ကြက်သွေးဝမ်းရောဂါ ( coccidiosis in poultry) သည် မိုးရာသီတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။
ကြက်သွေးဝမ်းရောဂါဆိုတာဘာလဲ
- ကြက်များ၏ အစာလမ်းကြောင်းအတွင်း ကပ်ပါးပိုး ( အမီးဘား ) ဝင်ရောက်ကာ အူအတွင်းနံရံများကို ပျက်စီးစေပြီး အူတွင်းနေရာအချို့ သွေးယိုထွက်ခြင်းနှင့် သွေးဝမ်းသွားခြင်းကို ဖြစ်စေသောရောဂါဖြစ်သည်။
- အစာစားနှုန်းကျခြင်း၊ အစာစားပြီး ကိုယ်အလေးချိန်မတိုးခြင်း၊ FCR ခေါ် အစာမှအသားသို့ ပြောင်းလဲနှုန်းညံ့ခြင်းတို့ကြောင့် မွေးမြူစီးပွားကို ထိခိုက်စေသည့် အစာလမ်းကြောင်းရောဂါ ဖြစ်သည်။
- ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ဖြစ်ပွားပျံ့နှံ့လျက်ရှိသည်။
ရောဂါလက္ခဏာများ
- ကြက်သွေးဝမ်းရောဂါကို ဖြစ်စေသော ပိုးမျိုးစိတ် (၇ )မျိုး ရှိသည်။ မျိုးစိတ်အလိုက် အူလမ်းကြောင်း နေရာမတူ သီးခြားတွယ်ကပ်တတ်သကဲ့သို့ တစ်နေရာတည်းတွင်လည်း မျိုးစိတ်တစ်ခုထက် ပိုမိုနေထိုင်ကြသည်လည်း ရှိသည်။
- မျိုးစိတ်အချို့က အူလမ်းကြောင်းကို ပြင်းထန်စွာပျက်စီးစေပြီး အချို့မှာမူ သိပ်မပြင်းထန်လှ။ ထို့ကြောင့်လည်း ကြက်တို့တွင် ဤရောဂါဖြစ်ပေါ်ခံစားနေရစဉ် ရောဂါခံစားရပုံချင်း မတူပေ။
- ရောဂါအပြင်းအပျော့မှာ ဝင်ရောက်သော ပိုးမျိုးစိတ်၊ ကြက်၏အသက်အရွယ်၊ ရှိနေသောကိုယ်ခံစွမ်းအားအဆင့်၊ ကြက်စားသုံးထားသော အစာအာဟာရ အဆင့်အတန်း စသည်တို့ပေါ် မူတည်ကာ ကွဲပြားမှု ရှိသည်။
- ပုံမှန်အားဖြင့် ရောဂါပိုးဝင်ရောက်ပြီး ၄-၅ ရက် အစာစားနှုန်း၊ ရေသောက်နှုန်း လျော့သွားတတ်သည်။
- မြန်မာနိုင်ငံတွင် အများစုသော မွေးမြူရေးသမားတို့မှာ အစာစား၊ ရေသောက်ပမာဏ ကောင်းစွာမှတ်သားလေ့နည်းခြင်းကြောင့် စောလျင်စွာ သိခဲသည်။
- ကြက်ငယ်များတွင် အူနံရံများ ပျက်စီးသောကြောင့် သွေးအားနည်းကာ ကုပ်၍စုနေခြင်း၊ အမွေးဖွာခြင်း၊ ကြက်ခြံနံရံသို့ တန်းစီကပ်နေကြခြင်း သွေး/ အချွဲတို့ပါဝင်သော မစင်သွားခြင်း၊ စသောရောဂါလက္ခဏာများတွေ့နိုင်ပြီး ၈ ပတ်ထက်ကြီးသောကြက်များတွင် မတွေ့နိုင်ပေ။
- ကပ်ပါးမျိုးစိတ်အလိုက်နေရာသီးသန့်ဝင်ရောက်တွယ်ကပ်လေ့ရှိသည်။
၁။ ကပ်ပါးပိုး ( E.acervulina.) မျိုးစိတ်ဝင်ရောက်ခံရပါက..
- အူသိမ်ဦး (duodenum loop ) ( ပစောက်ပုံကွေး ) တစ်လျှောက်တွင် တွယ်ကပ်သည်။
- သိပ်ပြင်းထန်ပါက အူသိမ်လယ်ထိ ဆက်လက်ပြန့်ပွား ထိခိုက်စေသည်။
- အူနံရံတွင် အဖြူရောင် အစင်းကြောင်းပမာ မြင်နိုင်သည်။ ထိုအခါ အူနံရံ ထူထဲရောင်ရမ်းနေသည်ကို တွေ့ရမည်။
၂။ ကပ်ပါးပိုးမျိုးစိတ်( E.maxima ) ၏ သားလောင်းဥ (oocysts ) ကို ကြက်ကစားမိပြိး ၄-၆ ရက်ကြာသောအခါ..
- အူသိမ်လယ်တွင် လိမ္မော်ရောင်အချွဲများဖြစ်လာပြီး အပ်ဖျားပေါက်ပမာ သွေးယိုထွက်ခြင်းကို တွေ့ရမည်။
- အူတွင်းမြှေးလွှာတွင်လည်း ထိုကဲ့သို့တွေ့ရမည်။
၃။ ကပ်ပါးပိုးမျိုးစိတ် ( E.tenella )တွယ်ကပ်ခံလျှင်..
- လွယ်ကူစွာ သိသာနိုင်ပါသည်။
- ထိုပိုးမျိုးစိတ်သည်(caecum ) အူပိတ်နံရံတွင် သွေးခဲများ တင်းကျပ်စွာပြည့်လျှက် မြင်နိုင်သည်။
ကူးစက်ပုံ
- သွေးဝမ်းရောဂါရှိသောကြက်မှ စွန့်ထုတ်လိုက်သောမစင်တွင် ပိုးဥ (Oocyst) ပါဝင်နေပါသည်။ ၎င်းသည် အစာခွက်၊ ရေခွက်၊ ကြမ်းခင်း(ကြက်နေ/အိပ်သည့်နေရာ) ပေါ်တွင် တွယ်ကပ်နေလေ့ရှိပြီး စိုစွတ်သောအခြေအနေတွင် ၁ လထိ မပျက်စီးပါ။
- ကြက်က ထို Oocyst ကို စားမိသောအခါ အစာလမ်းကြောင်းထဲရောက်သွားပြီး သားလောင်းအဆင့်ဆင့်ပြောင်း၊ ပွားများကာ အူနံရံတွင်း အကောင်ရေများစွာပေါက်ပွား ကျက်စားပြီးနောက် မစင်နှင့်အတူ အပြင်သို့ရောက်လာပါသည်။
- Oocyst တစ်လုံးသည် ၅-၇ ရက်အတွင်း နောက်ထပ် ပိုးဥ ၂-၃ သန်းထိ ပွားနိုင်ပါသည်။
ကုသခြင်း
- ၁။ သောက်ရေတွင် ၁ ဂါလံလျှင် Amprolium ၁ ဂရမ်နှုန်း 3-5 ရက်တိုက်ခြင်း
- ၂။ ဆာလ်ဖာ ( sulfamethazine )ကို သောက်ရေ ၁ ဂါလံလျှင် ၄ ဂရမ်နှုန်း ၄ ရက်ထည့်တိုက် ( ဥကြက်မ မတိုက်သင့်)
- ၃။ Toltrazuril ( Tolcox 2.5 % ) ကို ရေ ၁ ဂါလံလျှင် ဆေး ၁၃.၅ စီစီနှုန်း ( ၈ ) နာရီအထိဆက်တိုက်တိုက်ခြင်း စသည်တို့ဖြင့် ကုသနိုင်ပါသည်။
(မှတ်ချက် - သွေးဝမ်းဆေးများကို ၄-၆ လကြာလျှင် တစ်မျိုးပြောင်းသင့်)
ကာကွယ်ခြင်း
- ၁။ အစာတွင် ဆေးများထည့်သွင်းပေးခြင်း( monesin,salinomycin,lasalocid, maduramicin,semduramicin )
- ၂။ ကာကွယ်ဆေးပေးခြင်း (ဈေးကွက်တွင်ရှိနေပြီ )။
( သဘာဝအရ ကိုယ်ခံစွမ်းအားပေါ်နိုင်သော်လည်း ရေတိုမွေးသော အသားစားကြက် (37-44 ရက်)များအတွက် ပြီးပြည့်စုံသော ကာကွယ်မှုမရနိုင်ပါ )
- ၃။ ခြံတွင်းအစိုဓာတ်ထိန်းသိမ်းခြင်း( သောက်ရေများ မဖိတ်စင်အောင် ဂရုတစိုက်လုပ်ခြင်း )
- ၄။ ခြံတွင်းစီးဖိနပ်ဖြင့်သာ ခြံတွင်းဝင်ရောက်ခြင်းနှင့် ဇီဝလုံခြုံရေးကောင်းအောင်ဆောင်ရွက်ခြင်း
Dr.ညွန့်ရွှေ ( မွေးမြူဆေးကု )
Reference: V Guyonnet Coccidiosis ,Manual of Poultry Diseases, Ceva.
Maurice Pitesky, Coccidiosis in Chickens,…transmission, treatment.
Overview of Coccidiosis in Poultry.MSD MANUAL
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ