စိုက်ပျိုးမွေးမြူရေးလုပ်ပြီး သန်းကြွယ်သူဌေးဖြစ်နေသူ (၈) ဦး အပိုင်း(၂)

28/03/2022 15:00 PM တွင် ရဲဟိန်းလတ် ရဲဟိန်းလတ် မှ ရေးသား

စိုက်ပျိုးမွေးမြူရေးသမားလို့ ဆိုလိုက်ရင် အမြဲစဉ်းစားမိမှာက သူတို့အတွက် အခက်အ ခဲတွေ ရှိနေရင်တောင်မှ အကောင်းဆုံး သီးနှံတွေ၊ မွေးမြူရေးထွက်ကုန်တွေရဖို့ သူတို့ရဲ့အချိန်အများစုကို လယ်ကွင်းတွေ၊ မွေးမြူရေးခြံတွေထဲမှာ ကုန်ဆုံးခံနေကြသူတွေလို့ပါ။ ဒါပေမဲ့ အခုအခါမှာတော့ နည်းပညာသစ်တွေရဲ့ အထောက်အကူနဲ့အတူ ကမ္ဘာပေါ်မှာ စိုက်/မွေး စီးပွားလုပ်ကိုင်ရင်း ကြီးပွားချမ်းသာနေသူ အများကြီးရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီလို သန်းကြွယ်သူဌေးဖြစ်နေသူတွေထဲကမှ နံပါတ် ၈ ကနေ ၅ အထိ အချမ်းသာဆုံး စိုက်/မွေးလုပ်ငန်းရှင် ၄ ဦးအကြောင်းကို အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခု အပိုင်း(၂) မှာတော့ စိုက်/မွေးနယ်ပယ်ထဲက ကမ္ဘာ့အချမ်းသာဆုံး (၄) ဦးအကြောင်းကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၄။  Harry Stine (ဟယ်ရီစတိုင်း)

၂၀၁၅ ခုနှစ်တုန်းက ဖော့စ်မဂ္ဂဇင်းရဲ့ စာရင်းအရ အိုင်အိုဝါပြည်နယ်ရဲ့ အချမ်းသာဆုံးဖြစ်တဲ့ ဟယ်ရီစတိုင်းက Stine Seed လို့ခေါ်တဲ့ အောင်မြင်တဲ့မျိုးရိုးဗီဇဆိုင်ရာကုမ္ပဏီရဲ့ အဓိက အခရာ ဖြစ်ပါတယ်။ သူက ခန့်မှန်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံ ကြွယ်၀ပါတယ်။ ဟယ်ရီစတိုင်းဟာ လယ်ကွင်းတွေပေါ်မှာပဲ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မျိုးစပ်မျိုးစေ့တွေ ထုတ်တဲ့ စီးပွားရေးကို ၁၉၆၀ ခုနှစ်များမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီစတိုင်းဟာ စာဖတ်ခက်တဲ့ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာမူမမှန်တဲ့ရောဂါမျိုး ခံစားနေရပေမဲ့ အချက်အလက်နဲ့ သင်္ချာပိုင်းဆိုင်ရာမှာတော့ ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ tine Seed ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ပုဂ္ဂလိက မျိုးစေ့ကုမ္ပဏီဖြစ်ပြီး မျိုးဗီဇပိုင်းဆိုင်ရာ သန်စွမ်းကြံ့ခိုင်မှုအရှိဆုံး တစ်ချို့ပဲပုတ်မျိုးတွေကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။

၃။ Liu Yanghao (လူယောင်ဟို)

 

လူယောင်ဟိုဟာ တရုတ်နိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ညီအစ်ကိုတွေနဲ့အတူ တည်ထောင်ထားတဲ့ ကြက်နဲ့ငုံးခြံတွေကြောင့် လူယောင်ဟိုဟာ ဖော့စ်မဂ္ဂဇင်းရဲ့ ၂၀၁၆ ခုနှစ်တုန်းက ခန့်မှန်းချက်အရ အမေရိကန် ဒေါ်လာ ၄.၁ ဘီလီယံ ရှိတယ်လို့သိရပါတယ်။ 

သူက အရင်ကတော့ နည်းပညာကျောင်းတစ်ခုမှာ ကျောင်းဆရာလုပ်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်မှာတော့ သူ့ ညီအစ်ကို ၃ ယောက်နဲ့အတူ စီးပွားရေးလုပ်ငန်း စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ငွေကြေး ဘဏ္ဍာရေး တိုးမြင့်လာစေဖို့ သူတို့ ၄ ယောက်ဟာ သူတို့ရဲ့စက်ဘီးနဲ့ နာရီတွေကို ရောင်းချပြီး သူတို့ လုပ်ငန်းရဲ့အရင်းအနှီးဖြစ်တဲ့ ဒေါ်လာ ၁၂၀ ရအောင် လုပ်ခဲ့ကြရပါတယ်။ 

သူတို့ ညီအစ်ကိုတွေဟာ ငုံးနဲ့ ကြက်တွေကို ဝယ်ယူမွေးမြူပြီး တောနယ်ဒေသတွေရှိ လယ်သမားတွေဆီမှာ ပြန်လည်ရောင်းချခဲ့ကြပါတယ်။ ပြီးတော့ သူတို့ဟာ တိရစ္ဆာန် အစာရောင်းချတဲ့ ကွန်ရက်တစ်ခုကိုထူထောင်ပြီး လုပ်ငန်းကိုချဲ့ထွင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ Hope group လို့ခေါ်တဲ့ သူတို့ရဲ့လုပ်ငန်းဟာ တိရစ္ဆာန် အစာရောင်းချတဲ့ အကြီးဆုံးကွရက်ဖြစ်လာသလို တိုင်းပြည်တွင်းမှာလည်း အစိုးရမဟုတ်တဲ့ အကြီးဆုံးလုပ်ငန်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ 

၁၉၉၆ ခုနှစ်မှာတော့ ညီအစ်ကို ၄ ယောက်ဟာ သူတို့ရဲ့စီးပွားရေးအင်ပါယာကြီးကို ခွဲထုတ်လိုက်ပြီး လူယောင်ဟိုက သူ့လုပ်ငန်းကို New Hope Group လို့ ပြန်လည် အမည်ပေးခဲ့ပါတယ်။ အခုတော့သူ့ကုမ္ပဏီဟာ တရုတ်မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးကုမ္ပဏီတွေထဲက အကြီးဆုံးတစ်ခုဖြစ်နေပါပြီ။ ၂၀၁၃ ခုနှစ်မှာတော့ သူဟာ သူ့လုပ်ငန်းကို သူ့သမီးဖြစ်တဲ့ လူချန်းကို ထိန်းချုပ်လုပ်ကိုင်စေခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ထဲမှာတော့ နေရာတစ်ခု ယူ ထားဆဲ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ လူယောင်ဟိုဟာ သူ့ရဲ့စီးပွားရေးကို အိမ်ခြံမြေလုပ်ငန်းနဲ့ ဓာတုဗေဒ နယ်ပယ်တွေမှာပါ ချဲ့ထွင်ခဲ့ပါတယ်။ သူဟာ ( China minsheng Bank ) တရုတ်မင်ရှန်ဘဏ်ရဲ့ ဒုတိယဥက္ကဌလည်း ဖြစ်ပါတယ်။

၂။ Stewart and Lyndar Resnick ( စတီးဝပ်နှင့် လင်ဒါရက်နစ်)

 

ရက်နစ် မိသားစုရဲ့ အဓိကဝင်ငွေ ခန့်မှန်း အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံလောက်ဟာ သူတို့ရဲ့ ဧက ၆၄၀၀၀ ခန့်ရှိတဲ့ ကယ်လီဖိုးနီးယားက လယ်ကွက်မှာ ပစ်တာရှိအို (Pistachios)နဲ့ ဗာဒံစေ့တွေ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက မိုးခေါင်နေခဲ့တာကြောင့် မိုးခေါင်ဒဏ်ခံနိုင်တဲ့ ပစ်တာရှိအို အပင်တွေ ဖန်တီးနိုင်ဖို့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ နည်းပညာတွေအတွင် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာသန်း ၁၀၀ လောက် သုံးစွဲခဲ့ပါတယ်။ 

စတီးဝပ်ရက်နစ်တို့လင်မယားဟာ အိမ်ထောင်ကျချိန် ၁၉၇၀ ခုနှစ်များက စတင်ပြီး ကယ်လီဖိုးနီးယားတောင်ကြားမှာရှိတဲ့ ကြီးမားတဲ့လယ်ကွင်းပြင်တွေထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီနေ့မှာတော့ အံ့ဩစရာကောင်းလောက်အောင်ပဲ သူတို့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အမေရိကန်လူမျိုးတွေရဲ့တစ်ဝက်လောက်က မန်ဒရင်းလိမ္မော်သီး၊ ဖီဂျီရေသန့်တို့ ရောင်းအားနဲ့ တန်းတူထား ဝယ်ယူအားပေးနေပြီ ဖြစ်ပါတယ်။

၁။ Liu Yongxing (လူယောင်ဇင်း)

လူယောင်ဟိုညီအစ်ကိုတွေထဲက တစ်ဦးဖြစ်တဲ့ လူယောင်ဇင်းဟာလည်း သူ့အစ်ကိုလိုပဲ ကြက်နဲ့ငုံး မွေးမြူတဲ့ခြံအငယ်စားလေးကို ၁၉၈၀ ခုနှစ်များမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်ခုကြာအပြီးမှာတော့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူတွေထဲက တစ်ဦးဖြစ်လာခဲ့ကာ ခန့်မှန်း အမေရိကန် ဒေါ်လာ ၆.၆ ဘီလီယံ ချမ်းသာတယ်လို့ ဆိုကြပါတယ်။

သူဟာ ၁၉၉၀ ခုနှစ်များမှာ သူ့ညီအစ်ကိုတွေနဲ့အတူတည်ထောင်ထားတဲ့ Hope Group ကနေ ခွဲထွက်လာပြီးနောက် East Hope Group ကိုတည်ထောင်ခဲ့ပါတယ်။ သူတို့ ညီအစ်ကိုတွေဟာ ကိုယ်စီခွဲထွက်ပြီး တစ်ဦးချင်းစီ စီးပွားရေးလုပ်ခဲ့ကြတာဖြစ်ပြီး လူယောင်ဟိုနဲ့ လူယောင်ဇင်းတို့ကတော့ ဖော့စ်မဂ္ဂဇင်းကထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူတွေထဲ ပါတဲ့အထိ အောင်မြင်ခဲ့ကြတာပါ။

The East Hope Group ကလည်း အိမ်ခြံမြေ၊ စိုက်ပျိုးမွေးမြူရေးနဲ့ စက်ရုံလုပ်ငန်းကြီးတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာတော့ ကုမ္ပဏီဟာ တိရိစ္ဆာန်အစာကို အဓိကထားပြီး အမျိုးအစားပေါင်း ၁၀၀ ကျော် ထုတ်လုပ်ခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီစာရင်းမှာပါတဲ့ သန်းကြွယ်သူဌေးတွေ၊ ကုဋေကြွယ်သူဌေးတွေဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကနေ ဝင်ငွေတွေရရှိခဲ့ကြပေမဲ့ ကမ္ဘာ့အကြီးဆုံး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုတော့ ဘယ်သူမှ မပိုင်ဆိုင်ကြပါဘူး။ 

ဘာပဲဖြစ်ဖြစ် နဂိုကတည်းက ငွေအရင်းအနှီးရှိပြီးသူလိုမျိုးတွေပါနေလို့ ထောက်ပြစရာခြွင်းချက်အနည်းငယ်ရှိပေမယ့် ပြိုင်ဆိုင်မှုအလွန်ပြင်းထန်တဲ့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ကြီးမှာ သူတို့ရဲ့ အချိန်နဲ့ လုပ်ရဲကိုင်ရဲရှိမှုတွေကို ရင်းနှီးရင်းနဲ့ ကိုယ်တိုင်ကြိုးစားပြီး သန်းကြွယ်သူဌေးတွေဖြစ်လာကြတဲ့ သူတို့အားလုံးဟာ ချီးကျူးဂုဏ်ပြုမှုနဲ့တော့ ထိုက်တန်တဲ့သူတွေပါပဲ။ 

Ref; https://luxatic.com/top-8-richest-farmers-in-the-world/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်