ခြံထဲကကြက်တွေ ကိုယ့်ဥကိုယ်ပြန်စားနေကြပြီလား?

07/06/2019 15:00 PM တွင် Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီလိုပြဿနာတွေကနေ ရပ်တန့်ဖို့၊ တားစီးနိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက်လေးတွေ ရှိပါတယ်။

ကြက်မွေးမြူရေးကို စီးပွားဖြစ်လုပ်ကိုင်ကြတဲ့နေရာမှာ ဥစားကြက်ရဲ့ဝင်ငွေကလည်း မက်လောက်စရာ စီးပွားရေးလုပ်ငန်းတစ်ခုပါ။ ဒီနေရာမှာ ကြက်မတွေက ကြက်ဥတွေ ပြန်စားနေကြတယ်ဆိုရင်တော့  အလုပ်မဖြစ်လှပါဘူး။ ဒါကြောင့် စိတ်ညစ်စရာဒီလိုကိစ္စအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ရပါတယ်။

    • အသားဓာတ် လုံလောက်အောင်ကျွေးပါ။ ဥကြက်မတွေကို ကျွေးတဲ့အစာထဲမှာ အသားဓာတ် ၁၆ ရာခိုင်နှုန်း အနည်းဆုံးပါသင့်ပါတယ်။ နို့၊ ဒိန်ချဉ်၊ နေကြာစေ့လိုမျိုးအစာတွေကို ဖြည့်စွက်စာအဖြစ် ကျွေးနိုင်ပါတယ်။

    • ကြက်ဥခွံတွေ မာအောင်ထားပါ။ ကြက်ဥခွံတွေပါးတဲ့အခါ ကွဲလွယ်ပြီးစားဖို့အတွက် ပိုလွယ်ကူစေတာပေါ့။ ကယ်လ်ဆီယမ်ဓာတ် လုံလောက်အောင်ကျွေးပါ။ ကြက်ခြံထဲမှာ မတော်တဆ ကြက်ဥတွေကွဲသွားခဲ့ရင်လည်း မြန်မြန်သန့်ရှင်းရေးလုပ်လိုက်ပါ။

    • ကြက်ဝပ်ကျင်းထဲမှာ ကြက်ဥပုံစံ သစ်သားတစ်ခုခု (သို့) ဂေါ်လီလုံး ထည့်ထားပေးလိုက်ပါ။ ကြက်ဥ ဖောက်စားနေကျဖြစ်တဲ့ကြက်က သစ်သားဥကို ဖောက်စားဖို့လုပ်ရင်း မရတော့တဲ့နောက် လက်လျော့သွားမှာပါ။ ဒီလိုနဲ့ တဖြည်းဖြည်း နောက်ထပ်ကြက်ဥတွေကို ဖောက်စားဖို့ကြံစည်မှာတောင် မဟုတ်တော့ဘူးပေါ့။

    • ကြက်ဥခွံအလွတ်ထဲကို ပူစပ်စပ် အနံအရသာရှိတဲ့အရာတွေ ထည့်ထားလိုက်ပါ။ မုန်ညင်းစေ့ကြိတ်ဖတ်တွေကို နနွင်းမှုန့်နဲ့ရောနယ်ထားတဲ့ အရောအနှောလိုမျိုး ကြက်တွေမကြိုက်တဲ့အရာကို အသုံးပြုလို့ရပါတယ် ( သေသေသပ် သပ်နဲ့ ပုံစံမပျက်လေး ထည့်ဖို့တော့လိုမှာပါ။) ကြက်ဥဖောက်စားနေကျ ကြက်က ကြက်ဥအတုကိုတွေ့ပြီး အနံအရသာတွေကြောင့် တဖြည်းဖြည်း ရပ်တန့်သွားစေမှာပါ။

    • တစ်နေ့မှာ ၂ - ၃ ကြိမ်လောက်ထိ ကြက်ဥကို မှန်မှန်ကောက်နိုင်အောင်ကြိုးစားပါ။

    • ကြက်ဥတွေ ပြန့်ကျဲနေခြင်းက ကွဲတာတွေအဖြစ်များပြီး ကြက်ဥဖောက်စားဖို့အတွက် ပိုလွယ်ကူစေပါတယ်။ ဒါ့ကြောင့် ဥအုဖို့အတွက် နေရာအကန့်လေးကို ကြက်ဥမကွဲစေမယ့် အရာမျိုးတွေနဲ့ စနစ်တကျလုပ်ထားပေးပါ။ 

    • တစ်ချို့က ဥကြက်မတွေကို ဖြည့်စွက်စာကျွေးတဲ့အခါ ကြက်ဥထည့်ကျွေးလေ့ရှိပါတယ်။ ဒီနေရာမှာ ကြက်ဥအစိမ်းမကျွေးပဲ ကျက်ပြီးသားကိုသာကျွေးပါ။ ကြက်ဥအစိမ်းရဲ့အရသာကို သိသွားပြီး ကြက်ဥဖောက်စားတာတွေ ဖြစ်လာတတ်တာမို့ပါ။

    • ဥဝပ်ကျင်းကိုလည်း အလင်းရောင်မှိန်မှိန် (သို့) မှောင်နေအောင်ထားပါ။ ဒီလိုအခြေအနေရအောင် လိုက်ကာလေးတွေ တပ်ပေးထားခြင်းက နည်းလမ်းကောင်းတစ်ခုပါ။

    • ဥကြက်မ နေဖို့နေရာ ပြုလုပ်ပေးတဲ့အခါမှာလည်း လျောစောက်လေးပြုလုပ်ပေးပါ။ လျောစောက် လုပ်ပေးခြင်းဖြင့် ကြက်မတစ်ကောင်က ဥလိုက်တဲ့ကြက်ဥဟာ ကြက်မနဲ့ဝေးတဲ့စီလိမ့်သွားပြီး ကြက်ဥဖောက်စားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။

    • ကြက်တွေရဲ့ဗီဇအရ နှုတ်သီးနဲ့ ထိုးဆိတ်နေတတ်တာမို့ သူတို့အတွက် စိတ်ကြိုက်ထိုးဆိတ်လို့ရမယ့် ပစ္စည်းမျိုးတွေ ထည့်ထားပေးသင့်ပါတယ်။

အထက်ဖော်ပြပါ နည်းလမ်းတွေကို လက်တွေ့လုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ ကြက်ဥတွေအစားခံတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

ကဲ..သင့်ခြံထဲကကြက်တွေ အကျင့်ပျက်နေကြပြီလား???  ဒီနည်းလမ်းတွေနဲ့ အကျင့်တွေပြင်ပေးလိုက်ပါ။

သိမ့်ဇာ

Reference : https://backyardpoultry.iamcountryside.com/feed-health/chickens-eating-eggs-10-ways-to-stop-or-prevent-it/?fbclid=IwAR1NWrw60RQPcUMrZc3KtYwopVVDYgFQ8XQtB9lykPfGN3aWsOnS0Bs37kI


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်