အိန္ဒိယနိုင်ငံက အွန်လိုင်းနွားပွဲဈေး

28/04/2022 16:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

မွန်ဘိုင်းမြို့ကနေ ငါးနာရီလောက် လာရတဲ့ ဗာဂျီဟာကျေးရွာ နွားတင်းကုပ်တစ်ခုထဲမှာ နွားမခြောက်ကောင် မြက်ခြောက်တွေ တမြုံ့မြုံ့ စားနေကြပါတယ်။ မွေးမြူရေးတောင်သူ အဂျေး ရှီလင်ခါက ပြုံးတုံ့ ‌ပြုံးတုံ့နဲ့ သူ့နွားမတွေအကြောင်း မိတ်ဆက်ပြောပြနေတာပါ။ အဲဒီထဲက 'လာလီ' ဆိုတဲ့ နွားမဟာ သူ နောက်ဆုံးဝယ်ယူမွေးမြူထားတဲ့အကောင်ပါ။ 

"ဒီနွားမက လူပြောစကား နားထောင်တယ်။ နှင်တံတောင် သုံးစရာမလိုဘူး" လို့ ပြောပြတယ်။ လာလီကလည်း မြူးထူးတဲ့အသံနဲ့ အော်မြည်ပြနေပါတယ်။

အရင်ကဆိုရင်တော့ နွားဝယ်မယ်ဆိုရင် အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ နွားပွဲဈေးတစ်ခုခုဆီအထိ ခြေဆန့်ခဲ့ရမှာပါ။ ဒါပေမဲ့ မစ္စတာရှီလင်ခါဟာ လာလီကို Animall ဆိုတဲ့ အွန်လိုင်းနွားဈေးတန်းတစ်ခုကနေ ရှာတွေ့ခဲ့တာပါ။ လာလီကို ရူပီး ၄၅၀၀၀ (ဒေါ်လာ ၅၉၀) နဲ့ ရောင်းချဖို့ တင်ထားတဲ့သူက မစ္စတာရှီလင်ခါနဲ့ ကီလိုမီတာ ၂၀ လောက်သာဝေးတဲ့ အရပ်ကပါ။ အခုအရောင်းအဝယ်မှာ နွားပွဲစားဆီကို ပေးရမယ့်ငွေ အနည်းဆုံး ရူပီးတစ်သောင်းလောက် သက်သာသွားတယ်လို့ မစ္စတာရှီလင်ခါက တွက်ချက်ပြပါတယ်။

မစ္စတာရှီလင်ခါဟာ အိန္ဒိယနိုင်ငံထဲရှိ နို့စားနွားတောင်သူ ၇၅ သန်းထဲမှာ ပါဝင်သူဖြစ်ပါတယ်။ လာလီက အိန္ဒိယရဲ့ နွားမကောင်ရေ သန်း ၂၀၀ ထဲက တစ်ကောင်ပါ။ (နောက်ထပ်လည်း အိန္ဒိယမှာ ကျွဲကောင်ရေ သန်း ၁၀၀ ခန့် ရှိပါသေးတယ်)။ အိန္ဒိယနွားနို့လုပ်ငန်းဟာ ဒေါ်လာ ၁၇၄ ဘီလျံ တန်ဖိုးရှိပြီး ကမ္ဘာ့နွားနို့စုစုပေါင်းရဲ့ ငါးပုံတစ်ပုံကို ထုတ်လုပ်ပေးနေပါတယ်။ ပြန့်ကျဲနေတဲ့ နွားဈေးကွက်ကြီးကို စုစည်းနိုင်မယ်ဆိုရင် အကျိုးအမြတ် မြိုးမြိုးမြက်မြက် ရရှိမှာကို မြင်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စွန့်ဦးတီထွင် လုပ်ငန်းသစ်များစွာ ပေါ်ထွန်းလာပါတယ်။ 

ဒီလုပ်ငန်းတွေက အွန်လိုင်းကနေ တိမွေးကုဆေးခန်းနဲ့ ချိတ်ပေးတာလိုမျိုး ဝန်ဆောင်မှုတွေ ပေးပြီး အခကြေးငွေယူတာလည်း ရှိပါတယ်။ Animall က တော့ ကုမ္ပဏီစထောင်ခဲ့တဲ့ ၂၀၁၉ ကနေ တွက်ရင် သူ့ပလက်ဖောင်းပေါ်မှာ ကျွဲနွားအရောင်းအဝယ် တစ်သန်းလောက်အထိ ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ရင်းနှီးမြှုပ်နှံမှုလည်း ဒေါ်လာ ၂၃ သန်းလောက် ရရှိခဲ့ပါတယ်။ အလားတူ လုပ်ငန်းတွေထဲမှာ  အစောဆုံးအဖြစ် ၂၀၁၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ Pashushala လုပ်ငန်းကတော့ သူတို့ရဲ့ ရည်ရွယ်ချက်က “ကျွဲနွားတွေအတွက် ဒီမိုကရေစီ ဖော်ဆောင်ဖို့” လို့တောင် ပြောပါတယ်။

 

အခုအချိန်အထိ ကျွဲနွားအရောင်းအဝယ်အများစု ဖြစ်နေဆဲဖြစ်တဲ့ မိရိုးဖလာ ကျွဲနွားဈေးကတော့ငွေကုန်ကြေးကျ ပိုများပြီး ပရမ်းပတာ နိုင်လှပါတယ်။ ကျွဲနွားတွေ တင်ရချရတာအတွက် လုပ်သားစရိတ်နဲ့ ပွဲဈေးဆီ အပို့အယူအတွက် သယ်ယူပို့ဆောင်စရိတ်တွေ ကျသင့်နေပါတယ်။ ကျွဲခိုး နွားခိုးရန်ကိုလည်း စိုးရိမ်ရပါတယ်။ ဝယ်လောက်မဲ့သူကို ရှာပြီး ဈေးစပ်ပြောဆိုနေရတာကလည်း နေပူခေါင်ခေါင်မှာဆိုတော့ မစားသာလှပါဘူး။ တကယ်လို့ ကိုယ့်နွားကို ဝယ်သူမပေါ်ခဲ့ဘူးဆိုရင် ဒီကရိကထလုပ်ငန်းစဉ် တစ်ခုလုံးကို တစ်ကနေ ပြန်စလုပ်ပေတော့ပဲလို့ ဗာဂျီဟာကျေးရွာသား အခြားတောင်သူတစ်ဦးဖြစ်သူ အနဲ ရီနူဆေးက ပြောပြပါတယ်။

နောက်ပြီး နွားမရွှံ့ပိတ် ဂျင်းထည့်ကြတဲ့အဖြစ်တွေလည်း ရှိတယ်လို့ အနောက်ပိုင်းမြို့ငယ်တစ်ခုဖြစ်တဲ့ စန်ဂလီမှာ ကျွဲတွေ မွေးမြူထားသူ ဆာတစ် ဘာနေလီက ပြောပါတယ်။ နွားပွဲစားတစ်ချို့က သူတို့နွားတွေကို ဟော်မုန်းဆေးတွေ ထိုးထားတတ်ကြတယ်။ ဦးချိုတွေကိုလည်း ပြောင်လက်နေအောင် သထားလိုက်တာများ နွားတွေဟာ အလှပြင်ဆိုင်ကနေ အခုမှ ပြန်လာကြသလိုပဲလို့ သူက ပြောတယ်။ "မိဘက အတင်းအကျပ်စီစဉ်တဲ့ အိမ်ထောင်အတွက် သတို့သမီး အရှာထွက်ရသလိုပါပဲ။ သွင်ပြင်ကိုတင် ကြည့်မိလို့ အဆုံးအဖြတ်မှားတာမျိုး မဖြစ်အောင် ဂရုစိုက်ရတယ်" လို့ သူက ပြောပါတယ်။

Pashushala နဲ့ Animall လို လုပ်ငန်းတွေကတော့ ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စနစ်တစ်ခု ထားရှိပြီးပြီလို ဆိုပါတယ်။ ကျွဲနွားတွေရဲ့ အပြစ်အနာအဆာ စစ်ဆေးရာမှာ ဒေသခံ တိမွေးကုဆရာဝန်ဆီက ထောက်ခံချက်ကိုလည်း ယူပါတယ်။ Animall မှာ ရောင်းချလိုသူက သူတို့ကျွဲနွားရဲ့ ဓာတ်ပုံနဲ့ ဗွီဒိုယိုတွေ တင်ပေးရပါတယ်။ နွားမျိုးနဲ့ အသက် တို့အပြင် သားဘယ်နှကြိမ် ပေါက်ဖူးလဲ၊ နို့ဘယ်လောက် ထွက်သလဲဆိုတဲ့ အချက်အလက်တွေကိုပါ ပေးအပ်ရပါတယ်။ ဒီအချက်အလက်တွေ မှန် မမှန်ကိုတော့ အဖွဲ့တစ်ဖွဲ့က စစ်ဆေးပေးနေပါတယ်။ 

ပုံ ဝါးတားတားတွေနဲ့ ကြော်ငြာထားတာတွေ၊ ဒါမှမဟုတ် အင်တာနက်ပေါ်က ပုံတွေ သုံးတာတွေဆိုရင် ချက်ချင်း ဖြုတ်ချပစ်ပါတယ်။ နောက်ပြီး နွားမရဲ့ နို့အုံကို အနီးကပ်ရိုက်ထားတဲ့ပုံ တင်ပေးဖို့က အလွန်အရေးကြီးပါတယ်။ အဲဒီပုံကို ကြည့်ပြီး နွားမရဲ့ အနေအထားအပေါ် တောင်သူတွေ ပေးတဲ့မှတ်ချက်စကားဟာလည်း အလွန် အသုံးဝင်ပါတယ်။ နွားရောင်းဖို့ တင်ထားတဲ့ ဗွီဒီယိုတစ်ခုမှာတော့ ရောင်းသူက "နွားချော မချောတော့ ဦးချိုတွေကိုသာ ကြည့်လိုက်ပါ" လို့ ပြောဆိုထားပါတယ်။ ဒီလိုမျိုး နွားဦးချိုကို ခြယ်သပြီး ရောင်းပန်းတင်တာဟာ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ လုပ်ရ ပိုလွယ်ကူလာပြီး ဈေးလည်း သက်သာလာပါပြီ။

ဝေယံဟိန်း (B.Ag)

Ref: Indian cows (and buffaloes) are going online - The Economist 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်