မျိုးစေ့ထုတ်စိုက်ပျိုးလျှင် မျိုးစေ့ထွက်စေချင်

11/09/2020 12:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးဖို့လိုသည်။ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးလျှင် လယ်ယာကဏ္ဍဖွံ့ဖြိုးမည် မဟုတ်ပါလား။ အနယ်နယ်အရပ်ရပ်တွင် အကျိုးဆောင်တောင်သူများ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးနေကြသည်။ မျိုးစေ့ထုတ်လုပ်ငန်းအောင်မြင်ရေးအတွက် သိရှိသင့်သည်များကို ပြောကြားလိုပါသည်။

RS to CS

    ဒါကတော့ အများစုက ပြောနေကြသောအသုံးအနှုန်းဖြစ်သည်။ RS ဆိုတာကတော့ အကျိုးဆောင်တောင်သူကြီးများ ယခုပျိုးထောင်စိုက်ပျိုးထားသည့် မျိုးစေ့၏အဆင့်ကို ပြောတာ ဖြစ်သည်။ မျိုးသန့်မျိုးပွားမျိုးစေ့(Registered Seed)လို့ ခေါ်ပါသည်။

    ထိုမျိုးသန့်မျိုးပွားမျိုးစေ့ကို အကျိုးဆောင်တောင်သူကြီးများက ဆက်လက်ပြီး စီးပွားဖြစ်မျိုးသန့်မျိုးစေ့ရရှိအောင် ပွားများနေတာဖြစ်သည်။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed) ဆိုတာ CS လို့ သုံးနှုန်းနေသော မျိုးစေ့ဖြစ်ပါသည်။ 

    အကျိုးဆောင်တောင်သူကြီးများ ယခုစိုက်ပျိုးထားသည့်စပါး ရိတ်သိမ်းချွေလှေ့သန့်စင်ပြီးချိန်တွင် ထို CS ခေါ်သော အဆင့်မီ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထွက်ရှိအောင် လုပ်ရမှာဖြစ်ပါသည်။

    စီးပွားဖြစ်မျိုးသန့်မျိုးစေ့ အဆင့်မီအောင် ထွက်ရှိလာရမည့်မျိုးစေ့တွင် ရှိရမည့်စံချိန် စံညွှန်းများကို ဖေါ်ပြလိုသည်။ မျိုးစေ့သန့်စင်မှုက အနည်းဆုံး ၉၇%၊ အပင်ပေါက်နိုင်မှုက အနည်းဆုံး ၈၀%၊ မျိုးစေ့အစိုဓာတ်က အများဆုံး ၁၃%၊ အစေ့ (၅၀၀) ဂရမ်တွင် ဆန်နီပါဝင်မှုက အများဆုံး ၅ ဂရမ်နှင့် အစေ့(၅၀၀)ဂရမ်တွင် ပေါင်းမြက်စေ့ပါဝင်မှုက အများဆုံး ၁၀ ဂရမ် ဖြစ်သည်။ ဖေါ်ပြပါစံချိန်စံညွှန်းများနှင့် ကိုက်ညီမှသာ စီးပွားဖြစ်မျိုးသန့် ဖြစ်ပါမည်။ 

    စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ထုတ်စိုက်ပျိုးစဉ် အနီးကပ်လမ်းညွှန်ကြီးကြပ် လျက်ရှိသည်။ ရိတ်သိမ်းခြင်းမပြုမီ ကွင်းဆင်းစစ်ဆေးမည်။ ထို့နောက် ရိတ်သိမ်းပြီးပါကလည်း မျိုးစေ့ဓာတ်ခွဲခန်းစစ်ဆေးမှုများ လုပ်ကိုင်ရပေဦးမည်။ အဆင့်ဆင့်အောင်မြင်မှသာ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ဟု သတ်မှတ်နိုင်မှာဖြစ်သည်။ သို့ဖြစ်၍ အကျိုးဆောင်တောင်သူကြီးများ မျိုးစေ့ထုတ်စိုက်ပျိုးမှုသည် မျိုးစေ့မဖြစ်ဘဲ ဝမ်းစာဖြစ်သွားမှာစိုး၍ နှိုးဆော်အသိပေးနေရခြင်း ဖြစ်ပါသည်။

မျိုးကွဲနှုတ်ပယ်ခြင်း

    စနစ်တကျလုပ်ကိုင်ရေးတွင် အရေးအကြီးဆုံးကတော့ မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းပင် ဖြစ်သည်။ မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို မည်သည့်အချိန်တွင် လုပ်ရမည်နည်း။ မျိုးကွဲပင်များ ပေါ်ထွက်လာတိုင်း အချိန်မရွေး ဖယ်ရှားပစ်ရမှာ ဖြစ်ပါသည်။

မျိုးကွဲနှုတ်ပယ်ရန် အရေးကြီးဆုံးသီးနှံပင်အဆင့် သုံးဆင့်ရှိသည်။ ဖေါ်ပြရလျှင်-

၁။ ပင်ပွားအများဆုံးအချိန်၊ 

၂။ ပန်းပွင့်ချိန်နှင့် 

၃။ မရိတ်သိမ်းမီအချိန်တို့ ဖြစ်ပါသည်။ 

    စပါးသီးနှံပင်၏ အဆင့်သုံးဆင့်ကို သက်တမ်း ၁၃၀ မှ ၁၃၅ ရက်ခန့်ရှိသည့် စပါးမျိုးနှင့် ဥပမာပေးပြောပြရလျှင် ပင်ပွားအများဆုံးထွက်ချိန်မှာ စပါးမျိုးစေ့မြေကျပျိုးထောင်ပြီးသည်မှ ၂၀ ရက်ခန့်မှ ရက် ၇၀ ခန့်အတွင်း ဖြစ်ပါမည်။ ထိုအချိန်ကာလအတွင်းတွင် စိုက်သည့်မျိုးထက် အပင်အရပ်အနိမ့်အမြင့်ခြားနားသောအပင်၊ အပင်ပုံသဏ္ဍာန်၊ အရွက်ပုံသဏ္ဍာန်နှင့် အရွယ်အစားကွဲပြားသောအပင်များကို နှုတ်ပယ်ရန်ဖြစ်သည်။ သို့ဖြစ်၍ စပါးမျိုးစေ့မြေကျပျိုးထောင်ပြီးသည်မှ ရက် ၆၀ ခန့်မတိုင်မီ ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းအဖြစ် ပြီးစီးအောင် ဆောင်ရွက်စေလိုပါသည်။

    ပန်းပွင့်ချိန်ကတော့ စပါးမျိုးစေ့မြေကျပျိုးထောင်ပြီးသည်မှ ရက် ၁၀၀ ခန့်တွင် ဖြစ်ပါမည်။ စပါးအနှံများ ပန်းပွင့်ဖြစ်ပေါ်မှုကိုကြည့်ပြီး ပန်းပွင့်စောလွန်းခြင်း၊ နောက်ကျလွန်း ခြင်းဖြစ်သော အပင်များကို နှုတ်ပယ်ရန် ဖြစ်သည်။ ယခုအကြိမ်သည် မျိုးကွဲနှုတ်ပယ်ခြင်း ဒုတိယအကြိမ် ဖြစ်ပါမည်။ 

    မရိတ်သိမ်းမီ တတိယအကြိမ်မျိုးကွဲနှုတ်ပယ်ခြင်းကိုတော့ စပါးမျိုးစေ့မြေကျပျိုးထောင်ပြီးသည်မှ ရက် ၁၂၀ ခန့်တွင် ဆောင်ရွက်ရန် ဖြစ်ပါသည်။ ဤအချိန်တွင် ရင့်မှည့်မှုစောလွန်း၊ နောက်ကျလွန်းသောအပင်များ၊ စိုက်သည့်မျိုးနှင့် စပါးအစေ့ပုံသဏ္ဍာန်၊ အရောင်နှင့်အရွယ်အစား ကွဲပြားသောအပင်များကို ကုန်စင်အောင်နှုတ်ပယ်ရမှာ ဖြစ်ပါသည်။

    မျိုးသန့်စင်ရေးသည် အရေးကြီးသည်ဖြစ်ရာ စပါးအထွက်လျော့နည်းမှာစိုး၍ မျိုးကွဲများကို ကုန်စင်အောင်မပယ်ခြင်း၊ ကုန်ကျစရိတ်များမှာစိုး၍ မျိုးကွဲနှုတ်ပယ်လုပ်သားချွေတာခြင်းတို့ကို ရှောင်ရှားကြစေလိုပါသည်။ 

    မျိုးစေ့ထုတ်စိုက်ပျိုးစဉ် စိုက်ခင်းအတွင်း ရေထိန်းသိမ်းခြင်း၊ ပေါင်းနှိမ်နင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း စသည့် ပြုစုဂရုစိုက်သည့်လုပ်ငန်းများကိုလည်း လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်