စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံဖျက်ပိုးမွှားများ ရောဂါများအား ကာကွယ်ခုခံနိုင်ရန် လူတို့သည် ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများအား အသုံးပြုခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဖြစ်ပါသည်။ DDT ဆိုသည်မှာ dichloro diphenyl trichloroethane ဆိုသော organochlorine insecticide တစ်မျိုးဖြစ်ပါသည်။ DDT ကို ပထမဦးဆုံး သြစတေးလျဓာတုပညာရှင် Othmar Zeidler က ၁၈၇၄ ခုနှစ်တွင် ဖန်တီးခဲ့ပါသည်။ ၁၉၃၉ ခုနှစ်တွင် ဆွစ်ဇာလန် ဓာတုပညာရှင် Paul Hermann Muller က DDT ၏အင်းဆက်များအားနိုင်သော အာနိသင်ကိုတွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် Muller အား arthropods များအား နှိမ်နင်းနိုင်သော အာနိသင်ရှိသည့် DDT အားတွေ့ရှိမှုကြောင့် ၁၉၄၈ တွင် ဇီဝကမ္မနှင့် ဆေးဝါးကဏ္ဍအတွက် နိုဘယ်လ်ဆုကို ချီးမြှင့်ခဲ့ပါသည်။
DDT ကို ဒုတိယကမ္ဘာစစ်တွင် ခြင်ကြောင့်ဖြစ်သော ငှက်ဖျားရောဂါနှင့် တိုက်ဖိုက်ရောဂါများနှင့် စစ်သားများနှင့် လူများတွင်ဖြစ်သော သန်းများအား နှိမ်နင်းရန်သုံးခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း DDT အား spray အနေနှင့် တိုက်ရိုက်လူများသို့ဖြန်းကာ တိုက်ဖိုက်နှင့် ငှက်ဖျားရောဂါကိုကာကွယ်ရန် သုံးခဲ့ပါသည်။ တားမြစ်မခံရမီအချိန်ထိ DDTသည် ငှက်ဖျားနှင့် တိုက်ဖိုက်ကြောင့်သေဆုံးမည့် လူ့အသက်ပေါင်း သန်း ၅၀၀ ခန့်ကိုကယ်တင်ခဲ့ပါသည်။
DDT ၏ လျှင်မြန်စွာသုတ်သင်နိုင်သော အစွမ်းကြောင့် တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းတွင် ဝါသီးလုံးဖောက်ပိုး၊ ပြောင်းနှံဖျက်ပိုး၊ အာလူးကျိုင်းများကို နှိမ်နင်းရန်အသုံးပြုလာကြရင်း တစ်ဆထက်တစ်ဆ တွင်ကျယ်လာခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် ရေချယ်ကာဆင်ရေးခဲ့သော "Silent Spring " စာအုပ်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးများကြောင့် ကျေးငှက်သာရကာများ သေကြေပျက်စီးလာပုံကိုဖော်ပြသောအခါ လူတို့သည် DDT ၏ ဘေးထွက်ဆိုးကျိုးများကို စတင်သတိပြုမိလာပါသည်။ ထို့ကြောင့် ၁၉၇၂ တွင် အမေရိကန်ရှိ ပတ်ဝန်းကျင်ဆိုင်ရာကာကွယ်ရေးအဖွဲ့က DDT ၏ ဘေးထွက်ဆိုးကျိုးများသည် တောရိုင်းတိရစ္ဆာန်များအား ထိခိုက်မှုရှိခြင်း၊ ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ် ထိခိုက်စေခြင်းတို့ကြောင့် တားမြစ်သည်ဟု ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ယခုအချိန်ထိ တရုတ်၊ အိန္ဒိယနှင့် မြောက်ကိုးရီးယားတို့တွင် DDT ကို ထုတ်လုပ်လျက်ရှိပါသည်။ DDT ကို ဂျပန်၊ အမေရိကန်၊ ကနေဒါ ၊ ဆွစ်ဇာလန်၊ ဟောင်ကောင်စသောနိုင်ငံများတွင် တားမြစ်ပိတ်ပင်ထားကာ အစ္စရေး၊ ကင်ညာ ၊ ထိုင်း ၊အီကွေဒေါ စသောနိုင်ငံများတွင် သုံးစွဲမှုကို ပြင်းထန်စွာကန့်သတ်ထားပါသည်။ သို့သော် DDT ကို ပြည်သူ့ကျန်းမာရေးအတွက် လိုအပ်သော အခြေအနေများတွင် မဖြစ်မနေသုံးရန်လိုအပ်ပါက သုံးနိုင်ကြောင်း ဥပဒေဖော်ပြထားပါသည်။
DDT ၏ ဆိုးကျိုးများသည် ငှက်များတွင် ဥခွံပါးခြင်း ၊ သန္ဓေသားလောင်းများသေခြင်းကိုဖြစ်စေပါသည်။ DDT ကို ဓာတ်ခွဲခန်းတွင် တိရစ္ဆာန်ငယ်များနှင့်စမ်းသပ်ရာ အသဲနှင့် မျိုးပွားမှုဆိုင်ရာ ပြဿနာများရှိကြောင်းတွေ့ရပါသည်။ လူများတွင် ရေတိုကာလအတွင်းသက်ရောက်မှုမရှိသော်လည်း ရေရှည်တွင် ရင်သားကင်ဆာနှင့် အခြားကင်ဆာများဖြစ်စေခြင်း၊ အမျိုးသားများ မြုံခြင်း၊ ကလေးပေါင်ချိန်မပြည့်ခြင်း၊ အသဲနှင့် အာရုံကြောကိုထိခိုက်စေခြင်း စသောဆိုးကျိုးများအား တွေ့ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် DDT အား တားမြစ်ထားသော နိုင်ငံပေါင်း ၃၄ နိုင်ငံရှိကာ ကန့်သတ်ထားသောနိုင်ငံလည်း ၃၄ နိုင်ငံရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း DDT ကို ငှက်ဖျားရောဂါအတွက် ရောဂါပိုးသယ်ဆောင်သော ခြင်များကို နှိမ်နင်းရန်အတွက် ၂၅ %EC/ ၁၆၉ လီတာ နှင့် ၇၅ % WP/ ၅၂၃ ကီလိုဂရမ် အထိသာသုံးရန် ထုတ်ပြန်ထားပါသည်။
အချုပ်အားဖြင့်ဆိုသော် DDT သည် ရောဂါဆိုးများ၏အန္တရာယ်မှ လူသားများကိုကယ်တင်ခဲ့သော်လည်း ၎င်း၏ အာနိသင်သည် အကျိုးပြုအင်းဆက်များ၊ ငှက်များနှင့် ငါးများအား သေကြေပျက်စီးစေခြင်း၊ အသဲနှင့်ပတ်သက်သော ရောဂါများဖြစ်စေခြင်းတို့အပြင် ရေရှည်ကာလတွင် ထိတွေ့မိသော လူသားတို့၏ ကျန်းမာရေးပြဿနာများပါ ဖြစ်ပေါ်စေသဖြင့် မဖြစ်မနေအသုံးပြုရန်လိုအပ်ပါက ထုတ်ပြန်ထားသော ပမာဏအတိုင်းသာ အသုံးပြုရန်လိုပါကြောင်း တင်ပြအပ်ပါသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ