သင်္ဘောပင် ဖိုမလိင်စုံ ခွဲခြား အသီးတင်စေလိုသော်..

06/04/2022 15:39 PM တွင် ဖုန်းမာန်တိုး ဖုန်းမာန်တိုး မှ ရေးသား

သင်္ဘောစိုက်ပျိုးရာတွင် များသောအားဖြင့် သင်္ဘောသီး၏ အစေ့များမှ မျိုးချန်၍ စိုက်တတ်ကြသည်။ သို့ရာတွင် သင်္ဘောသီး အတွင်းတွင် အဖိုပင်ဖြစ်လာမည့်အစေ့များ၊ အမပင်ဖြစ်လာမည့်အစေ့များ၊ လိင်စုံပင်များ စသည်ဖြင့် ရှိတတ်သည်။ ထို့ကြောင့် အပင်၏ လိင်ပေါ်မူတည်၍ အပင်တိုင်းအသီး မသီးပါ။

သင်္ဘောပင်၏ သဘာဝအရ အကြမ်းဖြင်းအားဖြင့် လိင် အမျိုးအစားသုံးမျိုးရှိသည်။ 

အဖိုပင် 

သင်္ဘောအဖိုပင်မှာ ပုံမှန်အနေအထားအရ အသီးမတင်ပါ။ ပန်းခိုင်ရိုးတံများမှာ အလွန်ရှည်လျားပြီးအပင်မှ ပင်စည်အရွက်များနဲ့အပြိုင် ဖြာထွက်နေတတ်သည်။ ပန်းပွင့်မှာလည်း သေးငယ်၍ အောက်ခံသန္ဓေအိမ်မပါပါ။ အပွင့်ထဲတွင်လည်း ပန်းဝတ်မှုံအိတ် အဝါရောင်အဖတ် ဆယ်ခုပါရှိသည်။

အမပင်

အသီးသီးနိုင်သောအပင်ဖြစ်သည်။ အမပွင့်ခိုင်များမှာ အရွက်ထိပ်ထိ မထွတ်ပါ။ အမပွင့်များမှာ ပင်စည်နဲ့ကပ်၍ထွက်သည်။ အပွင့်အရွယ်အစားကြီး၍ အပွင့်အောက်တွင် ဖောင်းနေသောသန္ဓေအိမ်ပါရှိသည်။ အမပွင့်များကိုသယ်ဆောင်ထားသော ရိုးတံတိုသည် အဖိုပင်မှ ဝတ်မှုံကူးခြင်းမရှိဘဲ အမပင်တစ်ပင်တည်းထားလျှင် သီးလာသောအသီးမှာ အစေ့များမပါတတ်ပါ။ အကယ်၍ ဝတ်မှုံကူးပြီး အသီးရလာပါက အသီးတွင် အစေ့များပါပြီး ပုပုဝိုင်းဝိုင်းပုံစံ ရှိသည်။

လိင်စုံပင် 

သင်္ဘောလိင်စုံပင်ကို နှစ်မျိုးခွဲခြားနိုင်သည်။

၁။ အဖိုပွင့် အမပွင့်သီးခြားစီ နှစ်မျိုးလုံးပါသောအပင် 

ဤအပင်တွင် အဖိုအင်္ဂါပါသော အဖိုပွင့်နှင့် အမအင်္ဂါပါသော အမပွင့်သပ်သပ်စီခြား၍ တစ်ပင်တည်းတွင်အတူပွင့်သည်။ ထို့ကြောင့် ဝတ်မှုံကူးလွယ်သည်။ အသီးသီးမြန်သည်။ ပြွန်ပုံစံ ရှည်ရှည်အပွင့်များကိုထုတ်သည်။ အပွင့်အောက်တွင် သန္ဓေအိမ်ပါသည်။

၂။ တစ်ပွင့်တည်းတွင့် အဖိုအင်္ဂါရော အမအင်္ဂါပါ ပါသောအပင် 

ဤအပင်တွင် အဖို အမ အပွင့်သီးသန့် ခွဲမပါနေပဲ အပွင့်တစ်မျိုးသာပွင့်ပြီး ထိုအပွင့်တွင် လိင်နှစ်မျိုးလုံးပါသည်။ ထိုအတွက့်အသီးအများဆုံးရနိုင်သောအပင်ဖြစ်သည်။ အပွင့်ကိုခွဲကြည့်ပါက အဖိုဝတ်မှုံအိတ်ဖတ်ရော၊ အမဝတ်မှုံခံတိုင်နှင့် သန္ဓေအိမ်ရော နှစ်မျိုးလုံး တစ်ပွင့်တည်းတွင်ပါသည်။

 

မိမိတို့စိုက်ပျိုးထားသော အပင်များ၏ လိင်အမျိုးစားပေါ်လိုက်ပြီး သင်္ဘောပင်ကို အသီးတင်အောင် အောက်ပါအတိုင်းဆောင်ရွက်သင့်သည်။ 

အဖိုပင်ဆိုလျှင် အပင်ခြေကို သပ်ရိုက်၍ (အပင်မသေလောက်သောအနေအထားဒဏ်ရာပေးခြင်း) လည်းကောင်း၊ အမပင်နှင့်အတူစိုက်ပေး၍သော်လည်ကောင်း အသီးရရှိစေနိုင်သည်။

လိင်စုံဖြစ်ပါက အထူးတလည် ဝတ်မှုံကူးပေးရန်မလိုပါ။

ဈေးကွက်ထဲတွင် မျိုးစေ့ကုမ္ပဏီများမှာ သင်္ဘောအစေ့များကို လိင်စုံပင်သီးသန့်ရွေးချယ် အသီးသီးနိုင်ပြုပြင်ဖန်တီးပြီးထုတ်လုပ်သော အစေ့များလည်းရှိသည်။ ယုံကြည်စိတ်ချရသော အစေ့များကို ဈေးကွက်မှ  ဝယ်ယူပြီးလည်း စိုက်ပျိုးနိုင်သည်။

ဖုန်းမာန်တိုး (ရေဆင်းရနံ့)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်