တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

17/11/2018 17:20 PM တွင် Ko Nyi Thway Ko Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခုတလော ရော်ဘာသတင်းတွေမှာ အိန္ဒိယရော်ဘာသတင်းတွေကို ဦးစားပေးရေးနေကြတာတွေ့ရတယ်။ အိန္ဒိယရဲ့ ရော်ဘာအထွက်ကလည်း ကမ္ဘာမှာ နံပါတ် ၆ အဆင့်ရှိတယ်။ ၂၀၁၄ က နံပါတ် ၅ ပဲ။ ၂၀၁၅ ကျမှ မလေးရှားက သူ့နေရာကို ယူလိုက်လို့ နံပါတ် ၆ ဖြစ်သွားတာ။ သူ့ရဲ့ရော်ဘာအသုံးကလည်း မနည်းပေဘူး။ ဒီလောက်ထွက်တာတောင် နိုင်ငံခြားကပြန်သွင်းရသေးတယ်။ ဒီတော့ သူတို့ရဲ့ ဈေးကွက်ကလည်း အရေးပါနေတာပေါ့။ အခုသတင်းတွေထဲက သုံးသပ်ချက်တွေကို ဖေါ်ပြလိုက်တယ်။

လာမယ့်အပတ်မှာလည်း Indian Community Exchange - ICEX အိန္ဒိယကုန်စည်အရောင်းအဝယ်ဈေးကွက်မှာ ဆက်လက်ပြီး ကျရိပ်ရှိနေဦးမယ်လို့ဆိုတယ်။ ကုန်စည်ဈေးကွက်ဆန်းစစ်သူတွေပြောတာက ကမ္ဘာ့ဈေးကွက်တွေမှာလည်း ဈေးအားအတော်ပျော့နေလို့ပါတဲ့။

ICEX မှ ဒီဇင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ နောက်ဆုံးဈေးပိတ်ချိန်မှာ ၁၂၁၀၈ ရူပီး/၁၀၀ Kg ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ တနင်္လာနေ့ကနဲ့ယှဉ်ရင်တော့ ၅၂ ရူပီးကျသွားတာပါ။ ( ၁ ရူပီးဟာ ၂၁ ကျပ်ခန့်ရှိတယ်) စောစောပိုင်းမှာတော့ ၃ လအတွင်းအနိမ့်ဆုံးဈေးဖြစ်တဲ့ ၁၂၀၃၅ ရူပီး/၁၀၀kg  ဈေးကိုရောက်သွားသေးတယ်။ လွန်ခဲ့တဲ့ တpfပတ်ကျော်ကျော်အတွင်းမှာ ၃၄၇ ရူပီးကျသွားတာပါ။

တရုတ်စီးပွားရေး နှေးကျလာတာနဲ့ ကမ္ဘာ့ရော်ဘာအထွက် မြင့်မားလာမယ်ဆိုတဲ့ မျှော်လင့်ချက် ဒီ ၂ ချက်ကစိုးရိမ်စရာဖြစ်နေတော့ ကမ္ဘာ့ဈေးကွက်တွေ ဒီဖိအားဒဏ်ခံနေရတော့ ဈေးကကျရိပ်မှာပဲရှိနေမယ်။ တရုတ်က ကမ္ဘာပေါ်မှာ ရော်ဘာအသုံးဆုံးတိုင်းပြည်ဖြစ်နေတော့ တရုတ်စီးပွားရေးကျရင် ရော်ဘာဈေးမကောင်းနိုင်ဘူး။ 

ANRPC ကမ္ဘာ့သဘာဝရော်ဘာထုတ်လုပ်သူနိုင်ငံများအသင်းရဲ့ အဆိုအရ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုဟာ ဇန်နဝါရီ-စက်တင်ဘာလအတွင်းမှာ မနှစ်ကထက် ၁.၅% တိုးကာ တန်ချိန် ၉.၇၈ သန်းကိုရောက်သွားပြီတဲ့။ ၂၀၁၉ မှာလည်း ၅.၈% တိုးကာ တန် ၁၄.၆ သန်းကိုရောက်မယ်တဲ့။

စောစောပိုင်းအချိန်မှာ တိုကျိုမှ TOCOM ရဲ့ ဧပြီလကန်ထရိုက်ဈေးဟာ ၂ နှစ်အတွင်းအနိမ့်ဆုံးဈေးကိုရောက်သွားတယ်။ ၁၅၆.၆၀ ယန်း( ၉၉.၇ ရူပီး)/ကီလိုဂရမ်ဈေးဖြစ်သွားတယ်။ ရှန်ဟိုင်းရဲ့ ShFE မှကန်ထရိုက်ဈေးတွေ အားနည်းနေလို့ပါတဲ့ ဆန်းစစ်သူတွေကပြောပါတယ်။ 

သို့ပေမယ့် ယန်းငွေအားပျော့ပြီး၊ ရော်ဘာဈေးကျတဲ့အခါ ကုန်သည်တွေက short covering လုပ်ကြတော့ ရော်ဘာကန်ထရိုက်ဈေးကို ခုခံထားပေးသလိုဖြစ်နေတာလို့ ကုန်သည်တွေကပြောတယ်။ အကျသက်သာနေတာပေါ့။ ( ဈေးကျတော့ အချိန်တိုအတွင်း ဈေးအတက်ကိုကစားကြဖို့ ဝယ်ကြတယ်။ ဝယ်တော့ ဈေးပြန်လိုက်တယ်။) 

ဒီအချိန်အတွင်း အိန္ဒိယရဲ့ အဓိက လက်ငင်းဈေးကွက် ကေရာလာမှာ သဘာဝရော်ဘာ ဈေးအကျဘက်ရှိနေတာကို မြင်နေရတယ်။ စပေါ့ဈေးကွက် ICEX ရဲ့ ကန်ထရိုက်ဈေးရဲ့ ဖိအားကြောင့်တဲ့။ Inditrade Derivatives and Commodities Ltd ရဲ့ ထုတ်ကုန်ဆိုင်ရာ မန်နေဂျာ Murugesh Kumar ကပြောတာပါ။ 

လက်ငင်းဈေးကွက် ကေရာလာ ရဲ့ရော်ဘာဈေးတွေ လာမယ့်ရက်တွေမှာလည်း ကျမယ့်ဟန်ရှိနေတယ်။ ပြည်တွင်းရော်ဘာအသုံးနဲ့ တိုင်ယာထုတ်လုပ်သူတွေဆီက ဝယ်လိုအားတွေ ကျနေလို့ပါပဲလို့ Joy Alencherry ကပြောတယ်။ သူက ကော့တာယမ်အခြေစိုက် ကုန်သည်တစ်ဦးပါ။ 

ကိုချီနဲ့ ကော့တာယမ်ဘက်မှာ အရောင်းအဝယ်အများဆုံးဖြစ်တဲ့ RSS 4 အဆင့် ရော်ဘာဈေးဟာ အင်္ဂါနေ့မှာ ၁ ကီလိုလျှင် ၁၂၀-၁၂၃ ရူပီးနဲ့ အရောင်းအဝယ်ဖြစ်တယ်။ တနင်္လာနေ့ကနဲ့ဆိုရင် ၁-၂ ရူပီးကျသွားတာပေါ့။

လက်ငင်းဈေးကွက်တွေက ရော်ဘာဈေးတွေ ၇ လအတွင်း အနိမ့်ဆုံးဈေးကိုရောက်သွားပြီ။ လာမယ့်အပတ်တွေမှာလည်း ဆက်ကျကောင်းဆက်ကျနိုင်တယ်လို့ ကုန်သည်တွေပြောကြတယ်။ 

လာမယ့် ကမ္ဘာလုံးဆိုင်ရာ မရေရာ မသေချာမှုတွေ၊ TOCOM ရဲ့ စံထားရော်ဘာဈေးအားနည်းနေခြင်း၊ လက်ငင်းဈေးကွက်တွေဆီက ရော်ဘာဈေးကျနေခြင်းတွေက ICEX ရဲ့ ကန်ထရိုက်ရော်ဘာဈေးကို ဖိအားလာဖြစ်တယ်။ ဒီဇင်ဘာကန်ထရိုက်ဈေးဟာ ၁၁၅၀၀ ရူပီး/၁၀၀kg မှာ အခုအခံနဲ့ နောက်လာမယ့် ရက်အနည်းငယ်မှာ ၁၂၇၀၀ ရူပီး/၁၀၀kg ဈေးကို မြင်ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

ဒါကတော့ ဗုဒ္ဓဟူးနေ့သတင်းတွေမှ။ ICEX မှာ ဒီဇင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ အတက်နဲ့ ပိတ်သွားတယ်။ အင်္ဂါနေ့တုန်းက ၁၂၀၃၅ ရူပီး/၁၀၀kg ဆိုတဲ့ ၃ လအတွင် းအနိမ့်ဆုံးဈေးအရောက်မှာ ဈေးကွက်ထဲကကုန်သည်တွေက ဈေးအနိမ့်မှာဝယ်ကြလို့ပါပဲလို့ ဆန်းစစ်သူတွေကပြောပါတယ်။

ဒီဇင်ဘာကန်ထရိုက်ဈေးဟာ ၁၂၂၈၀ ရူပီး/၁၀၀kg နဲ့ ပိတ်တော့ အင်္ဂါနေ့အပိတ်ဈေးထက် ၁၂၅ ရူပီးတက်သွားတယ်ပေါ့။ 

ဒါပေမယ့် ဈေးကွက်တစ်ခုလုံးအနေနဲ့ ကြည့်ရင်တော့ ဈေးကွက်ရဲ့ အနေအထားက အကျဘက်မှာပါပဲ။ တိုကျိုရဲ့ TOCOM အားနည်းနေတဲ့ ဘက်ကိုလိုက်ပါနေတာပါ။ ပြီးတော့ ကေရာလာမှ လက်ငင်းဈေးကွက်တွေဆီမှာ သဘာဝရော်ဘာဈေးတွေ ကျနေတာကြောင့်လည်းဖြစ်တယ်လို့  ကုန်သည်တွေပြောကြတယ်။ 

New York Mercantile Exchange မှာ ညတွင်းချင်း ရေနံဈေးတွေကျသွားတာကြောင့် တိုကျိုရဲ့ TOCOM ကန်ထရိုက်ဈေးတွေ ကျသွားတယ်။ ရေနံတွေ ရောင်းလိုအားများနေတာနဲ့ ဝယ်လိုအားနည်းမယ်ဆိုတဲ့ သုံးသပ်ချက်တွေကြောင့် ရေနံဈေးက ကျသွားရတာပါလို့ ဆန်းစစ်သူတွေပြောကြတယ်။ ရေနံဈေးအတက်အကျနဲ့ လိုက်ပြီး ရော်ဘာဈေးက အတက်အကျဖြစ်ရတယ်။ ရေနံကနေ ရော်ဘာတုလုပ်တယ်။ ရော်ဘာတုက သဘာဝရော်ဘာနဲ့ ဆတူနီးပါးစပ်ပြီးတော့ တိုင်ယာလုပ်ရာမှာသုံးတယ်။ ဒါကြောင့် ရေနံဈေးကျရင် ရော်ဘာတုဈေးကျမယ်။ ဒါဆိုရင် တိုင်ယာလုပ်ငန်းတွေက ရော်ဘာတုကိုတိုးဝယ်မယ်။ သဘာဝရော်ဘာကို လျှော့ဝယ်မယ်။ ဒါဆိုရင် သဘာဝရော်ဘာက ဈေးကျမယ်။ 

အခု အင်္ဂါနေ့မှာ NYMEX ရေနံစိမ်းဈေးဟာ တစည်ကို ၅၄.၇၅ ဒေါ်လာဈေးကိုရောက်သွားပြီ။ ဒါဟာ တစ်နှစ်အတွင်း အနိမ့်ဆုံးဈေးပဲ။ 

TOCOM မှာ အနုတ်အသိမ်းအများဆုံး ဧပြီလကန်ထရိုက်ဈေးဟာ ဝ.၄% ကျပြီး ၁၅၉.၁ ယန်း(၁၀၀.၉၉ ရူပီး)/kg ဈေးနဲ့ ပိတ်သွားတယ်။ 

ဗုဒ္ဓဟူးနေ့မှာပဲ ရှန်ဟိုင်း ShFE ရဲ့ အသိအမှတ်ပြုကုန်လှောင်ရုံတွေမှာ အရံရော်ဘာတွေ တိုးသွားပြန်ပြီ။ အင်္ဂါနေ့ မှာ ၄၈၄၆၄၀ တန်ရှိရာမှ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ၄၈၇၀၆၀ တန်ရှိသွားပြီ။ အရံရော်ဘာအနည်းအများကလည်း ရော်ဘာဈေးကို အတက်အကျဖြစ်စေတဲ့အချက်တွေထဲပါတယ်။ စုထားတဲ့ ပစ္စည်းများနေရင် သိပ်မဝယ်ချင်ကြဘူးလေ။ ဒီတော့ ဈေးက ဘယ်လိုက်လိမ့်မလဲ။

ထိုင်းမှာ RSS 3 အဆင့်ရော်ဘာဈေးက ၄၄ ဆင့်တက်ကာ ၁၃၄.၈၃ $/၁၀၀kg ဈေးဖြစ်တယ်။ မလေးရှားရဲ့ SMR 20 အဆင့်က မပြောင်းမလဲ ၁၂၃.၉ $/၁၀၀kg ဈေးပဲ။ ဒါတွေက အိန္ဒိယရော်ဘာဘုတ်အဖွဲ့မှ ထုတ်ပြန်တဲ့ အချက်အလက်တွေအရသိရတာ။ 

ဒီအခိုက်မှာ ကေရာလာ လက်ငင်းဈေးကွက် spot market တွေမှာ ဒီနေ့ဈေးကျပြန်တယ်။ အကြောင်းပြချက်က တိုင်ယာထုတ်လုပ်သူတွေရဲ့ ဝယ်လိုအား နည်းနေလို့ပါတဲ့ လို့ ကုန်သည်တစ်ဦးဖြစ်တဲ့ C.J. Augustine ကပြောတယ်။ ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားနည်းနေရခြင်းဟာ  ဝယ်လက်တွေက ရော်ဘာတွေကို အခြားတိုင်းပြည်တွေကနေ တင်သွင်းကြလို့တဲ့ သူကဆက်ပြောတယ်။

ကေရာလာ စတော့ဈေးကွက်မှာ အရောင်းအဝယ်များတဲ့ RSS 4 ရော်ဘာဟာ ဗုဒ္ဓဟူးနေ့မှာ ၁၁၉-၁၂၂ ရူပီး/kg တဲ့။ ၁-၂ ရူပီးကျသွားတယ်လို့ ကုန်သည်တွေပြောတယ်။ 

အိန္ဒိယရော်ဘာဘုတ်ရဲ့ အချက်အလက်တွေအရ RSS 4 ဟာ ၁၂၁.၅၀ ရူပီး/kg နဲ့ ကိုချီမှာရော ကော့တာယမ်မှာပါ ရောင်းဝယ်နေကြာတဲ့။ အင်္ဂါနေ့ကထက် ၅၀ paise (ဝ.၅ ရူပီး) လျော့သွားတာပေါ့။ ( paisa ပိုက်ဆာဆိုတာ ၁ ရူပီးရဲ့ ၁/၁၀၀ ကိုပြတဲ့ ငွေကြေးအစိတ်အပိုင်းတစ်ခုပေါ့။ ကျနော်တို့က ကျပ်သုံးတော့ ၁ ကျပ်မှာ ပြား ၁၀၀ ဆိုပြီးပိုင်းထားသလို။ တဆက်တည်းပြောရရင် ကျနော်တို့ရဲ့ ငွေကြေးဆိုတာကို အရပ်သုံး 'ပိုက်ဆံ' လို့ခေါ်ကြတယ်မဟုတ်လား။ အဲဒီ 'ပိုက်ဆံ' ဆိုတာ 'ပိုက်ဆာ' ဆိုတဲ့ ဟင်ဒီစကားကနေဆင်းသက်လာတာပါပဲ။ တခေတ်တခါက ကျနော်တို့ကို ဟင်ဒီစကားပြော ချစ်တီးတွေကငွေကြေးနဲ့ပတ်သက်ပြီး အတော်လွှမ်းမိုးခဲ့တာမဟုတ်လား။ paisa က ဧကဝုစ်ဖြစ်ကာ၊ paise က ဗဟုဝုစ်ပါ။ )

သုံးသပ်ချက်

ကေရာလာ စပေါ့ဈေးကွက်မှာ သဘာဝရော်ဘာဈေး တည်ငြိမ်နေမယ်လို့ မျှော်လင့်တယ်။ တိုင်ယာလုပ်ငန်းတွေဆီမှ ဝယ်လိုအားမြင့်လာမယ်လို့မျှော်လင့်ချက်နဲ့ အကျဘက်ရောက်နေတဲ့ ဈေးကို ခေါင်းအုံးနဲ့ခုထားပေးသလိုဖြစ်နေလို့ပါ။

ကြာသပတေးနေ့ရဲ့ သတင်းတွေမှာတော့- ကြာသပတေးနေ့မှာ ICEX ရဲ့ ရော်ဘာဈေး အကျနဲ့ ပိတ်သွားတယ်။ ကုန်သည်တွေအပြောအရ ဝယ်လိုအားနည်းနေပြီး တင်သွင်းမှုကလည်းများနေလို့ လက်ငင်းဈေးကွက်အကျနောက်လိုက်ပါ ကျသွားတာတဲ့။

" တိုင်ယာကုမ္ပဏီတွေရဲ့ အဝယ်က အကန့်အသတ်နဲ့။ ဒီကြားထဲ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားတို့ဆီကတင်ပို့လာတဲ့ ရော်ဘာတွေကများနေတော့ ဈေးကွက်မှာ ဒါတွေရဲ့ အရှိန်လာရိုက်ခတ်တယ်" K. Sudhakaran ကပြောပါတယ်။ သူက ပလာကတ် အခြေစိုက် S.K. Rubber ရဲ့ လုပ်ငန်းရှင်ပါ။ 

ကေရာလာ စပေါ့ဈေးကွက်မှာ အရောင်းအဝယ်များတဲ့ RSS 4 ရော်ဘာကို ၁၁၉-၁၂၀ ရူပီး/kg နဲ့ အရောင်းအဝယ်ဖြစ်တယ်။ ၁-၂ ရူပီးကျသွားတာလို့ သူကပြောတယ်။

ဒီဇင်ဘာကန်ထရိုက်ဈေးဟာ ဗုဒ္ဓဟူးနေ့ကထက် ကြာသပတေးနေ့မှာ ရူပီး ၆၀ ကျကာ ၁၂၂၂၀ ရူပီး/၁၀၀kg ဈေးနဲ့ ပိတ်သွားတယ်။ 

အိန္ဒိယပြည်တွင်း ရော်ဘာဈေးကလဲ အကျဘက်လိုက်နေတယ်။ ရှန်ဟိုင်းရဲ့ ShFE ကန်ထရိုက်ဈေး အားနည်းနေတော့ အကျဘက်ပါသွားတာ။ 

ဒါပေမယ့် TOCOM မှာ ဈေးအနည်းငယ်တက်တော့ အကျသက်သာသွားတယ်။ ကြာသပတေးနေ့မှာ TOCOM ရဲ့ ဧပြီကန်ကထရိုက်ဈေးဟာ ဝ.၄% တက်ကာ ၁၅၈.၆ ယန်း(၁၀၀.၆၅ ရူပီး)/kg ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။

အိန္ဒိယရော်ဘာဘုတ်ရဲ့ ဒေတာတွေအရ RSS 4 ရော်ဘာကို ၁၂၁.၀ ရူပီး/kg နဲ့ ကိုချီနဲ့ ကော့တာယမ်မှာ ရောင်းဝယ်နေကြတယ်။ ဗုဒ္ဓဟူးနေ့ကထက် ဝ.၅ ရူပီးကျသွားတာပေါ့။ 

ထိုင်းမှာ RSS 3 အဆင့်ဟာ ၃၅ ဆင့်တက်ပြီး ၁၃၅.၁၈ $/၁၀၀kg ဖြစ်တယ်။ မလေးရှားမှာက SMR 20 ရော်ဘာဟာ ၅'ဆင့်တက်ပြီး ၁၂၃.၉၅ $/၁၀၀kg ဈေးဖြစ်ခဲ့တယ်လို့ ဘုတ်အဖွဲ့ရဲ့ အဆိုအရ သိရတယ်ခင်ဗျ။ 

သုံးသပ်ချက်

ကေရာလာရဲ့ အဓိက စပေါ့ဈေးကွက်တွေမှာ သဘာဝရော်ဘာဈေးဟာ ဈေးအနိမ့်နဲ့ ရောင်းဝယ်ရမယ်လို့ ခန့်မှန်းရတယ်။ တိုင်ယာကုမ္ပဏီတွေရဲ့ ဝယ်လိုအားနည်းပြီး ကမ္ဘာ့ဈေးကွက်တွေမှာလည်း အကျဘက်ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေကြောင့်ပါတဲ့။

ညီသွေး

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်