လယ်ယာမြေပေါ်မှာ မိုးဆောင်းနွေတို့တွင် သီးနှံတစ်မျိုးချင်းကသာမက၊ စိုက်ပျိုးသမျှသီးနှံအားလုံးမှ အထွက်ရရှိပြီး၊ စီးပွားရေးတွက်ခြေကိုက်အောင် စိုက်ပျိုးလုပ်ကိုင်သော နည်းစနစ်အမျိုးမျိုးကို စုပေါင်း၍ သီးနှံစိုက်ပျိုးထုတ်လုပ်နည်းစနစ် (Cropping Systems) လို့ ခြုံငုံခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။
မတူကွဲပြားသည့် သီးနှံအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးကာ၊ ရွေးချယ်သည့် သီးနှံအမျိုးအစားများဖြင့် တမူထူးခြားသည့် သီးနှံအတွဲများကို စိုက်ပျိုးခြင်းဖြင့် ဝေါဟာရအမျိုးမျိုး ခေါ်ဝေါ်နိုင်မှုကို ဆက်လက်ဖေါ်ပြလိုပါသည်။
သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးခြင်း (Monocropping)
လယ်ယာမြေတစ်ကွက်တည်းပေါ်တွင် တစ်ရာသီပြီးတစ်ရာသီ တစ်နှစ်ပြီးတစ်နှစ် သီးနှံတစ်မျိုးတည်းကို စိုက်ပျိုးခြင်းမျိုးဖြစ်သည်။ ပြောင်းဖူးသီးနှံကို မြေတစ်ကွက်ပေါ်တွင် တစ်နှစ်ပြီးတစ်နှစ် စိုက်တာကို ဥပမာပြလိုသည်။ ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေသည်။ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ထိန်းသိမ်းရန် အခက်အခဲဖြစ်စေသည်။ ပိုးမွှားနှင့်ရောဂါကျရောက်မှု၊ ပေါင်းမြက်ပေါက်ရောက်မှုတို့ကို အားပေးရာရောက်စေသည်။ မြေဆီသြဇာယုတ်လျော့စေပြီး မြေဆီလွှာပုံစံပျက်ယွင်းစေသည်။ ထို့ကြောင့် တစ်သီးတည်း ဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ရှားရန်လိုသည်။ သီးနှံအလှည့်ကျစိုက်ပျိုးစနစ်ကို ကျင့် သုံးပါ။ သီးညှပ်စိုက်ပျိုးစနစ်ကို ကျင့်သုံးပါဟု တိုက်တွန်းလိုပါသည်။
သီးလှည့်စိုက်ပျိုးခြင်း(Crop rotation)
တစ်ရာသီပြီးတစ်ရာသီ(သို့မဟုတ်) တစ်နှစ်ပြီးတစ်နှစ်မှာ သီးနှံအမျိုးအစား ပြောင်းလဲစိုက်ဖို့ဖြစ်သည်။ သီးနှံစိုက်ပျိုးနေတာကနေ မည်သည့်သီးနှံကိုမျှ စိုက်ပျိုးခြင်းမပြုပဲ မြေလှပ်ထားတာလည်း အကျုံးဝင်ပါသည်။
သီးလှည့်စိုက်ပျိုးခြင်းသည် မြေဆီလွှာကာကွယ်ထိန်းသိမ်းရေးအတွက် အရေးပါသည့်အခြေခံသဘောတရား သော့ချက်တစ်ခုလည်းဖြစ်သည်။ အကြောင်းမှာ သီးလှည့်စိုက်ပျိုးခြင်းက မြေဆီလွှာဖွံ့ဖြိုးအောင်၊ မြေသားဖွဲ့စည်းမှုပုံစံကောင်းမွန်အောင် အကျိုးပြုသည်။ ထိုမျှမကပါ။ ပေါင်းမြက်၊ ပိုးမွှားနှင့် ရောဂါတွေကို ကာကွယ်နှိမ်နင်းရာမှာလည် အထောက်အကူပြုလိုက်ပါသေးသည်။
သီးထပ်စိုက်ပျိုးခြင်း(Sequential cropping)
လယ်ယာမြေတစ်ကွက်ပေါ်မှာ သီးနှံနှစ်မျိုး(သို့မဟုတ်) ထို့ထက်ပိုသောသီးနှံကို စိုက်ပျိုးတာဖြစ်သည်။ တစ်နှစ်အတွင်း တစ်မျိုးပြီးမှ နောက်တစ်မျိုးကို စိုက်တာဖြစ်သည်။ အချိန် တစ်ချိန်တွင် သီးနှံတစ်မျိုးတည်းကိုသာ ဂရုပြုရပါသည်။
အချို့ဒေသများတွင် မိုးရာသီကာလအတွင်း သီးနှံနှစ်မျိုးကို စိုက်ပျိုးဖို့ အချိန်ရသည်။ နှစ်မျိုးလုံး အဓိကသီးနှံများဖြစ်ချင်ဖြစ်မည်။ တစ်မျိုးသာ အဓိကသီးနှံဖြစ်ပြီး နောက်တစ်မျိုးက မြေဆီလွှာတိုက်စားမှုမဖြစ်အောင် မြေကြီးကိုဖုံးလွှမ်းရန် စိုက်ပျိုးသည့် သီးနှံဖြစ်ချင်ဖြစ်မည်။
သီးနှံနှစ်မျိုးလုံးကို မိုးရာသီအတွင်းဖြစ်နိုင်သကဲ့သို့ ဒုတိယသီးနှံကို မြေတွင်းလက်ကျန် အစိုဓာတ်နှင့် စိုက်ပျိုးတာလည်း ဖြစ်နိုင်သည်။
အကယ်၍ တစ်သီးပြီးတစ်သီးစိုက်ပျိုးသည့် သီးနှံများသည် တစ်မျိုးနှင့်တစ်မျိူး မတူခြားနားပါက အဲဒါသည် သီးလှည့်စိုက်ပျိုးခြင်းတွင် အကျုံဝင်မည် ဖြစ်ပါသည်။
သီးညှပ်စိုက်ပျိုးခြင်း(Intercropping)
သီးနှံနှစ်မျိုး(သို့မဟုတ်) ထို့ထက်ပိုချင်ပိုမည်။ တူညီသော မြေကွက်အတွင်း တစ်ချိန်တည်း စိုက်ပျိုးခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် ပြောင်းဖူးနှင့် ပဲမျိုးစုံတစ်မျိုးမျိုးကို အတန်းခြားပြီး အလှည့်ကျစိုက်ပျိုးခြင်း(သို့မဟုတ်) ပြောင်းဖူးအတန်းတွေကြားမှာ မြေဖုံးသီးနှံကို စိုက်ပျိုးခြင်းမျိုးဖြစ်သည်။ နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်သည်။
သီးနှံနှစ်မျိုးလုံးကို ကြဲပက်စိုက်ပျိုးတာရှိသည်။ သီးရောစိုက်ပျိုးခြင်း (Mixed intercropping)လို့ ခေါ်မည်။ အလွန်လွယ်ကူသောစနစ်ဖြစ်သည်။ သို့သော် ပေါင်းမြက်နှိမ်နင်းမှု၊ ရိတ်သိမ်းမှုတို့တွင် အခက်အခဲများ ဖြစ်နိုင်သည်။ တစ်ပင်နှင့်တစ်ပင် ထိကပ်ပေါက်ရောက်လာတာဖြစ်လို့ ရေ၊ အာဟာရ၊ နေရောင်ခြည်တို့ကို ယှဉ်ပြိုင်လုယက်ရယူကြတော့သည်။
နောက်နည်းလမ်းတစ်ခုမှာ အဓိကသီးနှံကို အတန်းလိုက်စိုက်ပျိုးသည်။ ဦးစားမပေးသည့် ညှပ်စိုက်မည့် သီးနှံတွင် မျိုးစေ့ကို ကြဲပက်စိုက်လိုက်တော့သည်။
နည်းလမ်းတစ်ခုရှိသေးသည်။ သီးနှံနှစ်မျိုးလုံးကို အဓိကထားသည်။ နှစ်မျိုးလုံးကို အတန်းလိုက်စိုက်သည်။ အဲဒါကို အတန်းလိုက် သီးညှပ်စိုက်ပျိုးခြင်း (Row intercropping)လို့ ခေါ်မည်။ သီးရောစိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်လျှင် ပေါင်းမြက်နှိမ်နင်းခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းတွေကို အလွယ်တကူဆောင်ရွက်နိုင်ပါသည်။
သီးညှပ်စိုက်ပျိုးခြင်း၏ အားနည်းချက်မှာ အဓိကထားစိုက်ပျိုးသည့် သီးနှံကို သီးညှပ်သီးနှံက နေရောင်ခြည်၊ ရေနှင့် အာဟာရတို့တွင် ယှဉ်ပြိုင်မှုကတော့ ရှိနေမှာဖြစ်သည်။ သို့ဖြစ်၍ သီးနှံနှစ်မျိုးလုံးတွင် တစ်ဧကအထွက်နှုန်း လျော့နည်းနိုင်သည်ကို သတိမူရမည်ဖြစ်ပါသည်။
အကျိုးများစွာရှိသည့် သီးညှပ်စိုက်ပျိုးနည်းစနစ်တစ်ခုကို အသိပေးလိုသည်။ သီးနှံနှစ်မျိုး၊ သုံးမျိုးကို စိုက်ပျိုးသော်လည်း သီးနှံတစ်မျိုးချင်းကို သီးသန့်စိုက်ပျိုးနိုင်လောက်အောင် အကွက်ကျယ်ထားပြီး အကန့်လိုက်စိုက်ပျိုးနိုင်သည်။ အကန့်တစ်ခုစီသည် ၁၀ ပေ မှ ပေ ၃၀ ခန့် အကျယ် ထားလေ့ရှိသည်။ အကန့်လိုက် သီးညှပ်စိုက်ပျိုးခြင်း (Strip Intercropping) လို့ ခေါ်နိုင်ပါသည်။
တောင်စောင်းတွင် စိုက်ပျိုးပါက အကန့်ကို ကွန်တိုတစ်လျောက် ပြုလုပ်ခြင်းဖြင့် မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်သည်။ နောက်နှစ်တွင် အကန့်ပေါ်၌ တစ်ခြားမတူသည့်သီးနှံကို စိုက်ပျိုးခြင်းဖြင့် သီးလှည့်နိုင်ပါသည်။
ဤစနစ်သည် မြေဆီလွှာဖွံ့ဖြိုးစေရေး၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါပြဿနာများလျော့နည်းစေရေးတို့အတွက် အထူးအသုံးဝင်သည့်စနစ်ဖြစ်ပါသည်။
သီးကြိုစိုက်ပျိုးခြင်း(Relay cropping)
သီးကြိုစိုက်ပျိုးခြင်း(Relay cropping)ကိုလည်း ဖေါ်ပြလိုသည်။ သီးဆင့်စိုက်ပျိုးခြင်း၊ ရေလိုက်စိုက်ပျိုးခြင်း စသည်ဖြင့် အခေါ်အဝေါ်တွေ ခြားနားနိုင်ပါသည်။ စပါးမရိတ်မီ တမန်းအစိုလယ်ကွက်ထဲမှာ ကုလားပဲကို ကြဲပက်စိုက်ပျိုးတာကိုတော့ အများသိနိုင်မည်ဖြစ်သည်။ သီးနှံတစ်မျိုး မရိတ်သိမ်းမီ (သို့) ပန်းပွင့်ပြီးချိန်တွင် နောက်သီးနှံတစ်ခုကို စိုက်ပျိုးခြင်းဖြစ်သည်။ သီးနှံနှစ်မျိုးသည် နောက်ပိုင်းတွင် သီးညှပ်အသွင်ရှိနေသော်လည်း သီးနှံတစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်မှုမဖြစ်စေသည့် စိုက်နည်းစနစ်တစ်ခု ဖြစ်သည်။ အတန်းလိုက်စိုက်ပျိုးသည့် ပြောင်းဖူးခင်းတွင် အတန်းကြားများ၌ ပြောင်းဖူးစိုက်ပြီး ၄ ပတ် ခန့်အကြာမှာ ပဲမျိုးစုံသီးနှံကို စိုက်ပျိုးလေ့ရှိသည်ကိုလည်း သိရှိရပါသည်။
ဤသို့ဖြင့် ပိုင်ဆိုင်သည့် လယ်ယာမြေပေါ်တွင်တည်ရှိသည့် မြေဆီလွှာ၊ မိုးရေ၊ သွင်းရေရရှိနိုင်မှု၊ ဒေသ၏ရာသီဥတု၊ ဈေးကွက်၊ စိုက်ပျိုးသူ၏ နည်းပညာသိရှိမှု၊ အတွေ့အကြုံနှင့် လိုက်နာကျင့်သုံးနိုင်မှု စသည့် အရင်းအမြစ်များကို အသုံးချကာ တောင်သူလယ်သမားများအတွက် စီးပွားရေးတွက်ခြေကိုက်သော ပိုမိုတိုးတက်ကောင်းမွန်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းစနစ် (Cropping Systems) များကို ဆောင်ရွက်နိုင်ကြစေလိုပါသည်။
ဆင်းသီဟ