စွန့်စားခန်းနဲ့ မရေရာမှုတွေ

07/04/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြီးကြီးကျယ်ကျယ်လို့တော့ မထင်ပါနဲ့ လူတိုင်းလူတိုင်းမှာ ဘယ်အရွယ်ပဲဖြစ်ဖြစ် သူတို့စွန့်စားခန်းတွေ ရှိကိုရှိကြတယ်။ စွန့်စားခန်းလေးတွေပေါ့။ တစ်ဦးတစ်ယောက်ချင်းစီမှာတောင်ရှိနေခဲ့တာမျိုးကနေ လုပ်ငန်းကြီးတစ်ခုလုပ်မယ်ဆိုရင် ရှိသလား မရှိသလားက  မေးစရာကိုမှ မလိုအပ်တော့တာ...

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုအနေနဲ့ လုပ်ဆောင်နေကြတဲ့ တောင်သူလယ်သမား လုပ်ငန်းရှင်ကြီးများအနေနဲ့ ဘာတွေ ကြုံတွေ့နိုင်သလဲဆိုတာကို စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်အနေနဲ့ သုံးသပ်ဆင်ခြင်ကြည့်ကြရအောင်ပါ။

မသေချာမှု မရေရာမှုတွေ

မရေရာတာကိုတောင် ရေရေရာရာခွဲမယ်ဆိုရင် (၅)မျိုးတောင်ရှိပါတယ်တဲ့။

(၁) စီးပွားရေးအရ မသေချာမရေရာမှု

ဒါက စိုက်ပျိုးရေးလောကမှာ ဖြစ်တတ်တဲ့အကြီးဆုံး မရေရာမှုပါ။ စပါးဈေးဆိုပြီး တစ်သမတ်တည်း မှတ်ထားလို့မရပါဘူး။ ပေါ်တဲ့အချိန်မှာတောင် ပြောင်းလဲနေပြီး မသေချာတာမျိုးပါ။ စီးပွားရေးအရ သေချာမှုရှိလား မရှိဘူးလားဆိုရင်တော့ တောင်သူလုပ်ငန်းရှင်တွေ အကုန်သိပါတယ်။ 

(၂) ဇီဝဆိုင်ရာ မရေရာ မသေချာမှုတွေ

ဖြစ်နေကျ ဖြစ်တတ်တဲ့ အရာတွေပါပဲ။ ရေကြီးလို့ အပင်တွေ ရေမြုပ်သွားတာ။ မုန်တိုင်းဝင်သွားတာ၊ ရိတ်ချိန်မှာ မိုးရွာသွားတာမျိုး စတဲ့ဖြစ်ရပ်တွေက အားလုံးလိုလိုကြုံဖူးကြတဲ့ ဖြစ်စဉ်တွေပါနော်။ အပင်တွေမှာ ရောဂါကျတာမျိုးကလည်း ဒီလိုမသေချာမှုတွေထဲမှာ ပါဝင်ပါတယ်။ တိုက်ရိုက်ကြုံတွေရတဲ့ အရာတွေအပြင်ကိုမှ မိုးရွာတာများပြီး စိုထိုင်းထိုင်းဖြစ်နေလို့ အပင်တွေမှာ ရောဂါကျသွားတာလိုမျိုး သွယ်ဝိုက်သောနည်းအားဖြင့် ထိခိုက်တဲ့ မရေရာမှုတွေလည်း ပါဝင်ပါတယ်။ အဲ့လို မရေရာမှုတွေကိုလည်း ကြောက်ရပါတယ်။ 

(၃) နည်းပညာရပ်ဆိုင်ရာ မသေချာမှုတွေ

စိုက်ရေးပျိုးရေး မွေးမြူရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်အသစ်တွေ နည်းပညာအသစ်တွေနဲ ထုတ်ကုန်အသစ်တွေဆိုရင် အများကြီး အများကြီးထွက်တယ်။ တီထွင်လာကြတယ်။ အဲ့လို နည်းလမ်းသစ်တွေက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကြတဲ့ လုပ်ငန်းရှင်တွေအတွက် တကယ်ကောင်းတာလည်းဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။ အကုန်လုံးထဲမှာ(၁၀၀) ရာခိုင်နှုန်း အကုန်လုံးနဲ့ သင့်တော်တယ်ဆိုတာ လုံးဝမရှိတာ သေချာတယ်ဆိုတော့ မရေရာမှုတွေကလည်း ရှိနေတုန်းဆိုတာ ပြောဖို့မလို။

(၄) အဖွဲ့အစည်းဆိုင်ရာ မသေချာမှုတွေ

တစ်ဦးတစ်ယောက်ချင်းစီ လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးစီးပွားလုပ်ငန်းရှင်တွေအတွက်ကတော့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့နဲ့ အဖွဲ့အစည်းတွေဆီက အကူအညီရဖို့ဆိုတာ မရေရာတဲ့ သေချာမှုကြီးပါပဲ။ ချေးငွေအတွက်လား။ အာမခံအတွက်လား။ စုစည်းရောင်းချဖို့အတွက် လိုအပ်တာလား၊ စတဲ့အချက်တွေကလည်း ခုထိ စိုက်ပျိုးကြတဲ့ လုပ်ငန်းရှင်တွေကြားမှာ မရေရာမှုအဖြစ် ရှိနေဆဲပါ။ 

(၅) နောက်ဆုံးတစ်ချက်ကတော့ ပုဂ္ဂလိကဆိုင်ရာ မသေချာမှုတွေပါတဲ့

အမြဲတမ်း အလုပ်သမားတွေ မရနိုင်တာလိုမျိုး၊ အိမ်တွင်းရေးမှာ ကံမကောင်းမှုတွေ ရှိတာလိုမျိုး၊ ပညာရည်မပြည့်ဝတာမျိုး၊ စီမံခန့်ခွဲမှု မနိုင်တာလိုမျိုး စတဲ့တစ်ကိုယ်ရေဆိုင်ရာ မရေရာမှုတွေဖြစ်ပါတယ်။

အဲ့လို မရေရာမှုတွေ ရှိတယ်ဆိုရင်တော့ ပြန်ပြင်ဆင်ဖို့ လိုအပ်ပါတယ်၊ ပြင်ဆင်လို့မရဘူးဆိုရင်တောင် ဘယ်လောက်အထိ သေချာအောင်လုပ်မလဲဆိုတဲ့  စီမံချက်တွေလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ 

ကဲ အခုပဲ လုပ်ငန်းတစ်ခုလုံးကို ချုံငုံပြီးသုံးသပ်ကြည့်ပါ။ ဘာတွေမှာ အားနည်းချက်တွေ ရှိမလဲ။ မရေရာတာတွေ ရှိမလဲဆိုတာကို ပြန်ကြည့်ပြီးတော့ ဆင်ခြင်ကြပါဦးစို့နော်။ နောက်တစ်ခေါက်မှာတော့ အဲ့လိုမရေရာမှုတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တင်ဆက်ပေးမှာမို့ စောင့်ကြည့်ပေးပါဦး။

ထွန်းဝင်းကျော်

Reference

‘Production Economics and Farm Management’, Virender Kumar Professor (Agricultural Economics) Department of Agricultural Economics, Extension Education & Rural Sociology, COA, CSKHPAU, Palampur-176 062 (HP), India

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်