ဆပ်မျိုးများကွာခြားပုံနှင့် စိုက်ပျိုးနည်း

25/01/2022 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆပ်ကို မြန်မာနိုင်ငံ၌ တောင်တန်းဒေသများတွင် အဓိကစိုက်ပျိုးကြသည်။ မြေပြန့်ဒေသများ၌မူ အနည်းငယ်သာစိုက်ပျိုးကြသည်။ ဆပ်မျိုးများမှာ ဆပ်နီ၊ ကုလားဆပ်၊ ပုလဲဆပ်၊ ခွေးမြီးဖြူ/နီနှင့် ဆပ်ကလေးဟူ၍ (၅) မျိုးရှိသည်။

ဆပ်နီ

တောင်ပေါ်ဒေသများတွင် အများအပြားစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် မိုးနည်းရေရှားခြောက်သွေ့သောနေရာများတွင် အနည်းငယ်စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် မိုးဦးရာသီတွင် မြေကိုထွန်ယက်ပြီး ပျိုးဘောင်ပြုလုပ်၍ ပျိုးထောင်ရမည်။ ပျိုးပင်အသက်ရက် (၃၀​) ခန့်တွင်ပြောင်းရွှေ့စိုက်ပျိုးရမည်။ သို့မဟုတ်ပါက ပျိုးမကောင်းပဲ တိုက်ရိုက်မျိုးစေ့ချ၍ စိုက်ပျိုးနိုင်သည်။ စိုက်ကြောင်းများကို (၁၅) လက်မအကွာဆွဲ၍ တိုက်ရိုက်မျိုးစေ့ချပြီး ကြမ်းတုံးဖြင့် မြေပြန်ဖုံးပေးရမည်။

တစ်ဧကလျှင် မျိုးစေ့(၂)ပြည်ခန့်အသုံးပြုရပြီး အပင်အမြင့်မှာ (၄-၅) ပေခန့်ရှိသည်။ ထိပ်ဖျားတွင် လက်ချောင်းများကဲ့သို့ (၄-၅) ချောင်းရှိ အနှံထွက်သည်။ သက်လျင်မျိုးကို စက်တင်ဘာလ၊ အောက်တိုဘာလတွင် ရိတ်သိမ်းရမည်။ ရိတ်သိမ်းရာတွင် အနှံများကို တံစဉ်ဖြင့် ဖြတ်ယူပြီး နေလှမ်းရမည်။ ခြောက်သွားပါက နွားဖြင့်နယ်၍ အစေ့ထုတ်ယူရမည်။ အစေ့များကို ဆန်ဖွတ်သကဲ့သို့ ဖွတ်ပြီး ဖြူစင်အောင်ပြာရမည်။ တစ်ဧက (၈-၁၂) တင်းခန့်ထွက်ရှိသည်။

ကုလားဆပ်

အထက်မြန်မာနိုင်ငံအပူပိုင်းဇုန်တွင်စိုက်ပျိုးကြပြီး အပင်အမြင့်မှာ (၆-၇) ပေခန့်ရှိသည်။ အပင်ထိပ်ဖျားတွင် အနှံလုံးတံထွတ်ပြီး အစေ့များပါရှိသည်။ ဆူးနှင့်တူသော အမွေးများပါရှိသည်။ ရင့်မှည့်ပါက အနှံကိုဖြတ်ပြီး နေလှမ်းရမည်။ ခြောက်သွေ့သွားပါက နွားနှင့်နယ်၍ အစေ့ကိုထုတ်ယူရမည်။ အစေ့ကို ဆန်ဖွတ်သကဲ့သို့ဖွတ်၍ ပြာစင်ပြီး ထမင်းအဖြစ်လည်းကောင်း၊ အမှုန့်ကြိတ်၍ ကိတ်မုန့်၊ ပေါင်မုန့်၊ မုန့်ဆီကြော်အဖြစ်လည်းကောင်း ပြုလုပ်စားသောက်ကြသည်။

ပုလဲဆပ်

အပင်အမြင့် (၁၀-၁၂) ပေခန့်ရှိပြီး အပင်ထိပ်ဖျားမှ အနှံလုံးတံထွက်၍ အစေ့များပါရှိသည်။ မိုးဦးကျတွင် စိုက်ပျိုးရပြီး စက်တင်ဘာလတွင် ရင့်မှည့်သည်။ ထို့ကြောင့် အသက်ရက်မှာ (၁၂၀)ခန့်ဖြစ်သည်။ စိုက်တန်းအကွာအဝေးမှာ (၁၅) လက်မနှင့် အပင်အကွာအဝေး (၄) လက်မခန့်ထားသင့်သည်။ တစ်ဧကမျိုးစေ့နှုန်းထားမှာ (၂) ပြည်နှင့် အထွက်နှုန်းမှာ (၅-၈) တင်းခန့်ဖြစ်သည်။ ရိတ်သိမ်းနယ်လှေ့ခြင်းမှာ အခြားဆပ်မျိုးများနှင့် အတူတူပင်ဖြစ်သည်။

ခွေးမြီးဖြူ/နီ

ကုန်းမြင့်ဒေသခြောက်သွေ့သောမြေများတွင် ပို၍ဖြစ်ထွန်းသည်။ အပင်အမြင့်မှာ (၄-၅) ပေခန့်ရှိပြီး အပင်ထိပ်ဖျား၌ အနှံလုံးတံထွက်၍ အစေ့များပါရှိသည်။ အစေ့များရင့်မှည့်သောအခါ အနှံမှာအောက်သို့ ငိုက်၍ကျသည်။ မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးပြီး စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင် ရိတ်သိမ်းရသည်။

ဆပ်ကလေး

မြန်မာနိုင်ငံအနောက်ပိုင်းတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ ရင့်မှည့်သောအခါ အနှံခက်သည် အောက်သို့ငိုက်ကျသည်။

နည်းပညာများကို အောင်ဝင်းထွဋ်၏ "လယ်ယာသီးနှံစိုက်ပျိုးနည်း" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်