နွေအခါ မိုးများ ရုတ်တရက်ရွာသော် စိုက်ပျိုးရေးလုပ်သူများ အနေဖြင့်..

21/03/2022 10:03 AM တွင် ဖုန်းမာန်တိုး ဖုန်းမာန်တိုး မှ ရေးသား

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) ကြောင့် မြန်မာနိုင်ငံ၏ အချို့သော ဒေသများတွင် မိုးရွာမည်ဟု သတင်းများ ကြားသိလျက် ရှိပါသည်။ မတ်လသည် အပူချိန် စတင်မြင့်သော နွေလရာသီ ဖြစ်ပါသည်။ ထို့သို့ အပူချိန်စတင် မြင့်နေစဉ် ရုတ်တရက်မိုးများ ဆက်၍ ရွာလာပါက -

(၁) မြေဆီလွှာအတွင်းရေရရှိမှုမညီမျှခြင်း (Imbalance water supply) 

(၂) မြေဆောင် မှိုရောဂါများ ဆိုးဝါးလာခြင်း (Soil-born fungal diseases) 

(၃) သီးနှံပင်များ၏ ဇီဝကမ္မဖြစ်စဉ်များကို ထိခိုက်စေခြင်း (Crop physiological stress)

(၄) ရွေ့လျားလွယ်သော အပင်အာဟာရဓာတ်များ ရေဖြင့်မျောပါနိုင်ခြင်း (Loss of Mobile Plant Nutrients)

(၅) ပန်းပွင့်နေသော အဆင့်ဖြစ်ပါက ဝတ်မှုန်ကူးခြင်း နှင့် အသီးကင်းများကို ထိခိုက်စေခြင်း 

(Damage on Pollination rate and immature fruit fall) စသည့်ထိခိုက်မှုများ ဖြစ်စေနိုင်ပါသည်။

ထို့အတွက် စိုက်ပျိုးရေးလုပ်ကိုင်နေသူများအနေဖြင့် အောက်ပါအချက်များကို သတိပြုဆောင်ရွက်နိုင်ပါသည်။

(၁) ရေထုတ်၊ ရေနုတ်မြောင်းများကို စိုက်ဘောင်၊ စိုက်ကွင်းများတွင် ပြုလုပ်ထားခြင်း၊ 

(၂) ဥယျဉ်ခြံအပင်များဖြစ်ပါက ပင်ခြေများကို ကောက်ရိုး သို့မဟုတ် မြေဆွေး၊ ပလတ်စတစ်စများဖြင့် အုပ်မိုးထားခြင်း (Mulching)၊

(၃) ကယ်ဆီယမ် နှင့် ပိုတက်ဆီယမ် ပါသော မြေဩဇာများကို အပင်ဆဲလ်များတောင့်တင်းမာကြောလာစေရန် ဖျန်းခြင်း၊ ကျွေးခြင်း၊ (မြေဆောင်ရောဂါများ နှင့် ရေရရှိမှု မမျှတခြင်းကို ကူညီပေးနိုင်ရန်အတွက် ရည်ရွယ်ပါသည်။) ဥပမာ ကျောက်မှုန့်ထည့်ခြင်းသည် မြေလွှာအတွင်း ရေစီးဆင်းမှုကို အားပေးစေသည်။

(၄) နိုက်ထရိုဂျင်ပါသော မြေဆီကျွေးမှုကို ခဏတာ ရပ်တန့်ပေးထားရမည်။ နိုက်ထရိုဂျင်ဓာတ်သည် ရေဖြင့် စီးလွယ်မျောပါနိုင်သည်။ မြေဆောင်မှိုရောဂါတစ်ချို့ကို အားပေးသည်။ ဥပမာ - မြေအစိုဓာတ်ရှိနေစဉ် စခရိုရှမ် မှိုပင်ညှိုးရောဂါအား နိုင်ထရိုဂျင်ဓာတ်မှ အားပေးသည်။ 

(၅) အရွယ်အစားတစ်ခုသို့ ရောက်စ အသီးကင်းများအတွက် အိပ်စွပ်ခြင်း၊ အသီးအညှာကို အားပေးသော ဟော်မုန်းများ ( ဥပမာ ဂျစ်ဘရဲလစ်အက်ဆစ် ခေါ် ဂျစ်ဘရယ်လင် (GA3) နှင့် ပိုတက်ဆီယမ်ဓာတ်များ ပါသော ရွက်ဖျန်းများ) ကို အသုံးပြုခြင်း၊ 

(၆) ကြိုတင်မှိုရောဂါ ပင်လုံးပြန့်၊ ကာကွယ်ဆေးများကို သုံးခြင်း 

( ဥပမာ သိုင်အိုဖီးနိတ်မီသိုင်း အေအိုင် )

(အစွမ်းထက် - အဆိပ်ပစ္စည်း Thiophenate methyl)

မိတ်ဆွေတို့အနေနဲ့ လာမည့် မိုးနှင့်အတူ ထိခိုက်မှုမရှိဘဲ ကြိုတင်လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ပြီး စိမ်းစိုအောင်မြင်စေပါကြောင်း ဆုတောင်းရင်းဖြင့်..

ဖုန်းမာန်တိုး (ရေဆင်းရနံ့) 

 

လက်ရှိတွင် မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအချို့ဒေသများတွင် မိုးရွာသွန်းမှုအချို့ ရှိနေပြီ ဖြစ်သည်။ မုန်တိုင်းငယ်အခြေအနနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်များ ဆက်တိုက်ထုတ်ပြန်မှုများလည်း ရှိနေသည်။ 

 မုန်တိုင်းငယ်အခြေအနေနှင့်ပတ်သက်၍ မိုး/ဇလ ၏ ယနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) မုန်တိုင်းငယ်အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည်မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏တောင်-အနောက်တောင်ဘက်ရေမိုင်(၂၇၀)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်၊ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၃၇၅)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အရှေ့မြောက်ဘက်ရေမိုင်(၁၅၀)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ အရှေ့ဘက်ရေမိုင်(၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 (ခ) မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၁.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၂) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်     (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် နီကိုးဘားကျွန်း(Nicobar Islands)နှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက် (၁၂)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါမုန်တိုင်းငယ်(Depression)သည်ယနေ့နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၃.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

(၁) မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၂၃.၃.၂၀၂၂) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။ 

(၃) အဆိုပါ မုန်တိုင်းငယ်(Depression)သည် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး၊ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၄) (၂၂.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း အနီးသို့ ရောက်ရှိနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၅) (၂၃.၃.၂၀၂၂)ရက်နေ့၌ ရခိုင်ကမ်းရိုးတန်းသို့ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရ ပါသည်။

(၆) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၆)ပေမှ (၉)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

(င) အကြံပြုချက်

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်