Zoom Meeting တစ်ခု ဘယ်လို  Join ရမလဲ 

02/02/2021 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာလေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့အနေနဲ့ အွန်လိုင်းကနေ အစည်းအဝေးတက်တဲ့အခါ (သို့မဟုတ်) စိုက်ပျိုးရေးသင်တန်းတွေ တက်တဲ့အခါ မိုဘိုင်းဖုန်းထဲက Zoom ဆိုတဲ့ ဆော့ဝဲလ်ကို အသုံးပြုပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ ဒီဆော့ဝဲလ်လေး အသုံးပြုဖို့အတွက် Gmail (ဂျီမေးလ်) အကောင့်ရှိဖို့လိုပြီး Gmail (ဂျီမေးလ်) အကောင့်ဘယ်လိုဖွင့်ရမလဲဆိုတာ ယခင်ကမျှဝေပေးခဲ့ပြီး ဖြစ်ပါတယ် ခင်ဗျ။ 

အဆင့် ၁ 

        ပထမဦးစွာ Zoom ဆော့ဝဲလ်အား မိမိအသုံးပြုသော ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Android (အန်းဒရွိုက်) ဆိုလျှင် Google Play Store (ပလေးစတိုး) iOS (အိုင်ဖုန်း/ပန်းသီးဖုန်း) ဆိုလျှင် App Store မှ Download (ဒေါင်းလုဒ်) ဆွဲထားရန် လိုအပ်ပါတယ်။ 

အဆင့် ၂ 

        Zoom ဆော့ဝဲလ်အား ဒေါင်းလုဒ်ဆွဲပြီးပါက ဆော့ဝဲလ်အတွင်းသို့ ဝင်ရောက်ပြီး လုပ်ဆောင်ချက်များအားအသုံးပြုနိုင်ရန် Sign in ပြုလုပ်ရန် လိုအပ်ပါတယ်။ Sign in ဝင်ရာတွင် အစည်းအဝေး (သို့မဟုတ်) သင်တန်း အတွက်အသုံးပြုမည့် မိမိ၏ Gmail (ဂျီမေးလ်) လိပ်စာနှင့် Password (လျှို့ဝှက်ကုဒ်) တို့ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ 

အဆင့် ၃ 

         မိမိတွင် Meeting Link (အစည်းအဝေး၊ သင်တန်းတက်ရောက်ရန် တိုက်ရိုက် ချိတ်ဆက်နိုင်သည့်နေရာ) အဆင်သင့် ရှိပါက အစည်းအဝေး (သို့မဟုတ်) သင်တန်း ပြုလုပ်သည့်နေ့တွင် ၎င်း Link (လင့်ခ်) ပေါ်နှိပ်ပြီး တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ အစည်းအဝေး၊ သင်တန်း တက်ရောက်ရန် ဖိတ်ကြားထားသော ဖိတ်စာ (သို့မဟုတ်) email (အီးမေးလ်) တွင်လည်း Meeting Link ပါဝင်မှာ ဖြစ်ပါတယ်။ ၎င်းဖိတ်စာတွင်  Meeting Link (လင့်ခ်) အပြင် Meeting ID (အိုင်ဒီ) နှင့် Password (လျှို့ဝှက်ကုဒ်) တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ 

အဆင့် ၄    

        အစည်းအဝေး (သို့မဟုတ်) သင်တန်း အားတက်ရောက်နိုင်ရန် Zoom ဆော့ဝဲလ်ထဲသို့ဝင်ရောက်ပြီး Join (ချိတ်ဆက်မည်) ဆိုသည့်နေရာကို နှိပ်ပေးရပါမယ်။ ထို့နောက် အစည်းအဝေး (သို့မဟုတ်) သင်တန်း သို့ဝင်ရောက်နိုင်ရန် လိုအပ်သော Meeting ID  (အိုင်ဒီ) (သို့မဟုတ်) Meeting Link (အစည်းအဝေးတက်ရောက်ရန် လင့်) အားထည့်သွင်းကာ Join (ချိတ်ဆက်မည်) ကိုနှိပ်ပေးခြင်းဖြင့် ဝင်ရောက်နိုင်ပြီ ဖြစ်ပါသည်။ 

အဆင့် ၅ 

        အထက်ဖော်ပြပါ အဆင့်များ ပြီးဆုံးပါက မိမိအနေဖြင့် အစည်းအဝေး (သို့မဟုတ်) သင်တန်း ပြုလုပ်နေသော နေရာသို့ရောက်ရှိမှာ ဖြစ်ပါတယ်။ အစည်းအဝေး (သို့မဟုတ်) သင်တန်းတွင် မိမိအနေဖြင့် စကားပြောလိုပါက အောက်ခြေရှိ Audio (အသံပိုင်းဆိုင်ရာ) နှင့် Video (ဗီဒီယိုပိုင်းဆိုင်ရာ) ဆိုသည့် ခလုတ်များကို အပိတ်အဖွင့်ပြုလုပ်ကာ ပါဝင်ဆွေးနွေးပြောကြားနိုင်မှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်