သစ်တော်သီးပင် စိုက်ပျိုးခြင်း

04/02/2020 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာအမည် - သစ်တော်သီး

အင်္ဂလိပ်အမည် - Pear`

သစ်တော်သီးပင်၏ မူရင်းဒေသမှာ ကမ်းရိုးတန်းဒေသများဖြစ်ကာ ဥရောပ၏ သမပိုင်းနေရာများ၊ အာဖရိကမြောက်ပိုင်းနှင့် အာရှဒေသများတွင်လည်း စိုက်ပျိုးကြပါသည်။ သစ်တော်သီးပင်မှရရှိသော သစ်သားကို အရေအသွေးမြင့် လေမှုတ်တူရိယာများနှင့် အိမ်ထောင်ပရိဘောဂများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ကမ္ဘာတစ်ဝန်းတွင် သစ်တော်သီးမျိုးကွဲပေါင်း ၃၀၀၀ ခန့် စိုက်ပျိုးနေကြပါသည်။ သစ်တော်သီးကို အချိုပွဲအနေဖြင့် စားသုံးကြရုံသာမက စည်သွပ်ဗူးများပြုလုပ်ခြင်း၊ ဖျော်ရည်နှင့် သစ်သီးခြောက်များပြုလုပ်ခြင်း စသည်ဖြင့် ပုံစံမျိုးစုံနှင့် ထုတ်လုပ်ရောင်းချနေကြပါသည်။

ရာသီဥတု

သစ်တော်သီးပင်သည် အနိမ့်ဆုံးအပူချိန် အနုတ် ၂၇ ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံး အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာ ဖြစ်ထွန်းရှင်သန်ကြပါသည်။ သစ်တော်သီးပင်သည် ရာသီဥတုအေးသောကာလများ၌ ပန်းပွင့်များ ထိခိုက်ပျက်စီးလေ့ ရှိပါသည်။ ရာသီဥတုဆိုးရွားပြီး မိုးသီးကြွေလေ့ရှိသော ဒေသများတွင် အပင်နှင့် အသီးများအား ထိခိုက်နိုင်သောကြောင့် ၎င်းဒေသများတွင်စိုက်ပျိုးရာ၌ ဂရုပြုသင့်ပါသည်။

မြေဆီလွှာ

သစ်တော်သီးပင်သည် ရေစိမ့်ဝင်မှုအားကောင်းပြီး မြေဆီသြဇာထက်သန်သောမြေများတွင် ဖြစ်ထွန်းရှင်သန်နိုင်ပါသည်။ ရွံစေးမြေဆန်သော မြေစေးကို ပို၍ ကြိုက်နှစ်သက်ပါသည်။ မြေစိုစွတ်မှုကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်နှစ်သက်ပါ။ မြေချဥ်ငံကိန်း ၅.၅ မှ ၇.၅ အတွင်း၌ ကောင်းစွာဖြစ်ထွန်းပါသည်။ မြေချဥ်ငံကိန်းများပါက သံဓာတ်ချို့တဲ့မှု ဖြစ်နိုင်ပါသည်။ နိုက်ထရိုဂျင်ဓာတ် လွန်ကဲစွာ များနေသော မြေတွင်စိုက်ပျိုးပါက ပိုးမွှားနှင့်ရောဂါကျရောက်မှုများ ရှိနိင်ပါသည်။

မြေပြင်ခြင်းနှင့် စိုက်ပျိုးခြင်း

စိုက်ပျိုးမည့် မြေနေရာကိုရွေးချယ်ပြီး ပေါင်းပင်နှင့် အပင်အဟောင်းများကို ဦးစွာရှင်းလင်းရပါမည်။ ထို့နောက် စိုက်ပျိုးမည့်နေရာတွင် ထယ်နှစ်ကြိမ်ထိုးကာ ရေဝပ်ခြင်းမဖြစ်အောင် မြေကိုညီအောင် ညှိရမည်ဖြစ်ပါသည်။ ပင်ကြားတန်းကြား အကွာအဝေးသည် စိုက်ပျိုးမည့်မျိုး၊ မြေဆီသြဇာထက်သန်မှု၊ အမြစ်ကြီးထွားနိုင်မှုနှင့် ရာသီဥတု အခြေအနေများအပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။ ပင်ကြား တန်းကြား (၂၂×၁၆) ပေ ဖြင့်စိုက်ပျိုးပါက ၁ ဧကလျှင် အပင်ဦးရေ ၁၂၄ ပင် ဝင်ဆန့်မည် ဖြစ်ပါသည်။ ပင်ကြား တန်းကြား (၆×၆) ပေ ဖြင့်စိုက်ပျိုးပါက ၁ ဧကလျှင်အပင်ဦးရေ ၁၂၁၀ ပင် ဝင်ဆန့်မည် ဖြစ်ပါသည်။ အပင်စိုက်ပျိုးရန်အတွက် အချင်း ၂၅ လက်မ၊ အနက် ၂၅ လက်မ ဝန်းကျင်ရှိ ကျင်းများတူးရန် လိုအပ်ပြီး ၎င်းကျင်းများထဲသို့ သဘာဝမြေသြဇာနှင့် မြေဆွေးများ ထည့်ပေးရန် လိုအပ်ပါသည်။ သစ်တော်သီးကို ဒီဇင်ဘာလမှ ဖေဖော်ဝါရီ လလယ်အတွင်း စိုက်ပျိုးကြသလို တောင်ပေါ်ဒေသများတွင် နွေဦးရာသီ၌ စတင်စိုက်ပျိုးကြပါသည်။

အပင်မျိုးပွားခြင်း

အပင်မျိုးပွားရာတွင် အစေ့မှ မျိုးပွားနိုင်သကဲ့သို့ ကိုင်းကူကိုင်းဆက် ပြုလုပ်ခြင်း၊ အမြစ်ဖြတ်မျိုးပွားခြင်း၊ အဖူးသွင်းခြင်း စသည့် နည်းလမ်းများဖြင့် မျိုးပွားနိုင်ပါသည်။

မြေသြဇာ ကျွေးခြင်း

ယေဘူယျအားဖြင့် သက်တမ်း ၁၀ နှစ် ဝန်းကျင်ရှိသော အပင်များတွင် ကောင်းစွာဆွေးမြေ့သော သဘာဝမြေဆွေး ၁၇၆ ပေါင်မှ ၁၉၈ ပေါင် (၈၀ - ၉၀) ကီလိုဂရမ် ထိထည့်သွင်းပေးရမည်ဖြစ်ပါသည်။ မြေသြဇာကျွေးရာတွင် ယူရီးယား မြေသြဇာ ၁.၅ ပေါင်၊ တီစူပါ မြေသြဇာ ၀.၈ ပေါင်၊ ပိုတက်မြေသြဇာ ၁.၅ ပေါင် စသည်ဖြင့် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။ တီစူပါနှင့် ပိုတက်မြေသြဇာများကို မြေပြုပြင်သည့်အချိန်တွင် မြေဆွေး၊ နွားချေး တို့ဖြင့် တစ်ပါတည်း ရောကျွေးနိုင်ပါသည်။ ယူရီးယားမြေသြဇာကို ၂ ကြိမ် ခွဲကျွေးရမည် ဖြစ်ပါသည်။ ပထမအကြိမ်မှာ ပန်းမပွင့်မီ ၂၁ ရက်အတွင်း ကျွေးရမည် ဖြစ်ပါသည်။ ဒုတိယ အကြိမ်မှာ သီးကင်းစဝင်ချိန်တွင် ကျွေးရမည်ဖြစ်ပါသည်။

ရေသွင်းခြင်း

အပင်စိုက်ပြီးသည်နှင့် ချက်ချင်း ရေပေးရမည် ဖြစ်ပါသည်။ စိုက်ပြီး ၃ ရက်အကြာတွင် ရေထပ်သွင်းပေးရမည် ဖြစ်ပါသည်။ ထို့နောက် မိမိ၏ စိုက်ခင်း အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ရေသွင်းရမည် ဖြစ်ပါသည်။ မိုးတွင်းကာလဖြစ်ပါက အပင်များ ရေမဝပ်စေရန် သတိပြုရမည် ဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ ရေဝပ်ပါက အသီး၏ အရောင်နှင့် အရည်အသွေးတို့ကို ထိခိုက်နိုင်ပါသည်။

ပိုးမွှားနှင့် ရောဂါ

သစ်တော်သီးပင်များတွင် ပင်နာကျရောဂါ၊ အမြစ်ပုပ်ရောဂါ၊ မှဲ့ပြောက်စွန်း ရောဂါ၊ ပင်ညှိုးရောဂါ၊ ရွက်လိပ်ပိုး၊ ဖလံပိုး စသည့် ပိုး၊ ရောဂါများ ကျရောက်လေ့ရှိပါသည်။

သက်တမ်းနှင့် ခူးဆွတ်ချိန်

သစ်တော်သီးပင်များ၏ မူရင်းသက်တမ်းမှာ နှစ်ပေါင်း ၅၀ မှ ၇၅ နှစ် ဝန်းကျင် အထိ ရှိပါသည်။ သို့သော် စိုက်ပျိုးထားသော သစ်တော်သီးပင်အများစုမှာ သက်တမ်း ၁၀ နှစ် မှ ၁၅ နှစ်ဝန်းကျင်ကျော်ပါက အသီးထွက်နှုန်း ကျဆင်းလာသောကြောင့် ၎င်း၏ သက်တမ်းမကုန်ခင်၌ အပင်အသစ်များနှင့် ပြန်လည် အစားထိုးလေ့ရှိကြပါသည်။ အပင်ကို စတင်စိုက်ပျိုးသည့် အချိန်မှ ၃ နှစ် သက်တမ်းအကြာတွင် သစ်တော်သီး စတင်သီးလာမည် ဖြစ်ပါသည်။ သို့သော် အပင် သက်တမ်း ၅ နှစ်မှ ၇ နှစ် ရောက်မှသာ အသီးများများ ရရှိမည် ဖြစ်ပါသည်။ ပန်းပွင့်ပြီး ၁၁၅ ရက်မှ ၁၆၅ အကြာတွင် ခူးဆွတ်နိုင်ပါသည်။ အသီးခူးဆွတ်ချိန်သည် မျိုးအပေါ်မူတည်ပြီး သြဂုတ်လမှ အောက်တိုဘာလ အတွင်းခူးဆွတ်ကြပါသည်။

ဇင်ထူးနိုင်

ကိုးကားချက်

https://www.agrifarming.in/pear-fruit-farming

https://homeguides.sfgate.com/long-grow-pears-79479.html


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်