ငါးထွေ(Rita rita)

16/11/2020 13:45 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

       ငါးထွေငါးမှာ ပါးစပ်ဘေးနားတွင် ကြောင်နှုတ်ခမ်းမွှေးနှင့်တူသော အမွှေးအမျှင်ပါရှိခြင်းကြောင့် 'ကြောင်ငါး(catfish)’ဟုလည်း ခေါ်ကြပါသည်။ ခေါင်းကြီးကိုယ်သေးငါးဖြစ်ပြီး မြစ်အောက်ခြေမှာ နေထိုင်ကြသည့် (demersal fish)များ ဖြစ်ကြသည်။ ဦးခေါင်းပိုင်းတွင် ဗြုပ်ထကြမ်းတမ်းနေသော အရေပြားအဖုအထစ်လေးများရှိသဖြင့် ငါး၏ဦးခေါင်းကို ကိုင်ပြီးဖမ်းပါက မလွတ်နိုင်ချေ။

       ငါးထွေငါးမျိုးစိတ်များမှာ ရေချိုတွင်သာ သားပေါက်၍ ရေချိုတွင်သာနေထိုင်ကြသည့် Pota modromous မျိုးများဖြစ်ကြသည်။ အစုံစား (Omnivorous) များဖြစ်ပြီး ငါးငယ်၊ ပုစွန်၊ ခရု၊ ကမာ၊ ဂုံး၊ အင်းဆက်နှင့် အသေကောင် အပုပ်အသိုးများကို ကြိုက်နှစ်သက်ကြပါသည်။

       ငါးထွေငါးနှင့်ပတ်သက်၍ "မင်းလွင်လှစ်လို့၊ မူးမြစ်ကယ်ကမ်းယံ၊ ငါးထွေ၊ ငါးမြင်း၊ ငါးပူတင်းတို့၊ သောင်ရင်းငယ်ဆန်သည်" ဟူသော စာချိုးလည်းရှိကြပါသည်။

       တိုင်းရင်းငါးဖြစ်သော ငါးထွေမှာ စား၍အရသာရှိသောငါးဖြစ်ပြီး ဈေးကွက်ဝင် ငါးမျိုးစိတ်လည်းဖြစ်သည်။ ငါးထွေငါးစီဖောင်းမှာလည်း ဈေးကောင်းလှပြီး ဒေသခံများမှာ ငါးစီဖောင်းသုပ်ပြုလုပ်စားရာတွင် ငါးထွေစီဖောင်းကို အသုံးပြုကြသည်။

       ငါးထွေငါးကို တောင်အာရှနိုင်ငံများတွင် တွေ့ရှိရပြီး အထူးသဖြင့် မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေမှာ တွေ့ရှိရပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျား ()ပေအထိ ကြီးထွားနိုင်ကြောင်း မှတ်တမ်းများအရ သိရပါသည်။ အရောင်မှာ မီးခိုးရောင်သန်းသည်။

       မြန်မာနိုင်ငံတွင် စစ်တောင်းမြစ်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၁၉ ခုနစ်တွင် ဖမ်းဆီးရမိခဲ့သည့် ငါးထွေငါးမှာအလေးချိန်(၂၃)ပိဿာ၊ အရှည်()ပေ ရှိကြောင်းသိရပါသည်။ ငါးထွေငါးမှာ မြစ်မကြီးများ၊ မြစ်ဝချောင်းဝများ၊ ရွံ့နွံထူထပ်သည့် နေရာများမှသည် ရေကြည်သည့်မြစ်များအထိ နေထိုင်ကြပါသည်။

       ဆူးငါးဖြစ်၍ ရှေ့ပိုင်းမှ ကိုင်ဖမ်းမှသာ ဆူးတောင်အန္တရာယ်မှ လွတ်ကင်းပေမည်။ ကျောဆူးတောင်မှာ ဖြောင့်စင်း၍ စူးလွယ်၏။ ဘေးဆူးတောင်များမှာ လွှသွားကဲ့သို့ အထစ်များရှိသဖြင့် ဆူးစူးမိသော် အသားထဲတွင် ဆူးကျိုးကျန်တတ်၏။ နှုတ်ရလည်း ခက်လှ၏။

        ငါးထွေငါးကို ဆီပြန်ချက်စားခြင်း၊ ကြော်စားခြင်းများကို အများဆုံးအသုံးပြုကြပြီး ငါးစီဖောင်းကိုလည်းသုပ်စားလေ့ရှိကြပါသည်။

ငါးထွေငါးကို

 Phylum (မျိုးပေါင်းစု) - Chordata

 Class(အမျိုးအစား) - Actinopterygii

 Order(မျိုးစဥ်) - Siluriformes

 Family(မျိုးရင်း) - Bagridae

Genus(မျိုးစု) - Rita

 Species(မျိုးစိတ်)  - R.Rita ဟူ၍ဖြစ်ကြပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်