေါင်းမြက်များ မရှိဖို့လိုပါသည်။ ပေါင်းမြက်ပင်များက စပါးပင်အတွက်ထည့်ပေးလိုက်သော နိုက်ထရိုဂျင်ကို ယှဉ်ပြိုင်လုယူစားသုံးနိုင်သည်။ ယူရီးယားဓာတ်မြေသြဇာမကျွေးမီ ပေါင်းမြက်ကင်းစင်အောင်လုပ်ရန် ဖြစ်ပါသည်။

ဒုတိယအချက်မှာ စပါးပင်များတွင် ပိုးမွှားနှင့်ရောဂါများလည်းကျရောက်မနေသင့်ပါ။ ထည့်ပေးလိုက်သော နိုက်ထရိုဂျင်မြေသြဇာကို စပါးပင်မှ အပြည့်အဝရယူစားသုံးနိုင်ရန် စပါးပင်များသည် ပိုးမွှားရောဂါများ ကျရောက်မနေဖို့လိုသည်။ သို့ဖြစ်၍ ကြိုတင်ကာကွယ်ပြီးမှ ဓာတ်မြေသြဇာကျွေးမှသာ ပိုမိုအကျိုးရှိနိုင်ပါသည်။ 

တတိယအချက်မှာ ရေထိန်းသိမ်းမှု ကောင်းမွန်အောင် ပြုလုပ်ရန်ဖြစ်သည်။ နိုက်ထရိုဂျင် မြေသြဇာက ရေမှာပျော်ဝင်လွယ်သည်။ ဆုံးရှုံးနိုင်သည်။ သို့ဖြစ်၍ လယ်ကန်သင်းများလုံ၊ မလုံ စစ်ဆေးပြီး လုံခြုံအောင်ပြုပြင်ရမည်။ စိုက်ကွက်အတွင်းရှိ ရေအနက်မှာလည်း နှစ်လက်မထက် မပိုသင့်ပါ။ 

စပါးစိုက်ကွက် လုံးဝရေပြတ်သည်လည်း မဖြစ်သင့်ပါ။ ရေပြတ်သွားပါက မြေဆီလွှာတွင် လေအစားထိုး ဝင်ရောက်လာသောကြောင့် ထည့်လိုက်သော နိုက်ထရိုဂျင်မြေသြဇာသည် လေနှင့်အတူ အငွေ့အဖြစ် ဆုံးရှုံးနိုင်ပါ သည်။ အထူးသဖြင့် လယ်ကွက်များခြောက်သွေ့ပြီး ပတ်ကြားအက်ပါက နိုက်ထရိုဂျင်သည် အငွေ့အဖြစ် ပို၍ ဆုံးရှုံးနိုင်ပါသည်။

နွေစပါးတွင် ယူရီးယားဓာတ်မြေသြဇာကို ထိရောက်စွာကျွေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ကာ တစ်ဧကအကျိုးအမြတ်ဝင်ငွေ ပိုကြစေလိုပါသည်။

ဆင်းသီဟ

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်