မြေဆီလွှာမှ ရေပိုရေလျှံကို မည်မျှများများ၊ မည်မျှမြန်မြန် မြေဆီလွှာအတွင်း စီးဆင်းနိုင်သည်ဟူသောအချက်ကို ရေပိုရေလျှံထုတ်လွှတ်ခြင်း (Drainage) ဟုခေါ်ကြသည်။ ရေပိုရေလျှံထုတ်လွှတ်မှုကောင်းသောမြေသည် သစ်ပင်နှင့် အမြစ်များ ရှင်သန်ရေးအတွက် အရေးကြီးသော အောက်စီဂျင်ဓာတ်ကို များစွာပေးနိုင်သည်။
အမြစ်များသည် မြေဆီလွှာတွင်းရှိ ဟာသောနေရာလေးများ (pore space) တွင်ကြီးထွားကြသည်။ မြေဆီလွှာသည် ရေပြည့်ရေလျှံနေလျှင် ဟာသောနေရာကလေးများတွင်ပါ အောက်စီဂျင်အစား ရေကပြည့်နေသည်။ သို့ရာတွင် သစ်ပင်မျိုးအများအပြားသည် ၎င်းတို့၏အမြစ်များ ရေနစ်နေသောဒဏ်ကိုခံနိုင်ကြသည်။ ထိုအခြေအနေမျိုး၌ အမြစ်ပုပ်တတ်သည်။ ခြုံငုံ၍ကြည့်လျှင် ရွှံ့စေးမြေသည် ရေထုတ်လွှတ်မှုနှေးကွေးပြီး သဲမြေသည် ရေထုတ်လွှတ်မှုမြန််ဆန်သည်။
မိမိ၏မြေသည် ရေထုတ်လွှတ်မှုကောင်းမကောင်းကို စမ်းသပ်နိုင်သည်။ မြေတွင် ကျင်းကို ၁၂ လက်မနက်အောင် တူးရသည်။ ထိုကျင်းကို ရေပြည့်အောင်ဖြည့်ရသည်။ မြေဆီလွှာဖွဲ့စည်းမှုနှင့် မူလကတည်းက အစိုဓာတ်ရှိနေမှုတို့အပေါ်မူတည်ပြီး ကျင်းအတွင်းမှရေသည် နာရီအနည်းငယ်အတွင်းဖြစ်စေ၊ ညအိပ်ပြီးမှဖြစ်စေ ကုန်ခန်းသွားရမည်ဖြစ်သည်။ ကျင်းအတွင်းရှိရေသည် ၈-၁၀ နာရီကြာသည်အထိ မကုန်ခမ်းလျှင် ထိုမြေကွက်ကို ရေထုတ်မှုကောင်းအောင် ပြုပြင်ရန်လိုအပ်သည်။ ရေထုတ်ကောင်းအောင် ပြုပြင်ရမည့်လုပ်ငန်းသည် အသေးအဖွဲမဟုတ်ချေ။ ထို့ကြောင့် ရေဝပ်ဒဏ်ခံနိုင်သောသီးနှံမျိုးကို ရွေးချယ်စိုက်ပျိုးသင့်သည်။ သို့မဟုတ် မိမိစိုက်ပျိုးလိုသော သီးနှံကို ဘောင်တင်၍ဖြစ်စေ၊ ကျင်းဖွဲ့၍ဖြစ်စေစိုက်ပျိုးရသည်။ ထိုဘောင် သို့မဟုတ် ကျင်းတို့သည် ပတ်ဝန်းကျင်ရှိမြေထက် မြင့်တက်နေအောင် ပြုလုပ်ရသည်။
နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။