မြန်မာနိုင်ငံတွင် လအလိုက်ပွင့်သော ရာသီပန်းများရှိပါသည်။ ထိုရာသီပန်းများပွင့်ချိန်ကိုကြည့်၍ အကြမ်းအားဖြင့် နွေ၊ မိုး၊ ဆောင်း ကိုခွဲခြားနိုင်ပါသည်။ ယခုအခါ မိုးလရာသီကုန်ဆုံး၍ သီတင်းကျွတ်သို့ပင်ရောက်ကာ တောင်ပေါ် ဒေသများတွင် ဟေမာန်ဆောင်းသည် တဖြည်းဖြည်း ချဥ်းကပ်လာပြီဖြစ်ပါသည်။
ဆောင်းရာသီ၏ ရာသီပန်းကို ခဝဲပန်းများ သဇင်ပန်းများနှင့် ခွာညိုပန်းများဟုသာ လူသိများကြပါသည်။ သို့ရာတွင် ဆောင်းကြိုပန်းစင်စစ်သည်ကား ဧကရာဇ်ပန်းပင်ဖြစ်ပါသည်။
ဧကရာဇ်ပန်း၏ သိပ္ပံအမည်မှာ Millingtonia hortensis ဖြစ်ပြီး Bignoniaceae မျိုးရင်းဖြစ်ပါသည်။ ဧကရာဇ်ပင်မှာ ပင်စည်ဖြောင့်အပင်ကြီးမျိုးဖြစ်ပြီး အမြင့်သည် ပေ ၄၀ မှ ၅၀ အထိရှိပါသည်။ ပန်းပွင့်လေးများသည် ခေါင်းလောင်းပုံ ပွင့်ချပ်အဖြူလေးတွင် သေးသွယ်ရှည်လျားသည့်ရိုးတံ ပါရှိပါသည်။ များသောအားဖြင့် ကိုင်းထိပ်တွင်တွဲလောင်းပွင့်တတ်ပြီး မြေသို့သက်ဆင်းကြွေကြသည်ကများပါသည်။ သီတင်းကျွတ်လ အအေးဓာတ်အစပြုချိန်မှစကာ တန်ဆောင်းမုန်းလကုန်သည်အထိပွင့်တတ်ပြီး လွန်စွာသင်းပျံ့သောရနံံ့ ရှိပါသည်။ ဧကရာဇ်ပန်းရနံ့ကို လေသင့်ရာမှရနိုင်သည်အထိ သင်းပျံ့ပါသည်။ အရွက်မှာ ရွက်ပေါင်းအမျိုးအစားဖြစ်ကာ အရွက်ထိပ်ချွန်ပါသည်။ အသီးမှာသီးတောင့်ရှည်အမျိုးအစား ဖြစ်ပါသည်။
ဧကရာဇ်ပင်မှာ တစ်ပင်လုံးအသုံးဝင်ပါသည်။ များသောအားဖြင့် အပွင့်သည် သင်းပျံ့သောရနံ့ရှိသဖြင့် စိုက်ပျိုးကြပါသည်။ အရွက်ကိုသုပ်စားလျှင် အမျိုးသမီးများတွင်ဖြစ်တတ်သော မီးယပ်ရောဂါကို သက်သာစေပါသည်။ ပန်းပွင့်ကို ပြုတ်စားခြင်း သုပ်စားခြင်းပြုလုပ်လျှင် နှလုံးတုန်ခြင်းနှင့် မူးဝေခြင်းကို သက်သာစေပါသည်။ အခေါက်ကို ဆန်ဆေးရည်နှင့်သွေးကာ လျှာပွတ်ခြင်းဖြင့် အမူးလွန်ခြင်းကို ပျောက်ကင်းစေပါသည်။ ပင်စည်ကိုမူ ပရိဘောဂများပြုလုပ်ရာတွင် သစ်သားအဖြစ် သုံးနိုင်ပါသည်။ အရွက်ခြောက်များကို အချို့က စီးကရက်တွင် ဆေးရွက်ကြီးအမှုန့်အစားထိုးအဖြစ် သုံးကြပါသည်။
ဧကရာဇ်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ကာ စိုက်ပျိုးရလွယ်ပြီး မျိုးစေ့မှလည်း မျိုးပွားနိုင်ပါသည်။ အလွန်အေးသောဒေသနှင့် ပင်လယ်ရေငန်လွှမ်းသောဒေသမှလွဲ၍ ဒေသမျိုးစုံ စိုက်ပျိုးနိုင်ပါသည်။ ထို့ကြောင့် သင်းပျံ့သောရနံ့ ရှိသည့် ဆောင်းရာသီ၏အကြိုပန်းဖြစ်သော ဧကရာဇ်ပန်းများအား မြန်မာလူမျိုးတို့ သတိထားမိစေရန် ရည်ရွယ်၍ ရေးသားလိုက်ရပါတော့သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။