"လှရုံတင်ပဲလား.....အင်းဆက်ပိုးမွှားတွေရဲ့ရန်ကလည်း ကာကွယ်နိုင်ပါသေးတယ်"

06/06/2019 17:00 PM တွင် Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နို့နှစ်ရောင်ကစလို့ အဝါရောင်တောက်တောက်၊ အဝါဖျော့ဖျော့လေးတွေကနေ လိမ္မော်ရောင် တောက်တောက်၊ အနီရောင်ဘက်သန်းတဲ့ လိမ္မော်ရောင်တွေထိပါ တွေ့ရတဲ့ ပန်းပွင့်လေးကို မြင်ဖူးကြမှာပါ။ 

အဆုပ်လိုက် လေးတွေပွင့်တာလေးတွေလည်းရှိပြီး ဒေသအလိုက် အခေါ်အဝေါ်တွေကွဲပြားကြပါတယ်။ ချစ်တီးပန်းလို့ပြောလိုက်ရင် အများစုက သိကြပါတယ်။ ဒီပန်းလေးတွေ ရဲ့အာနိသင်က တော့ အံ့သြစရာပါ။ ကိုယ့်ရဲ့အိမ်ခြံဝန်းထဲမှာ ၆ လက်မလောက် ၃ ပေပတ်လည်လောက် စိုက်ထားရင်ဘဲ မျက်စိပသာဒလည်းဖြစ် အင်းဆက်ပိုးမွှားတွေရဲ့ရန်ကို ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။ ဒါ့အပြင် ကျွန်မတို့ရဲ့မိတ်ဆွေပိုးတွေကိုလည်း စွဲဆောင်ပြီးသား ဖြစ်စေပါတယ်။ ပန်းအရွက်တွေကိုတော့ ကြိတ်ချေပြီး ဂျပိုးပြေးအောင် သုံးနိုင်ပါတယ်။ ပွင့်ဖတ်လေးတွေကိုတော့ တစ်ချို့နိုင်ငံတွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးပါတယ်။ အစားအစာတွေအတွက် သဘာဝဆိုးဆေးအနေနဲ့လည်း သုံးလို့ရပါတယ်။

စိုက်ပျိုးနည်းကလည်း အရမ်းလွယ်ကူပါတယ်။ (ချစ်တီးပန်းစိုက်ပျိုးနည်းဆောင်းပါးကို ထပ်တင်ပေးသွားပါမယ်။)

ချစ်တီးပန်းကို ဘာကြောင့်စိုက်သင့်လဲ

အင်းဆက်ချင်းပြန်စားတတ်တဲ့ သားရဲတွေဖြစ်တဲ့ လိပ်ခုံးကျိုင်း၊ ယင်(hover flies)၊ ကပ်ပါးနကျယ်တို့လိုအကောင်တွေက ဒီပန်းတွေကို ကြိုက်ကြပါတယ်။ ပန်းတွေဆီလာရင်း ကျွန်မတို့ခြံထဲရောက်လာပြီး ခြံထဲမှာရှိတဲ့ သီးနှံဖျက်စီးမယ့်ပိုးတွေကို စားသောက်ပါလိမ့်မယ်။

သီးနှံမစိုက်ပျိုးခင်မှာ ကြိုတင်စိုက်ထားပြီး စိုက်ခါနီးမှာ ထယ်မှောက်လိုက်မယ်ဆိုရင်တော့ မြေ ကြီးထဲမှာခိုအောင်းနေတဲ့ နီမတုတ်တွေကို သေစေနိုင်ပါတယ်။ ကိုယ်ရဲ့စီးပွားဖြစ်သီးနှံနဲ့အတူ ရောစိုက်ခြင်းကတော့ အကာင်းဆုံးပါ။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း စတဲ့သီးနှံတွေမှာ ကျတတ်တဲ့ပိုးတွေကို ချစ်တီးပန်းတွေစိုက်ခြင်းက ကာကွယ်နိုင်ကြောင်း သက်သေတွေလဲရှိခဲ့တာမို့ တ ကယ်လုပ်ရင် အဟုတ်ဖြစ်မယ့် နည်းတစ်ခုပါ။ အမြစ်ကထွက်တဲ့ အရည်တွေက မြေအောင်းနီမတုတ်တွေကို ဖမ်းဆီးသုတ်သင်ပေးတာဖြစ်ပါတယ်။ ချစ်တီးပန်းမျိုးစိတ်တွေ အများကြီးထဲကမှ Tagetes patula လို့ခေါ်တဲ့မျိုး (ပုံ-၁တွင်ပြထားသော) ကတော့ နီမတုတ်မျိုးစိတ် တော်တော်များများကို သေစေနိုင်ပါတယ်။ (ပုံ - ၂) မှာပြထားတဲ့ ပန်းကိုတော့ နီမတုတ်နှိမ်နင်းဖို့အတွက် မစိုက်သင့်ပါဘူး) (ပုံ - ၁) 

(ပုံ - ၂)

သဘာဝဆန်တဲ့ ဥယျာဉ်လေးတစ်ခုဖန်တီးဖို့ နည်းလမ်းတစ်ခု...

၂၁ရာစုမှာ တဖြည်းဖြည်းရှားပါးလာနေပြီဖြစ်တဲ့ သဘာဝဆန်တာတွေကို ကျွန်မတို့အားလုံး လိုက်ရှာနေကြတဲ့အချိန်မှာ ချစ်တီးပန်းမျိုးစေ့လေးတွေနဲ့ သဘာဝဆန်တဲ့ ဥယျာဉ်လေးတစ်ခု ဖန်တီးလို့လည်းရနိုင်ပါသေးတယ်။ ကိုယ့်စိုက်ခင်းထဲက လွတ်တဲ့နေရာလေးတွေမှာ မျိုးစေ့လေးတွေ ချထားရုံနဲ့ အမြင်လှသလို ပိုးသတ်ဆေးမသုံးရတဲ့ စိုက်ခင်းလေးဖြစ်အောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ခရမ်းချဉ်စိုက်ခင်းတွေမှာ အဓိကကျတတ်တဲ့ ယင်ဖြူကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ နီမတုတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် ကာကွယ်နှိမ်နင်းပြီးသားလည်းဖြစ်တာမို့ သဘာဝအတိုင်း စိုက်ပျိုးလို့ရနိုင်ပါပြီ။ ရေသိပ်မလိုတဲ့ အပင်ဖြစ်တာကြောင့် သီးနှံကိုလည်း ထိခိုက်မှုမရှိနိုင်ပါဘူး။

ပန်းနဲ့ခတ်မယ့် စည်းရိုးခြံအတွက်...

ကျွန်မတို့စိုက်ခင်းတွေမှာ နယ်နိမိတ်တွေရှိကြမှာပါ။ တစ်ခြံနဲ့တစ်ခြံအကြား၊ ဒါမှမဟုတ် သီးနှံမတူတာတွေစိုက်ထားတဲ့ အကွက်တစ်ခုနဲ့ တစ်ခုကြားမှာ ချစ်တီးပန်းမျိုးစေ့တွေကို ၂ တန်း ၃ တန်းလောက် ကြဲထားလိုက်မယ်ဆိုရင် စည်းနယ်နိမိတ်တစ်ခုလည်းဖြစ်၊ သီးနှံအတွက်လည်း အကျိုးရှိ ၊ပုံမှန်လုပ်နေကြ ခြံစည်းရိုးတွေလိုမဟုတ်တော့ မြင်ရသူအဖို့ မိမိဥယျာဉ်ခြံလေးက စိတ်ချမ်းသာစေမှာပါ။ ဒီလို မတူညီတဲ့သီးနှံစိုက်ခင်းတွေအကြားမှာ သဘာဝစည်းရိုးလေးတွေ ထားပေးသင့်ပါတယ်။ တစ်ခြားခြံက အင်းဆက်ပိုးမွှားတွေ ကိုယ့်ခြံထဲရောက်မလာစေဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ကဲ..ခုပဲ ချစ်တီးပန်းမျိုးစေ့လေးတွေ စိုက်ခင်းထဲကနေရာလွတ်တွေမှာ လိုက်ကြဲလိုက်ကြပါစို့။

သိမ့်ဇာ

Reference - https://homeguides.sfgate.com/plant-marigolds-vegetable-gardens-53427.html

How to Plant Marigolds in Vegetable Gardens

Written by Susan Lundman; Updated December 15, 2018

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်