တိုင်းရင်းကြက်နာရောဂါ ကာကွယ်ကုသရာတွင် အသုံးဝင်သော ဆေးဘက်ဝင်စပါးလင်ပင်

19/01/2021 11:45 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ရောဂါလက္ခဏာနှင့် ကုသပုံ

       ၁။ ကြက်မှာ လည်ပင်းတိုပြီး ကုပ်ချောင်းချောင်းနှင့် စိတ်ပါကျလာပြီဆိုလျှင် စပါးလင်တစ်ပင်ကို ရှာပြီး ငရုပ်ဆုံထဲထည့်ကာ ထုထောင်း၍ အရည် လက်ဖက်စားဇွန်း (၁) ဇွန်း ကြက်ကို တိုက်ပေးပါ။ အရည်ညှစ်ပြီး ကျန်နေသော စပါးလင် အဖက်များထဲမှ လက်မလက်တစ်ဆစ်စာခန့်ကိုလည်း ကြက်ကို ခွံ့ပေးပါ။

       ၂။ ပြီးနောက် ကြက်ကို အုပ်ဆောင်းနှင့် နာရီဝက်၊ (၁) နာရီခန့် အုပ်ထားပြီးမှ ရေခွက်ထဲရေထည့်ပြီး အနားမှာ ချထားပေးလိုက်ပါ။ ကြက်က ရေထသောက်လာပြီ ဆိုပါက ဆေးဦးပါပြီ။ တစ်ရက်ခြားခန့် ဆက်၍ တိုက်ပေးပါ။ ကြက်က ရေထသောက်တာ မတွေ့လျှင်တော့ အခြားဆေးနည်းတစ်ခုခုနှင့် ပြောင်းပြီးကုနိုင်ပါသည်။

       ၃။ ကိုယ့်ပတ်ဝန်းကျင်တွင် ကြက်နာကျသည့်အသံကြားပါက ကာကွယ်သည့် အနေဖြင့် ရေဖလားတစ်လုံးတွင် ရေ သုံးချိုးနှစ်ချိုးခန့်ထည့်ပြီး စပါးလင်နှစ်ပင်ခန့် ထုထောင်းကာ ရောစပ်၍ နနွင်းမှုန့် ထမင်းစားဇွန်း (၁) ဇွန်း၊ ကြက်အငယ်တွေအား ထမင်းစားဇွန်း (၁) ဇွန်းကို (၄) ကောင်နှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ခန့် တိုက်ထားပေးပါ။  (၃-၄) ပတ်ခန့်၊ (၃-၄) ကြိမ်ခန့် တိုက်ကျွေးရပါမည်။

       ၄။ နောက်တစ်နည်းမှာ စမုံစပါးကို ကျွေးနေကျ အစာနှင့် ရောကျွေးပါ။ (သို့) စမုံစပါးကို လက်ဖက်စားဇွန်းနှင့် တစ်ဇွန်းစာလောက် ကျွေးပေးပါ။

လူ့အကျိုးပြု စပါးလင်ပင် ဆေးဘက်ဝင်ပုံအကြောင်း

        မြန်မာ့ဆေးကျမ်းများ အလိုအရ စပါးလင်သည် ဖန်၏။ ခါး၏။ နှလုံး၊ လည်ချောင်းနှင့် ပတ်သက်သော ရောဂါ၊ သွေးအန်ခြင်း၊ ကာလဝမ်းနှင့် ချောင်းဆိုး သလိပ်များတို့ကိုနိုင်၏။ လေ၊ သလိပ်ကိုလည်းကြေစေ၏။ သွေးကြွစေ၏။ အစာကြေ၏။

အိန္ဒိယဆေးကျမ်းများအလိုအရ

       (၁) စပါးလင်မှာ အစာမကြေခြင်း၊ ခံတွင်းပျက်ခြင်းနှင့် အစာအိမ်အတွင်း ပိုးနှောင့်ယှက်သော ရောဂါများကို ကုရာတွင် အကောင်းဆုံး ဆေးတစ်လက်ဖြစ်သည်။

       (၂) အူသိမ်၊ အူနု၊ အူအကာနှင့် အူအမြှေးများ၏ လုပ်ဆောင်ချက်များကိုလည်း ပိုမိုကောင်းမွန်စေသည်။

       (၃) စပါးလင်သည် ပဉ္စငါးပါးလုံးအသုံးဝင်စေသဖြင့် လေ၊ သလိပ်ကိုကြေစေသည်။

        (၄) သွေးသားကိုကြည်လင်စေ၊ အစာကြေစေ၊ သည်းခြေကိုပျက်စေ၊ နှလုံး၊ လည်ချောင်းနှင့် ပတ်သက်သောရောဂါများ၊ ချောင်းဆိုးသွေးပါခြင်း၊ သွေးအန်ခြင်းနှင့် ကာလဝမ်းရောဂါများကို နှိမ်နင်းကုသပေးနိုင်သည်။

       (၅) စပါးလင်တွင် အဆိပ်ဖြေဓာတ်၊ ဘက်တီးရီးယား (ခေါ်) ပိုးသတ်နိုင်သော အစွမ်းနှင့် မှိုရောဂါများကို သက်နိုင်သော ဂုဏ်သတ္တိလည်းရှိသည်။

       (၆) စပါးလင်သည် ခန္ဓာကိုယ်ခုခံအားကိုကောင်းမွန်စေပြီး အဖျားရောဂါ၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်းတို့ကိုလည်း ကုသနိုင်ပါသည်။       

       (၇) စပါးလင်သည် အဆိပ်ဖြေနိုင်ခြင်းနှင့် အသဲ၊ ကျောက်ကပ်၊ ဆီးအိမ်၊ အစာလမ်းကြောင်းတို့ကို သန့်ရှင်းစေနိုင်ပါသည်။

       (၈) စပါးလင်အဆီတွင် ပိုးသတ်နိုင်သော အစွမ်းရှိသောကြောင့် ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကုသနိုင်ပါသည်။

ဦးဇော် (dof)

Ref; ဆရာမဖြူဖြူ၏ “ဆေးဘက်ဝင် စပါးလင်နှင့် တိုင်းရင်းကြက်နာရောဂါ ကာကွယ်ခြင်း” အကြောင်းမှ ကောက်နှုတ်ဖော်ပြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်