ဩဂုတ်လဆန်းပိုင်းတွင် အလယ်ပိုင်းဒေသမိုးရနိုင်ချေ ပိုမြင့်လာ

28/07/2022 17:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်နေတဲ့ အားအသင့်အတင့်ရှိတဲ့ လေဝဲဟာ  လေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်းအဆင့်ထိ ရောက်လာနိုင်ပြီး အလယ်ပိုင်းဒေသတွေအတွက် မိုးရနိုင်ခြေ ပိုမြင့်သွားတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ‘ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ အားအသင့်အတင့်ရှိတဲ့ လေဝဲတစ်ခုဖြစ်နေပြီး တိမ်တွေစုနေကြောင်းနဲ့ နောက်လာမယ့် နာရီ ၁၂၀ အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တယ်' လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်းတွေကြောင့် အခုလကုန်ပိုင်းကစပြီး မုတ်သုံအားကောင်းလာမှုနဲ့အတူ မြန်မာပြည် တောင်ခြမ်းနဲ့ မြောက်ခြမ်းမှာ မိုးတွေပြန်များလာမှာဖြစ်သလို အလယ်ပိုင်းဒေသတွေလည်း ကွက်ကျားမိုးတွေ ရနိုင်တဲ့အခြေအနေရှိတယ်လို့ ဦးဝင်းနိုင်က ဇူလိုင် ၂၆ ရက်ကတည်းက ခန့်မှန်းထားတာပါ။

ဒါပေမဲ့ အခုနောက်ဆုံးဖြစ်ပေါ်လာနေတဲ့အခြေအနေအရတော့ အလယ်ပိုင်းအတွက် မိုးတွေရနိုင်ခြေဟာ ပိုမြင့်သွားပြီလို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ အလယ်ပိုင်းက နေရာကွက်မိုးကြီးနိုင်တဲ့အနေအထားကနေ နေရာစိတ်စိတ် မိုးကြီးနိုင်တဲ့ အနေအထားလောက်ထိ ရောက်သွားနိုင်တယ်”

လက်ရှိလေဝဲဟာ မြောက်ဘက်ကို ဆက်ရွေ့နေပြီး လေဖိအားနည်းရပ်ဝန်းဖြစ်လာရင် ရခိုင်ကမ်းရိုးတန်းကြီးတစ်ခုလုံး၊ အလယ်ပိုင်းတစ်ခုလုံး၊ အောက်ပိုင်းက ကိုကိုးကျွန်းကနေ ကော့သောင်းအထိ နေရာတွေက လေပြင်းမိုးများတာတွေရှိမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ အလယ်ပိုင်းတွေမှာက ၂ ရက်နေ့ကစပြီး မိုးကောင်းကောင်းရလိမ့်မယ်။ လေတိုက်နှုန်းကတော့ ၃၁ ရက်နေ့လောက်ကတည်းက လေပြင်းတိုက်တာတွေက စနေပြီ။ ၂ ရက်နေ့နောက်ပိုင်းကျရင် အပူချိန်က ၂၉၊ ၃၀ ထိ ကျသွားပြီ။ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ကြားဆိုရင် မြင်းခြံတို့၊ ရေစကြိုတို့လို မိုးခေါင်တဲ့နေရာတွေမှာ မိုးများများရွာမှာတွေ့တယ်။ ၄ ရက်နေ့ နောက်ပိုင်းကျရင်တော့ တိမ်ပြန်လျော့သွားတယ်”

 Global Tropics Hazards and Benefits Outlook(NOAA- Climate Prediction Center)ရဲ့ ရက်ဝေးကြိုတင်ခန့်မှန်းချက်အရတော့ ဩဂုတ် ၃ ရက်နဲ့ ၉ ရက်ကြားမှာ ဧရာဝတီတိုင်းတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများ နဲ့ တနင်္သာရီတိုင်းတစ်ခုလုံးမှာ ပုံမှန်ရွာသွန်းမြဲထက် မိုးပိုမိုရွာနိုင်ပြီး၊ ကျန်ပြည်နယ်နဲ့တိုင်းဒေသအားလုံးမှာ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအတိုင်း မိုးရွာသွန်းနိုင်မယ်လို့  ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။

Photo Crd_U Win Naing

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်