ယာကွန် သီးနှံ၏ မူရင်းဒေသမှာ ဥရောပဖြစ်ပြီး နောက်ပိုင်းတွင် ဘရာဇီးလ်၊ မက္ကဆီကို၊ ကိုရီးယား နှင့် ဂျပန်နိုင်ငံများ သို့ ပြန့်နှံ့လာခဲ့ပါသည်။ ယာကွန် အပင်၏ မြေပေါ်မြေအောက် အစိတ်အပိုင်းများမှာ အသုံးဝင်သလို ကျန်းမာရေးအတွက်လည်း ဆေးဖက်လည်း ၀င်သည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် ယာကွန်သီးနှံကို မြေအောက် ပန်းသီး ဟူ၍လည်း တင်စား ခေါ်ဝေါ်ကြပါသည်။ ယာကွန်ပင်များကို မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများ ဖြစ်သော ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးသည်ကို တွေ့ရပါသည်။
မြေဆီလွှာ
ယာကွန်သီးနှံမှာ မြေပွယောင်းပြီး မြေဆီသြဇာ ကြွယ်ဝကာ ရေစိမ့်ဝင်မှု အားကောင်းသော မြေများတွင် ကောင်းစွာဖြစ်ထွန်း ရှင်သန်နိုင်ပါသည်။ မြေချဥ်ခြင်း၊ ငံခြင်းကို ကောင်းစွာခံနိင်ရည်ရှိသော အပင်ဖြစ်ပါသည်။ ယာကွန်သီးနှံအတွက် အကောင်းဆုံး မြေ ချဥ်၊ ငံကိန်းမှာ ၆ မှ ၆.၅ အတွင်းဖြစ်ပါသည်။
ရာသီဥတု
ယာကွန် သီးနှံကို ပင်လယ်ရေ မျက်နှာပြင် အမြင့် မီတာ ၈၀၀ မှ ၂၈၀၀ အတွင်းရှိ ဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။ အသင့်တော်ဆုံး အပူချိန်မှာ ၁၈ ဒီဂရီ စင်တီဂရိတ် မှ ၂၅ ဒီဂရီ စင်တီဂရိတ် အတွင်း ဖြစ်ပါသည်။ စိုက်ပျိုးသော ဒေသသည် အပူချိန်မြင့်မားပါက အပင်ကြီးထွားမှုအတွက် အနှောက်အယှက် ဖြစ်စေပြီး အရွက်များ ထိခိုက်ပျက်စီးနိုင်ပါသည်။ ယာကွန် သီးနှံသည် အအေးလွန်ကဲသော ရာသီ ဥတုကိုလည်း ခံနိုင်ရည် မရှိသည်ကို တွေ့ရပါသည်။
စိုက်ပျိုးခြင်း
ယာကွန် သီးနှံကို အစေ့မှ မျိုးပွား စိုက်ပျိုးနိုင်သလို မြေအောက်ရှိ အမြစ်ယောင် ပင်စည်ပွားမှ တစ်ဆင့်လည်း ဖဲ့ယူစိုက်ပျိုးနိုင်ပါသည်။ ယာကွန်ပင်များအား ဧပြီလနှင့် မေလတို့တွင် အများဆုံး စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးရာတွင် အသင့်တော်ဆုံး မြေအနက်မှာ ၄ လက်မ ဝန်းကျင် ဖြစ်ပါသည်။ အသင့်တော်ဆုံး ပင်ကြားတန်းကြား အကွာအဝေးမှာ (၃×၃) ပေ ဖြစ်ပြီး ၁ ဧကလျှင် အပင်ဦးရေ ၁၀၀၀ ခန့်ဝင်ဆန့်ပါသည်။
ရေလိုအပ်ချက်
စိုက်ပျိုးပြီး ၃ ပတ်မှ ၄ ပတ်အတွင်း ရေပုံမှန် လောင်းပေးရမည် ဖြစ်ပါသည်။ အပင်ကြီးထွားနေစဥ်ကာလအတွင်း မြေအစိုဓာတ် ပုံမှန်ရှိနေပါက ရှင်သန် ကြီးထွားစေရန် များစွာ အထောက်အကူ ပြုပါသည်။ ယာကွန် သီးနှံသည် နှစ်စဥ်မိုးရေချိန် ၃၁ လက်မ ဝန်းကျင်ရှိပါက ကောင်းစွာရှင်သန်ဖြစ်ထွန်း နိုင်ပါသည်။
အပင်ပြုစု စောင့်ရှောက်ခြင်း
ယာကွန်ပင်သည် အခြားသော သီးနှံပင်များထက် အပင်စောင့်ရှောက်မှု အနည်းငယ်သာ လိုပါသည်။ ယာကွန်ပင်များ စိုက်ပျိုးရာတွင် ဘောင်ဖြင့် စိုက်ပျိုးကြသောကြောင့် လက်ပေါင်းလိုက်ခြင်းကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ ယာကွန်စိုက်ပျိုးရာတွင် နွားချေး၊ မြေဆွေး စသည့် သဘာဝမြေသြဇာများ အသုံးပြုခြင်းက အပင်အတွက် များစွာ အကျိုးရှိကြောင်း ထောက်ခံချက်များရှိပါသည်။ ယူရီးယား၊ ပိုတက်ရှ် စသော မြေသြဇာများ အသုံးပြုနိုင်ပြီး ယူရီးယား မြေသြဇာ အလွန်အကျွံထည့်သွင်းပါက အမြစ်ကြီးထွားမှုကို ထိခိုက်စေနိုင်ပါသည်။
ပိုးမွှားနှင့် ရောဂါ
ယာကွန်ပင်တွင် ပိုး၊ ရောဂါအနေဖြင့် ဂျပိုးအနွယ်ဝင် ပိုးများ၊ အရွက်စား ပိုးလောက်ကောင်များ၊ နီမတုတ်၊ အမြစ်ပုပ်ရောဂါ၊ ပင်ညှိုးရောဂါ၊ ပင်စည်ပုပ်ရောဂါ စသည်တို့ ကျရောက်ဖျက်စီး သည်ကို တွေ့ရပါသည်။
ရိတ်သိမ်းခြင်း နှင့် အထွက်နှုန်း
ယာကွန်ပင်၏ အရွက်များကို သြဂုတ်လအတွင်းမှ အောက်တိုဘာလအတွင်း ခူးဆွတ်ကြပါသည်။ ထို့နောက် နေလှန်း အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် ပြုလုပ်ပြီး သောက်သုံးကြပါသည်။ အမြစ်ဥများကို ဒီဇင်ဘာလမှ ဇန်နဝါရီ အတွင်း နှုတ်ယူကြပါသည်။ နှုတ်ယူထားပြီးသော အမြစ်ဥများကို အစိမ်းအတိုင်း သရေစာ အဖြစ်စားသုံးနိုင်ပါသည်။ အရွက်၏ ပျမ်းမျှ အထွက်နှုန်းမှာ ၁ ဧကလျှင် ပိဿာ ၂၀၀ မှ ၃၀၀ အထိ ထွက်ရှိပြီး အမြစ်ဥ၏ အထွက်နှုန်းမှာ ၁ဧကလျှင် ပိဿာ ၄၀၀၀ မှ ၅၀၀၀ အထိ ထွက်ရှိပါသည်။
သိုလှောင်ခြင်း
ယာကွန်ဥများ သိုလှောင်ရာတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားပြီး အေးမြခြောက်သွေ့သော နေရာတွင် သိုလှောင်ရပါမည်။ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ပါက ယာကွန်ဥ၏ အချိုဓာတ်များ လျော့ကျ သွားမည်ဖြစ်ပါသည်။ မျိုးအဖြစ် ကြာရှည်စွာ သိုလှောင်မည်ဆိုပါက အပူချိန် ၄ ဒီဂရီ စင်တီဂရိတ် ရှိသောနေရာတွင် သိုလှောင်ထားရမည် ဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
-Huamán W. (1991): Characterization and evaluation of 45 clones of yacon (Smallanthus
sonchifolius, H. Robinson)in Cajamarca. UNC, Peru. (In Spanish)
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ