ဇင်ဝိုင်း (တင်ဆက်သူ)။ ။ သောတရှင်များ မင်္ဂလာပါခင်ဗျာ…မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသများမှာ ပျားမွေး မြူတဲ့လုပ်ငန်းကို စိုက်ပျိသီးနှံများအတွက် အရေးကြီးတဲ့လုပ်ငန်းလို့ မယူဆကြဘဲ ပျားမွေးမြူခြင်းကြောင့် စိုက်ပျိုး သီးနှံ များပျက်စီးကာ သီးနှံအထွက်နှုန်းနည်းပါးတယ်လို့ တောင်သူအတော်များများက ယူဆကြပါတယ်။ ဒါပေမယ့် ပျားမွေးမြူတဲ့လုပ်ငန်းက တောင်သူတွေအတွက် မိသားစုအပိုဝင်ငွေ ရရှိစေနိုင်တဲ့လုပ်ငန်းတစ်ခု ဖြစ်တာကြောင့် တောင်သူများအနေနဲ့ ပျားမွေးမြူခြင်းကို စီးပွားဖြစ် သို့မဟုတ် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းကို ဆောင်ရွက်သင့်ပါ တယ်။ မြန်မာနိုင်ငံမှာ နေရာအနှံ့အပြား ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာထဲကမှ အဓိကမွေးမြူနေကြတဲ့ နေရာတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။ ရှမ်း ပြည်နယ် တောင်ပိုင်း ပင်းတယမြို့နယ်မှာ ပျားမွေးမြူရေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြ သူတွေရှိသလို၊ စီးပွားဖြစ် လုပ်ကိုင်နေ ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ပင်းတယမြို့ရဲ့ ပျားမွေးမြူရေးဆောင် ရွက်နေတာ နဲ့ပတ်သက်ပြီးတော့ မြန်မာ့ အသံသတင်းထောက် ကျော်ဆန်းမာက ဆက်လက်တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ကျော်ဆန်းမာ (သတင်းထောက်)။ ။ ကျနော် အခု ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့လေးကို ခရီးထွက်လာခဲ့ပါ တယ်။ ခရီးထွက်လာရတဲ့ အကြောင်းရင်းကတော့ ဒီဒေသရဲ့ ပျားမွေးမြူရေးကို လေ့လာဖို့ ဖြစ်ပါတယ်။ ပျားမွေးမြူ ရေးလုပ်ငန်းဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ တစ်နေရာထဲမှာပဲ တွဲဖက်လုပ်လို့ရတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ပျားမွေး မြူရေး ဆောင်ရွက်ရာမှာ မြေနေရာရှိတဲ့ တောင်သူတွေ ဆောင်ရွက်ကြသလို၊ မြေနေရာမရှိသူများလည်း မြေနေရာ မလိုဘဲ စိုက်ပျိုးသီးနှံများနဲ့ မနီးမဝေးမှာ မွေးမြူးလို့ရတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ပျားမွေးမြူခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေတယ်လို့ ပျားမွေးမြူရေးလုပ်ငန်းမှာ (၃၃) နှစ်အတွေ့အကြုံရှိပြီး ဖြစ်တဲ့ ဦးမြင့်သန်းက အခုလို ပြောပြထားပါတယ်။
ဦးမြင့်သန်း (ပျားမွေးမြူသူ)။ ။ ပျားမွေးတယ်ဆိုတာ မြေနေရာမလိုပါဘူး။ စိုက်ပျိုးတဲ့ သီးနှံတွေရဲ့ မနီးမဝေးမှာ လုပ်ကြပါတယ်။ ပျားမွေးတဲ့အတွက်ကြောင့် စိုက်ပျိုးတဲ့သူကို အင်မတန်အထောက်အကူ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံအတော်များများမှာ လူတွေသဘောမပေါက်ကြဘူး ဖြစ်နေတယ်။ အခုချိန်ထိရှိနေဆဲပါပဲ။ ကျွန်တော်တို့ ရှမ်းပြည် နယ်တောင်ပိုင်းထဲမှာပဲ အဲဒါကို စမ်းသပ်မှု လေးကြိမ်လောက် လုပ်ခဲ့ပြီးပါပြီ။ နောက်ဆုံးရိတ်သိမ်းပြီးတဲ့ အခါကြတော့ ခြံမန်နေဂျာတာဝန်ယူတဲ့ပုဂ္ဂိုလ်က ကျွန်တော်တို့ကို ပြန်ပြီးတော့ (FeekBack) ပေးပါတယ်။ ဒီနှစ် ကျွန်တော်တို့ “ပြောင်း”မှာ ဝတ်မှုံကူးတဲ့ကိစ္စကို ပျားနဲ့ လုပ်လိုက်တဲ့ အတွက်ကြောင့် (၁၂) ကနေ (၁၄) ရာခိုင်နှုန်း အထိ အထွက်တိုး လာပါတယ်လို့ ပြောပါတယ်။ ပျားတွေဟာ ပန်းပွင့် တစ်ပွင့်ချင်း တစ်ပွင့်ချင်းကို ဝတ်မှုန်ကူးပေးတဲ့ အတွက်ကြောင့် မျိုးအောင်တဲ့နှုန်းဟာ အများကြီးတက်လာပါတယ်။ ခြုံပြောလို့ရှိရင် ပျားမွေးတဲ့အတွက်ကြောင့် စိုက်ပျိုးရေးမှာ အထွက် နှုန်းဟာ သွင်းအားစုမထည့်ပဲနဲ့ (၁၂) ရာခိုင်နှုန်းကနေ (၁၄) ရာခိုင်နှုန်းအထိ အင်မတန် များပြားတဲ့ တိုးတက်မှုတစ်ခုပါပဲ။
ကျော်ဆန်းမာ (သတင်းထောက်)။ ။ ပျားမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်မယ်ဆိုပါက လိုအပ်တဲ့ပစ္စည်းများမှာ ပျားများ နေထိုင်ရန် ပျားအိမ်၊ ပျားဖွတ်ရာမှာအသုံးပြုနိုင်မယ့် အင်္ကျီ စတဲ့ အသုံးအဆောင်ပစ္စည်းများရှိဖို့လည်း လိုအပ် ကြောင်းကို တော့ Plan Bee Project မန်နေဂျာ ဦးတင်မောင်ကြည်က အခုလို ရှင်းပြထားပါတယ်။
ဦးတင်မောင်ကြည် (Plan Bee စီမံကိန်း မန်နေဂျာ)။ ။ ပျားမွေးမယ်ဆိုရင် ပျားရဲ့ သူတို့နေထိုင်ဖို့အတွက် အဆောက် အဦးအဖြစ် ပျားအိမ်များလိုအပ်ပါတယ်။ အဲဒီ ပျားအိမ်ထဲမှာမွေးမြူဖို့အတွက်မျိုးပြားတွေ လိုအပ်ပါတယ်။ အဲဒီပျားထဲမှာမှ ပျားတွေဟာဆိုရင် ပျားသုံးမျိုးရှိမှာ ဖြစ်ပါတယ်။ ဘုရင်မရယ်၊ ပျားထီးရယ်၊ လုပ်သားပျားရယ်။ ပြီးတော့ အရေအတွက်အားဖြင့် ဘုရင်မက တစ်ကောင်တည်းရှိပြီး၊ ပျားထီးက ဆယ်ဂဏန်းလောက်ရှိပါတယ်၊ လုပ်သားပျားတွေက အမြောက်အမြားရှိရမှာ ဖြစ်ပါတယ်။ လုပ်သားပျားတွေ အမြောက်အမြားရှိမှသာ ပျားမွေးမြူရေး က အောင်မြင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခါ ပျားမွေးမြူရာမှာ ပစ္စည်းတွေနဲ့ ပျားတွေရှိရုံနဲ့ မလုံလောက်ဘဲ ပျားအိမ် က ကောင်းရမယ်၊ ပျားတွေမှာ ရောဂါကင်းစင်နေရမယ်၊ ပျားစာ လုံလောက်နေရမယ်၊ ဒါဆိုရင် ပျားမွေးမြူရေး ဆောင်ရွက်လို့ ရပါပြီ။
ကျော်ဆန်းမာ (သတင်းထောက်)။ ။ ပျားမွေးမြူရေးလုပ်ငန်းဟာ အရင်းအနှီးနယ်းပါးပြီး မိသားစုအပိုဝင်ငွေလည်း ရရှိ ခြင်း၊ ပျားအုံး (၁၀၀) ကို အလုပ်သမား (၂) ယောက်နဲ့ စီမံခန့်ခွဲနိုင်ခြင်း၊ မြေနေရာမလိုအပ်ခြင်းနဲ့ ရာသီဥတုပေါ် မှီတည်မှု မရှိခြင်းတို့ကြောင့် သောတရှင်များလည်း ပျားမွေးမြူခြင်းကို ဆောင်ရွက်စေလိုပါတယ်။ ပင်းတယမြို့နယ် အတွင်းမှာ အရင်က တောင်ယာစိုက်ပျိုးခြင်း လုပ်ငန်းကို ဆောင်ရွက်နေရာမှ အခုလက်ရှိအချိန်မှာတော့ ပျားမွေးမြူ ရေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေသူများလည်း အများအပြားရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အရည် အသွေးရှိတဲ့ ပျားရည်ထုတ်လုပ်နိုင်ဖို့ဆိုရင် ပျားအတွက် သင့်လျှော်သော အစားအစာရရှိမယ့် သီးနှံပင်များ စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ပင်းတယဒေသမှာတော့ မိုးရာသီမှာ ပြောင်းနှင့်စပါး စိုက်ပျိုးသလို ဆောင်းရာသီမှာ ဟင်းသီးဟင်း ရွက်နှင့် ဆီထွက်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် ပျားများအတွက် အစားအစာ ရရှိစေပါတယ်။ စိုက်ပျိုးမြေရှိတဲ့ တောင်သူများက ပျားများဝတ်ရည် သောက်သုံးနိုင်ရေးအတွက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို ပြောင်းလဲ စိုက်ပျိုး ကြပြီး၊ မြေယာမဲ့ ပျားမွေးမြူသူများကတော့ စိုက်ပျိုးခင်းများရှိရာကို တစ်နေရာမှ တစ်နေရာရွှေ့ပြောင်း မွေးမြူကြ တယ်လို့ လယ်သမားဘဝမှ ပျားမွေးမြူရေး လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်သူ ဦးကျော်သူစိုး၏ ပြောကြားချက်အရ သိရပါတယ်။
ဦးကျော်သူစိုး (လယ်သမားဘဝမှ ပျားမွေးမြူရေး ပြောင်းလဲလုပ်ကိုင်သူ)။ ။ ဒီ တောင်ပေါ်ဒေသကလူတွေက တခြား နေရာသွားရမှာကို နည်းနည်းကြောက်ကြတယ်။ ကျွန်တော်တို့တွဲခေါ်သွားတဲ့အတွက် သူတို့ လူမှုရေးအပေါင်း အသင်းတွေကအစ တအားကျယ်ပြန့်လာတယ်။သူတို့မှာ ဗမာပြည်ကမိတ်ဆွေဆိုတာ မရှိခဲ့ပါဘူး။ ဒီပျားမွေးမှ ဗမာပြည်က မိတ် ဆွေတွေ တိုးလာပါတယ်၊ နောက်ပြီးတော့ ဒီပျားရည်ထုတ်ရတာ သူတို့ တောင်သူထက် အများကြီး ပိုအဆင်ပြေတယ် ပေါ့။ အဲတာတွေ သဘောပေါက်လာတဲ့အတွက် သူတို့လည်းအခု ပျားမွေးချင်စိတ်တွေ တအား ဖြစ်နေပါပြီ။ အခုဆိုရင် ဒေသခံတောင်သူတွေ ကျွန်တော်နောက်မှာ လိုက်ပါပြီး ပျားမွေးမြူနေကြပါပြီ။ အရင်တုန်း ကဆိုရင် တောင်သူလုပ်ငန်းကိုပဲ လုပ်ကိုင်ကြတယ်။ အခုကျတော့ သူတို့ရဲ့ အသိပညာလေးတွေ အရမ်းကျယ်ပြန့် လာပြီပေါ့နော်၊ အဲဒီအတွက် ကျနော်လည်း အရမ်းဂုဏ်ယူမိပါတယ်။
ကျော်ဆန်းမာ (သတင်းထောက်)။ ။ ပျားရည်ဟာ အာဟာရရှိရုံသာမက တန်ဖိုးမြင့် ထုတ်ကုန်တစ်ခုဖြစ်တယ်လို့ သိရပါ တယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ကုန်သည်တွေက ပျားရည်စျေးကွက်ကို ထိန်းချုပ်ထားတာ ကြောင့် ပျားမွေးမြူသူများအနေနဲ့ ရသင့်တဲ့စျေးနှုန်းမရဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တစ်နိုင်တစ်ပိုင် ပျားမွေး မြူရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ ဦးမြင့်သန်းက အခုလိုပြောပါတယ်။
ဦးမြင့်သန်း (ပျားမွေးမြူသူ)။ ။ စျေးကွက်ကတော့ နောက်ဆုံးကျတော့ များများဝယ်တဲ့ကုန်သည်တွေက ပြဌာန်းတဲ့ စျေးကွက် ဖြစ်သွားပါတယ်။ ပျားမွေးမြူသူ အများအပြားရဲ့ကိုယ်စားလှယ်တွေကနေပြီးတော့ စျေးနှုန်းကို သတ်မှတ် တာက ပိုမိုပြီးတော့ သင့်လျော်မှန်ကန်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဘက်က ရပ်တည်နိုင်တဲ့လူမရှိတဲ့ အတွက် စျေးကွက်ကတော့ ဖြစ်လာတဲ့စျေးအတိုင်းပဲ သူတို့က ရောင်းနေရတဲ့အခြေအနေဟာ အခုချိန်ထိ ဖြစ်နေဆဲ ပါပဲ။ လွန်ခဲ့ တဲ့နှစ် (၂၀) ကျော်က ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံနည်းတူပဲ (၁)နှစ်ကို ပျားရည်တန်ချိန် (၂) ထောင်လောက်ပဲ ထွက်တယ်။ ဒီကနေ့ဆိုရင် ဗီယက်နမ်နိုင်ငံက တန်ချိန်(၄)သောင်းလောက် ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ က (၅) ထောင်လောက်ပဲ ထုတ်တယ်။ ဒီတော့ ဗီယက်နမ်နဲ့ ကျွန်တော်တို့ဆိုတာ အကြမ်း ပြင်း နှိုင်းယှဉ်ပြရရင် ကျွန်တော်တို့ဟာ ဘာကြောင့် နည်းပြီး ကျန်ခဲ့ပြီးတော့ ဗီယက်နမ်ကများသွားလည်းဆိုရင် ဗီယက်နမ်နိုင်ငံက ပျားမွေး မြူရေးကို အစိုးရအပါအဝင် ကျန်တဲ့လူထုအဖွဲ့အစည်းတွေကလည်း အများကြီး ဝိုင်းဝန်း ကူညီပံ့ပိုးကြတယ်ဆိုတာကို ကျွန်တော်သိရပါတယ်။ ဒီလိုကူညီပံ့ပိုးတဲ့ အခြေနေနဲ့ သူတိုကပျားမွေမြူရေးကို ကျွန်တော်တို့ထက်ပိုပြီးတော့ စနစ်တကျ လုပ်နိုင်တယ်။ ပျားမွေးမြူရေးကိစ္စနဲ့ပတ်သက်ပြီးတော့ သုတေသနတွေ လည်း စနစ်တကျ လုပ်နိုင်တယ်။ ထွက် လာတဲ့ ပျားရည်ကိုရောင်းတဲ့နေရာမှာ နိုင်ငံတော်က ဦးဆောင်ပြီးတော့ စျေးကွက်ရှာဖွေရေးကို အများကြီးကူညီပံ့ပိုးမှု တွေလုပ်ခဲ့တယ်လို့ ကျွန်တော် သိရပါတယ်။
ကျော်ဆန်းမာ (သတင်းထောက်)။ ။ ဟာ….ပင်းတယမှာ ဒီလောက် အရည်အသွေးကောင်းတဲ့ပျားရည်တွေ ထုတ်လုပ်နေမှန်း ကျနော်မသိခဲ့ဘူး။ တကယ်ကို အံ့သြစရာပါဘဲ။ ကျနော် အခုရောက်ရှိတဲ့နေရာက ပျားမွေးမြူရေး အရင်းအမြစ်နဲ့ စီးပွားရေးစင်တာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်….(ပျားတွေပျံနေတဲ့အသံ)….အခုကျနော် နေကြာ ဝတ်မှုံကရတဲ့ ပျား ရည်ကို မြီးကြည့်လိုက်တဲ့အခါမှာ ချိုပြီး ခါးသက်သက်ရှိတဲ့အရသာကို ခံစားရပါတယ်။ အခုအခါ Tag International Development Charity အဖွဲ့ဟာ Livelihood and Food Security Trust Fund (LIFT) ရဲ့ ငွေကြေးအထောက်အပံ့နဲ့ ပင်းတယဒေသမှာ ဒေသခံပျားမွေးမြူသူများထံမှ စျေးကွက်ပေါက်စျေးနဲ့ ပျားရည် ဝယ်ယူပြီး၊ အဆိုပါ ပျားရည်များကို အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပြီး၊ Plan Bee အမှတ်တံဆိပ်နဲ့ ပြည် တွင်းပြည်ပသို့ ဖြန့်ချီ အကူအညီပေးနေပါတယ်။ TAG အဖွဲ့ဟာ အရည်အသွေး ကောင်းမွန်တဲ့ ပျားရည်များ ထုတ်လုပ် ဖြန့်ဖြူးနိုင်ဖို့အတွက် ပျားမွေးမြူရေးအရင်းအမြစ်နဲ့ စီးပွားရေးစင်တာတစ်ခုကိုလည်း ထူထောင်ထားပြီး ဒေသခံပြည်သူ များ ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် အသုံးပြုရမယ့်ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ အတွက် ငွေချေးပေး ခြင်း ပျားအုံများ သယ်ယူရွေ့ပြောင်းစရိတ်၊ ပျားများစားသုံးနိုင်ရန် ပျားစာအထောက်အပံ့များ ပေးခြင်းကို ဆောင်ရွက် ပေးလျက် ရှိပါတယ်လို့ အဆိုပါ အဖွဲ့ရဲ့ မန်နေဂျာဖြစ်သူ Marco Schukraft က အခုလို ပြောပါတယ်။
Marco Schukraft (TAG International)။ ။ (အင်္ဂလိပ်လို့ ပြောသံ)…နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု အနေနဲ့က တော့ ပျားမွေးမြူရေး လုပ်ကိုင်နိုင်ဖို့အတွက် အသုံးပြုရမယ့်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ငွေချေးပေးခြင်း၊ ပျားမွေးမြူရေး သယ်ယူရွေ့ပြောင်းစရိတ်များ၊ ပျားများစားသုံးနိုင်ဖို့အတွက် ပျားစာအထောက်အပံ့တွေကိုပေးခြင်း၊ ပျားမွေးမြူသူတွေ ကို သင်တန်းပေးခြင်းများနဲ့ ပျားရည် အရည်အသွေး စျေးကွက်မှီနိုင်ဖို့အတွက် စောင့်ကြပ်ကြည့်ရှု့ပေးခြင်းကို ဆောင်ရွက် ပေးနေသလို ချေးငွေတွေကိုလည်း ပြန်ဆပ်ရာမှာ ငွေပြန်လည်ပေးသွင်းရခြင်းမျိုးမဟုတ်ဘဲနဲ့ ပျားရည် တွေကို ပြန်လည် ပေးသွင်းရင်လည်းရပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ကတော့ ပျားရည်စျေးကောင်းရရှိနိုင်ဖို့အတွက် ထုတ်ပိုးမှု၊ တံဆိပ် ကပ်ပေးခြင်းတွေကို ကူညီပေးနေပါတယ်။ ဒါ့အပြင် ပျားရည်ကို ပြန်လည်ဝယ်ယူရာမှာလည်း စျေးနှိမ်ခြင်းမရှိဘဲနဲ့ စျေးကွက်ပေါက်စျေးအတိုင်း ပြန်လည်ဝယ်ယူလျက်ရှိပါတယ်။ ပျားမွေးမြူသူတွေအနေနဲ့ ပျားမွေးမြူရာမှာ ကိုယ်ခန္တာကြံ့ခိုင် ဖို့လိုအပ်သလို ပြောင်းရွှေ့မွေးမြူနိုင်ဖို့ မိသားစုရဲ့ အထောက်အပံ့တွေ လိုအပ်ပါ တယ်။ အခုဆိုရင် ပျားမွေးမြူရေး အရင်းအမြစ်နဲ့ စီးပွားရေးစင်တာ (ARBC) ကို တည်ထောင်ပြီးပြီ ဖြစ်တဲ့အတွက် အရည်အသွေးမြင့်မားတဲ့ ပျားရည်ထုတ်လုပ် နိုင်ဖို့အတွက် သင်တန်းတွေကို တတ်ရောက်ခွင့်ရရှိနေပြီ ဖြစ်ပါတယ်။
ဇင်ဝိုင်း (တင်ဆက်သူ)။ ။ သောတရှင်များခင်ဗျာ….ဒါကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့ရဲ့ ပျားမွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့ မြန်မာ့အသံ သတင်းထောက် ကျော်ဆန်းမာက တင်ပြ ပေးခဲ့တာ ဖြစ်ပါတယ်။ သောတရှင် တောင်သူတွေအနေနဲ့ ပျားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုတယ် ဆိုရင်တော့ TAG International Development Charity အဖွဲ့ရဲ့ ဖုန်းနံပါတ် (၀၈၁ ၁၆၆ ၀၁၀) နဲ့ ပျားမွေးမြူရေး အရင်းအမြစ်နဲ့ စီးပွားရေးစင်တာ (ARBC) လီမိတတ်မှ ဒါရိုက်တာ ဒေါ်ခင်မြဦးရဲ့ ဖုန်းနံပါတ် (၀၉ ၄၅၇ ၃၇၀ ၀၄၃) သို့ ဆက်သွယ်မေးမြန်း အကြံဉာဏ်များကို ရယူနိုင်ပါတယ်။ သောတရှင်တောင်သူများလည်း ပျားမွေးမြူရေးနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတ တစ်စုံတစ်ရာ ရရှိသွားမယ်လို့ ထင်ပါတယ်။ နားသောတဆင်ခဲ့ကြတဲ့ သောတရှင်များ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေခင်ဗျာ။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ