ကဲ ဒီတစ်ခေါက်ကျပြန်တော့ စိုက်နေပျိုးနေတဲ့ မြေကြီးတွေအကြောင်းကို လေ့လာကြည့်ကြတာပေါ့။
မြေကြီးဆိုတာက စိုက်ရေးပျိုးရေးမှာ ဘယ်လောက်အရေးပါလိုက်သလဲ ဆိုတဲ့မေးခွန်းကိုဖြေကြည့်လိုက်ရင်ပဲ ရှင်းနေပါပြီ။ အာဟာရရည်နဲ့ စိုက်ပျိုးတယ်တို့၊ မြေမဲ့ စိုက်ပျိုးရေးတွေမလုပ်နိုင်သေးတဲ့ကာလမှာ မြေကြီးဟာ စိုက်ရေးပျိုးရေးအတွက် အကောင်းဆုံး သွင်းအားစုဖြစ်နေပါတယ်။ စိုက်ရေးပျိုးရေးမှာ မြေကြီးဆိုတာက အထွက်ရော အရည်အသွေးကိုရောပေါ်မှာ မူတည်နေပါတယ်။ စိုက်ရင်းပျိုးရင်းနဲ့ ပျက်လာတဲ့မြေတွေဆိုရင် ပြန်ပြင်နိုင်မှပဲ ပြန်ကောင်းနိုင်မဲ့အခြေအနေတွေပါ။
မြေကြီးက စိုက်ပျိုးရေးအတွက် အရေးပါသလားဆိုတော့ အောက်ကအချက်လေးတွေကိုကြည့်
(၁) အပင်အာဟာရတွေရယ်၊ အောက်စီဂျင်နဲ့ ရေကို အပင်တွေအတွက် သိမ်းဆည်းပေးထားနိုင်တယ်။
(၂) သီးနှံအကြွင်းအကျန်တွေနဲ့ စားကျက်က အကျန်တွေကိုလည်း မြေကြီးသုံးပြီးတော့ ဆွေးပစ်လိုက်လို့ရတယ်။
(၃) အပင်တွေ ထောင်မတ်နေစေဖို့လည်း ကူညီပေးတယ်။
(၄) စက်တွေဝင်ပြီး ထွန်ယက်ဖို့ဆိုလည်း တောင့်ခံနိုင်တဲ့ မြေကြီးဆိုတော့ စိုက်ရေးပျိုးရေးမှာ မြေကြီးမပါပဲ မစိုက်နိုင်ဘူးဆိုတာ သေချာတာပေါ့၊ ဒါဟာလည်း ခေတ်သစ် စိုက်ပျိုးရေးနည်းလမ်းတွေပေါ်လာပြီး မြေမဲ့စိုက်ပျိုးရေးတွေ လုပ်ကိုင်နေကြပေမဲ့လို့ မြေကြီးဟာ ခုထိကို အရေးကြီးနေရသေးတာပါပဲ။
မြေကြီးဆိုတာ ဘာလဲ
မြေကြီးဆိုမှတော့ မြေကြီးပေါ့လို့…မှန်ပါတယ်။ ဒါပေမဲ့ အပြည့်အစုံ ဆိုရရင်တော့ မြေကြီးဆိုတာက ကမ္ဘာ့အပိုင်းအစလေးတွေပါပဲ။ နေရာတိုင်းမှာ ဖြစ်ပေါ်မှုပုံစံအမျိုးမျိုးနဲ့ ရှိနေတာပါ။ အဲ့လို ပုံစံမျိုးစုံ ဖြစ်ပေမဲ့လို့ အဓိကပါဝင်တဲ့ပစ္စည်းကတော့ (၄) မျိုးပဲရှိတာပါ။ သတ္တုပစ္စည်းတွေရယ်၊ အော်ဂဲနစ်ပစ္စည်းတွေရယ်၊ ရေရယ်နဲ့ လေ အဲ့(၄)မျိုးပါပဲ။ အဲ့အထဲမှာမှ ရေနဲ့လေက အစိုင်အခဲမဟုတ်တာရယ်၊ သတ္တုပစ္စည်းနဲ့ အော်ဂဲနစ်ပစ္စည်းတွေက အစိုင်အခဲတွေဆိုတာရယ် ဆိုပြီး (၂)မျိုး ထပ်ခွဲလို့ရပါတယ်။ မှတ်ရလွယ်တာပေါ့။ အားလုံးပေါင်းပြီးတော့မှ မြေကြီးလို့ ခေါ်ပါတယ်။
ပါဝင်နှုန်း အစိုင်အခဲ
၁) သတ္တုပစ္စည်း
အကြမ်းပဲ ဆိုထားတာပါ။ များသောအားဖြင် ဖွဲ့စည်းတဲ့ပုံပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်တာကြောင့်မို့ပါ။ အဲ့လို ပစ္စည်းတွေက (၉၅) ကနေ (၉၉) ရာခိုင်နုန်းလောက်ထိ ပါဝင်ပါတယ်။ ကျောက်တွေ တိုက်စားခံရတယ်။ အဲ့လို သတ္တုပစ္စည်းတွေဖြစ်လာကြတယ်။ အဲ့ကနေမှ အရွယ်အစားလေးတွေကို တိုင်းတာပြီးတော့ ခွဲခြားထားတာရှိပါတယ်။ အဲ့ဒါတွေအကုန်လုံးပါတော့မှ သတ္တုပစ္စည်းတွေလို့ ခေါ်တာပါ။ တိုင်းထားတာက မီလီမီတာနဲ့ပါ။
၂ မီလီမီတာ ထက်ကြီးတဲ့ အရွယ်ဆိုရင်- ကျောက်စရစ် Gravel
၀.၀၂ ကနေ ၂ မီလီမီတာ အရွယ်အစားဆိုရင်- သဲ Sand
၀.၀၂ မီလီမီတာကနေ ၀.၀၀၂ မီလီမီတာကြားဆိုရင် - နုန်း Silt
၀.၀၀၂ မီလီမီတာနဲ့ သူ့အောက်ငယ်သွားရင် - ရွံ့Clay လို့ခေါ်ပါတယ်။
အဲ့ဒါ ပါဝင်တဲ့ပုံအပေါ်မူတည်ပြီးတော့ မြေသား ကောင်းတာ မကောင်းတာ။ အာဟာရတွေ ရတာ မရတာက ကွဲပြားသွားတာဖြစ်ပါတယ်။ အဲ့အထဲမှာ အသေးဆုံးဖြစ်တဲ့ ကောင်လေးက အရေးကြီးဆုံးဖြစ်ပါတယ်။ သူက ရေထိန်းနိုင်အား၊ အာဟာရထိန်းထားနိုင်အားတွေကို ဆုံးဖြတ်ပါတယ်။ ခုဏကပြောခဲ့တဲ့ (၄)မျိုးထဲမှာ ကျန်တဲ့ (၃) ခုမှာ အာဟာရကို ထိန်းထားနိုင်အားမရှိပါဘူး။ ဒါပေမဲ့ မြေကြီးထဲမှာ လေဝင်လေထွက်ကောင်းဖို့ကျတော့ အဲ့ (၃)မျိုးရှိနေမှဖြစ်မယ် ဆိုတော့ကာ…… ရှိသင့်တာတွေေတော့ ရှိရမှာပေါ့နော်၊ အဲအတွက် အကောင်းဆုံး ဥပမာပေးပါဆိုရင်တော့ သဲကန္တာရထဲမှာ အပင်စိုက်လို့မရဘူးဆိုတာပါပဲ။
၂) အော်ဂဲနစ်ပစ္စည်းတွေ
မြေကြီးထဲမှာပါတဲ့ အစိုင်အခဲ (၂)မျိုးထဲက နောက်တစ်မျိုးဖြစ်ပါတယ်။ အော်ဂဲနစ်ပစ္စည်းတွေလို့ ပြောလိုက်ရင် ဘာတွေပါမလဲဆိုတော့ မြေကြီးထဲမှာကျန်နေတဲ့ အပင်အကြွင်းအကျန်တွေ၊ တိရိစ္ဆာန်အကြွင်းအကျန်တွေရယ် ပါပါမယ်။ အသစ်စက်စက် ဘယ်လိုမှ မနေသေးတဲ့အဆင့်ပဲဖြစ်ဖြစ်၊ တစ်ဝက်တစ်ပျက် ဆွေးနေတာပဲဖြစ်ဖြစ်၊ အကုန်ဆွေးကျနေတာပဲဖြစ်ဖြစ် အော်ဂဲနစ်ပစ္စည်းတွေလို့ ရေတွက်လို့ရပါတယ်။ ပြီးတော့ မြေကြီးထဲမှာ အစကတည်းကရှိနေတဲ့ သက်ရှိတွေ အဏုဇီဝသက်ရှိတွေကိုလည်း အော်ဂဲနစ်ပစ္စည်းတွေလို့ ထည့်တွက်ပါတယ်။ ကဲ ဦးကြီးတို့ ပြောပြောနေတဲ့ မြေကြီး ဆိုတဲ့အထဲမှာ အော်ဂဲနစ်ပစ္စည်းဆိုတာ (၆) ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဲ့ဒါက ယေဘုယျ ခြုံပြောပြတာပါ။ စိုက်ပျိုးမြေတွေအတွက်ဆိုရင်တော့ (၀.၅) ကနေ (၃) ရာခိုင်နှုန်းလောက်ပါရင် စပြီးတော့ စိုက်လို့ရတဲ့အခြေအနေဖြစ်ပါတယ်။ သစ်တောမြေတွေမှာဆိုရင် (၂၀)ရာခိုင်နှုန်းအထိ ပါဝင်နိုင်ပါတယ်တဲ့။ ဘာလို့ သစ်တောတွေမီးရှို့ပြီး စိုက်ခင်းလုပ်ကြလဲဆိုတော့ မြေက ကောင်းတာကိုး။ အော်ဂဲနစ်ပစ္စည်းတွေပါဝင်တာက အပင်တွေအတွက် အာဟာရကိုထောက်ပံ့ပေးနိုင်ဖို့ အကောင်းဆုံးဖြစ်ပြီးတော့ ရေထိန်းထားနိုင်အားကိုလည်း ကောင်းစေပါတယ်။
ကဲ နောက်တစ်ပိုင်းကျတော့ အစိုင်အခဲမဟုတ်တဲ့အရာတွေ အပိုင်းကိုသွားကြမယ်။
အစိုင်အခဲ မဟုတ်တာတွေအတွက်ဆိုရင် အပိုင်း (၂)ပိုင်းခွဲလို့ရပါတယ်။ ရေနဲ့ လေပါပဲ။ စိုက်ပျိုးမြေလို့ သတ်မှတ်ထားရင် ရေက (၃၀) ကနေ (၅၀) ရာခိုင်နှုန်း ရှိသင့်ပါတယ်။ အခြေအနေ အချိန်အခါအရဆိုရင်တော့ မြေကြီးထဲမှာ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေလည်းကလည်း အလဲအလှယ်လုပ်ရမှာမို့ သူတို့အတွက်လည်း နေရာက လိုပါသေးတယ်။
ကဲ အဲ့တော့ မြေကြီးထဲမှာ ဘာတွေပါဝင်ဖွဲ့စည်းထားတာလဲဆိုတာ သိလောက်ပြီထင်ပါတယ်။
ထွန်းဝင်းကျော်
References
1. Centre of Land Protection Research, “Know Your Soil – Introduction to Soils”
2. www.nre.vic.gov.au/agvic/ins-clpr/