မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့

23/12/2020 11:45 AM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား

ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။

      ယနေ့တိုးတက်ပြောင်းလဲနေသော ခေတ်နဲ့အညီ သဘာဝပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်းပျက်စီးယိုယွင်းလာသည်ကို လူတိုင်းသတိထားမိလိမ့်မယ်လို့ ထင်ပါတယ်။ ရာသီဥတုများ ဖောက်ပြန်လာကာ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ အပူချိန်များ အလွန်အမင်းမြင့်မားလာခြင်းများကို နှစ်စဥ်ကြုံတွေ့နေရပါသည်။ စိုက်ပျိုးရေးဆိုသည်မှာ ရာသီဥတုပေါ်တွင် မှီခို၍ လုပ်ကိုင်ရသောကြောင့် ထိုဒဏ်များကို အဆိုးဆုံးခံစားရသူများမှာ ကျေးဇူးရှင်တောင်သူဦးကြီးတို့ဖြစ်ကြပါသည်။ 

      ယခုနှစ်တွင်လည်း မြန်မာနိုင်ငံရှိအချို့ဒေသများ၏ မြစ်၊ ချောင်း၊ ဆည်၊ ကန်၊ အင်း၊ အိုင်များ မိုးရေအဝင်နည်းခြင်းနှင့် မိုးစောစောပြတ်သွားသောကြောင့် ယခင်နှစ်များထက် အချိန်စော၍ ရေများခန်းခြောက်သွားသည်ဟု  သိရပါသည်။ ထို့သို့အချိန်စောစွာခန်းခြောက် သွားသောကြောင့် တောင်သူများ စိုက်ပျိုးရေအခက်အခဲများ ကြုံတွေ့ကြရပါသည်။ ထို့ကြောင့် တောင်သူများသည် ရေတွင်းများတူး၍ မြေအောက်ရေကို စက်များဖြင့်စုပ်ယူ၍ အသုံးပြုနေကြရပါသည်။ ထို့သို့မြေအောက်ရေကို ထုတ်ယူသုံးစွဲမှုများ များလာလျှင် မြေအောက်ရေပါ ခန်းခြောက်သွားနိုင်ပါသည်။ မြေအောက်ရေခန်းခြောက်သွားပါက လူသား များအတွက် ဒုက္ခရောက်သွားနိုင်ပါသည်။ တောင်သူများဘက်မှ ပြန်စဥ်းစားလျှင်လည်း ခုလိုမြေအောက်ရေမှမသုံးရရင် စိုက်ပျိုးရေးမှာ ဘယ်ရေကို သုံးရမလဲဆိုတာပါ။ ထို့ကြောင့် မည်ကဲ့သို့ ပြုလုပ်ရမည်ကို အကြံပြုတင်ပြလိုပါသည်။

      မြေအောက်ရေကို ထုတ်ယူသုံးစွဲရခြင်း အဓိကအကြောင်းအရင်းမှာ ဆည်၊ မြောင်း၊ အင်း၊ အိုင်များ ရေခန်းခြောက်သွားရခြင်းကြောင့် ဖြစ်ပါသည်။ ဆည်၊ မြောင်း၊ အင်း၊ အိုင်တွေ ရေဘယ်လိုခန်းခြောက်သွားသလဲ?။ အရိုးရှင်းဆုံးပြောရလျှင် အောက်မြေကြီးထဲသို့ စိမ့်ဝင် သွားခြင်းနှင့် အပူချိန်ကြောင့် လေထုထဲသို့ ရေငွေ့ပျံသွားခြင်းတို့ကြောင့် ရေများခန်းခြောက် သွားရပါသည်။ မြေကြီးထဲသို့စိမ့်ဝင်သွားသောရေကို ကျွန်တော်တို့ထိန်းချုပ်၍ မရနိုင်ပါ။ ကျွန်တော်တို့ရေငွေ့ပျံခြင်းကိုရော လျော့ချလို့ရပါသလား?။ တိုက်ရိုက်လျော့ချ၍ မရနိုင်ပါ။ သွယ်ဝိုက်သောနည်းအားဖြင့် လျော့ချနိုင်ပါသည်။ 

      မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ရေငွေ့ပျံနှုန်းမှာ တစ်နှစ်လျှင် ၆၀လက်မ(၅ပေ)ခန့်ရှိပါသည်။ ရေငွေ့ပျံခြင်း အနည်းအများ သည် ဆည်၊ မြောင်း၊ အင်း၊ အိုင်များ၏ ရေမျက်နှာပြင် အကျယ်အဝန်းပေါ်တွင်မူတည်ပါ သည်။ ရေမျက်နှာပြင် ပိုကျယ်လေလေ ရေငွေ့ပျံနှုန်းများလေလေ ဖြစ်ပါသည်။ 

      ထို့ကြောင့် ဆည်၊ မြောင်း၊ အင်း၊ အိုင်များ တူးဖော်ရာတွင် အောက်သို့နက်နက်နှင့် ရေမျက်နှာပြင် ကျဥ်းကျဥ်း တူးဖော်ဆယ်ယူမှသာ ရေငွေ့ပျံနှုန်းနည်းပြီး ရေများအချိန်ကြာမြင့်စွာ သိုလှောင် ထားနိုင်ပါမည်။ 

      စိုက်ပျိုးရေလည်းမရှိတော့ဘူး၊ မြေအောက်ရေကို မဖြစ်မနေထုတ်ယူသုံးစွဲယူရတော့မည်ဆို လျှင် မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ရမည်နည်း?။

      ယနေ့ခေတ်တွင် သီးနှံများစိုက်ပျိုးရာတွင် ရေချွေတာသော နည်းစနစ်များ သုံးစွဲလာကြသည်ကိုလည်းတွေ့ရပါသည်။ မြေအောက်ရေကို ထုတ်ယူသုံးစွဲရမည်ဆိုလျှင် ရေချွေတာသော နည်းစနစ်များကို အသုံးပြု၍ ရေကိုအကျိုးရှိရှိ အသုံးချနိုင်ပါသည်။ ဥပမာ- အစက်ချရေပေးသော နည်းစနစ်များ၊ Sprinkle ပိုက်ခေါင်းများဖြင့် ရေပေးသော နည်းစနစ်များ၊ ရေမှုန်ရေမွှားများဖြင့် ပေးသော နည်းလမ်းများ စသည်တို့ဖြစ်ကြပါသည်။

      ရေလိုအပ်ချက်နည်းသော သီးနှံများစိုက်ပျိုးခြင်းအားဖြင့်လည်း လျော့ချနိုင်ပါသည်။ ထို့အပြင် သီးနှံအပင်ခြေပတ်ပတ်လည်ရှိမြေကြီးကို ပလတ်စတစ် (သို့မဟုတ်) ကောက်ရိုး၊ ပဲရိုး၊ မြက်ခြောက်များ စသည်တို့ဖြင့် ဖုံးအုပ်ပေးခြင်း (Mulching) ဖြင့် မြေကြီး၏ အစိုဓာတ် ကို ထိန်းထားနိုင်သောကြောင့် ရေလိုအပ်မှုကို လျော့ချနိုင်ပါသည်။

မြေအောက်ရေများကို အကျိုးရှိရှိထုတ်ယူသုံးစွဲပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်းနိုင်ကြပါစေ။  

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်